မသေခင်က ကြိုတင်ပြီး ဗိမာန်ပေါက်နေတဲ့ ဆွမ်းအလှူရှင် အမေကြီး

ညောင်လေးပင်ဆေးရုံပေါ်မှာ…သက်ရွယ်တော်( ၈၉ )နှစ်ရှိပြီဖြစ်တဲ့ဆရာတော်ကြီး ဦးဇာဂရဟာနာမကျန်းဖြစ်လို့ ဆေးကုသမှု ခံယူရာကနေ တစ်နေ့မှာတော့ သတိလစ်ပြီး မေ့မြောသွားခဲ့ပါတယ်။

“အင်း…ငါ…ဘယ်ကိုများ ရောက်နေပါလိမ့်..ဧကန္တ…ငါအခု နတ်ပြည်ကို ရောက်နေတယ် ထင်ပါရဲ့။”သူ့ဗိမာန်နဲ့သူ စောင်းငြှင်းပတ်သာ တူရိယာတွေ တီးမှုတ် ကခုန်နေလိုက်ကြတာ။

ဟော…ဒီ ဗိမာန်ကြီးကလည်း ရွှေရောင်တွေ ဝင်းထိန်နေပါရောလား…နတ်သမီးတွေကလည်း ပြည့်လို့။ ဘယ်လို ကုသိုလ်ကောင်းမှုကြောင့်များပါလိမ့်…ငါ မေးမြန်းကြည့်ဦးမှပါပဲ။

အို အသင်နတ်သမီးတို့…ဤဗိမာန်ပိုင်ရှင်ကား မည်သူဖြစ်ပါသလဲ-?မှန်လှပါဘုရား…ဗိမာန်ပိုင်ရှင်က ရောက်မလာသေးပါ။လူ့ပြည်မှာပဲ ရှိနေဆဲပါဘုရား။

သက်တော်ပြည့်လို့ နေ့စေ့ကံကုန်မှရောက်လာမှာမို့တပည့်တော်မတို့ ပျင်းလှပါသည်ဘုရား…လူ့ပြည်ပြန်ရောက်တဲ့အခါ ဗိမာန်ပိုင်ရှင်ကိုတပည့်တော်မတို့ စောင့်မျှော်နေတဲ့ အကြောင်းပြောကြားပေးပါဘုရား…

ကောင်းပါပြီ ဒကာမတို့။ဗိမာန်ပိုင်ရှင်ကို ပြောကြားပေးပါ့မယ်။အမည်နာမနဲ့ နေထိုင်တဲ့နေရပ်ဒေသကိုသာလျှောက်ထားပါလေ…

မှန်လှပါဘုရား…ပဲခူးတိုင်း ဖြူးမြို့နယ် ဝဲကြီးအောက်ခုံရွာက ဒေါ်ကုလားမပါ ဘုရား…ဟော…ဆရာတော်ကြီး သတိရလာပြီဟေ့…

မောင်ပဉ္ဇင်းတို့…ငါပြောတာကို စာရွက်နဲ့ သေချာ လိုက်ရေးထားစမ်းကွဲ့။ပဲခူးတိုင်း ဖြူးမြို့နယ် ဝဲကြီးအောက်ခုံရွာကဒေါ်ကုလားမတဲ့…

ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာတဲ့ အတွက် ဆရာတော်ကြီးဟာ ဆေးရုံကနေ ဆင်းပြီးတဲ့အခါ သူမှတ်ခိုင်းထားတဲ့ လိပ်စာအတိုင်း ရဟန်းတော် နှစ်ပါးကို

မောင်ပဉ္ဇင်းတို့…ဗိမာန်ပိုင်ရှင်ဆီကို သွားပါ။ဘာကြောင့်မသေခင်ကပဲ နတ်ပြည်မှာ ဗိမာန်ပေါက်တဲ့အထိဘယ်လိုကုသိုလ်ကောင်းမှုတွေများ ပြုလုပ်သလဲလို့ သေချာမေးမြန်း စုံစမ်းခဲ့ပါ ဆိုပြီး ခိုင်းလိုက်ပါတယ်။

ဝဲကြီးအောက်ခုံရွာမှာ ဒေါ်ကုလားမကို မသိတဲ့လူ မရှိပေ။ဒေါ်ကုလားမက မုဆိုးမပါ။သမီးလေးတစ်ယောက်နဲ့ ပဲပြုတ်ရောင်းစားတယ်တဲ့။

ရဟန်းတော်နှစ်ပါးဟာ ယိုင်နဲ့နဲ့ တဲလေးထဲဝင်သွားပြီးဒေါ်ကုလားမနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့တဲ့အခါဆရာတော်ကြီး မိန့်ကြားလိုက်တဲ့အတိုင်းအကျိုးအကြောင်း ပြောပြပြီး

ဒေါ်ကုလားမရဲ့ ကုသိုလ်ကောင်းမှုတွေကိုမေးမြန်းကြပါတယ်။

အရှင်ဘုရားတို့…တပည့်တော်မက ဆင်းရဲပါတယ်ဘုရား…တခြားသူတွေလို ထောင်သောင်းချီပြီးမလှူဒါန်းနိုင်ပေမဲ့မနက်အာရုဏ်တစ်ကြိမ် နေ့ဆွမ်းတစ်ကြိမ်တော့ ဘုရားရှင်ကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်ဘုရား။

သြော်…ဟုတ်လား…ဒါနဲ့ ဒကာမကြီးရဲ့ဘုရားရှင်ကို ဆွမ်းကပ်လှူဒါန်းပုံကိုဦးဇင်းတို့ သိပါရစေ ဒကာမကြီး။ တင်ပါ့ဘုရား…

ဆွမ်းကပ်လှူဒါန်းပုံ

တပည့်တော်မဟာ မနက်အာရုဏ်တက်တာနဲ့အသင့်ချက်ပြီးတဲ့ဆွမ်းကို စားပွဲခုံနဲ့ သေချာပြင်ဆင်ပါတယ် ဘုရား။လက်ဆေးတော်ရေ သောက်တော်ရေလက်သုပ်ပုဝါတွေအပြည့်အစုံတင်ပြီး

သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တိုင်ကြွရောက်ဘုန်းပေးနေသလို အာရုံပြုလို့ဒါက လက်ဆေးတော်ပါ ဘုရား ဒါက သောက်တော်ရေပါ ဘုရားလို့ လျှောက်ထားဆက်ကပ်

အနားကနေ ယပ်ခတ်ပြီးတော့ လှူဒါန်းပါတယ် ဘုရား…တပည့်တော်မလည်း သူများတွေလိုသားငါးနဲ့သေချာချက်ပြုတ်ပြီး လှူဒါန်းချင်ပေမယ့်မတတ်နိုင်တဲ့အတွက် နေ့စဉ် ပဲပြုတ်နဲ့သာ လှူဒါန်းနိုင်ပါတယ်။

တခါတရံ ဈေးရောင်းပြီးပြန်လာတဲ့အခါ ငနုပ်ငဖွဲလေးများ ဝယ်လာပြီးတပည့်တော်တို့မစားပဲ ဘုရားရှင်ကိုသာ လှူဒါန်းပါတယ်ဘုရား…

ကောင်းလိုက်တာ ဒကာမကြီးရယ်…ဦးဇင်းတို့ လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ်။

အင်း…ဒကာမကြီးရဲ့ အားကြီးတဲ့သဒ္ဓါတရားကြောင့် နတ်ပြည်မှာ ဗိမာန် ကြိုပေါက်နေတာကိုး…

ဒါနဲ့ ခုလိုလှူဒါန်းခဲ့တာဘယ်လောက်များကြာပြီလဲ ဒကာမကြီး-?မှန်လှပါ…သမီးလေးတစ်သက် အနှစ်နှစ်ဆယ် တိုင်ခဲ့ပါပြီ ဘုရား …

ဒကာမကြီးရဲ့ကုသိုလ်ကို ဦးဇင်းတို့ကိုလည်း အမျှပေးဝေပါ ဒကာမကြီး။သာဓုခေါ်ဆိုပါရစေနော်…

တပည့်တော်မသည်…ဘုရားရှင်အားရည်မှန်း၍ နေ့စဉ်ဝတ်မပြတ်အာရုဏ်ဆွမ်း နေ့ဆွမ်းများဆပ်ကပ်လှူဒါန်းရသော ကောင်းမှုကုသိုလ်အစုစုတို့ကိုအရှင်ဘုရားတို့နှင့်တကွ

သုံးဆယ့်တစ်ဘုံသား အားလုံးတို့အား အမျှ အမျှ အမျှပေးဝေငှပါကုန်၏။အားလုံးကြားကြားသမျှအမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့…။

Copy(ပြန်လည် ဓမ္မဒါန ပြုပါသည်)

(ZAWGYI)