နွေဦးထီ ရောင်းချ၊ အားပေးသူကို ဖမ်းဆီးထောင်ချမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

NUG ၊ CRPH အဖွဲ့က ဆောင်ရွက်မယ့် ထီဖွင့်လှစ်ဆောင်ရွက်မှုအပေါ်မှာ ကိုယ်တိုင်ပါဝင် ဆောင်ရွက်တာ၊ အားပေးအားမြှောက်ပြုတာ ဒါမှမဟုတ် တနည်းနည်းနဲ့ ပါဝင်အောင်လှုံဆော်တာတွေကို

စစ်ဆေးတွေ့ရှိရင်လောင်းကစားဥပဒေ၊ ရာဇသတ်ကြီးဥပဒေအရ တရားစွဲဆို ဖမ်းဆီးထောင်ချသွားမယ်လို့ စစ်ကောင်စီခန့် အမြဲတမ်းအတွင်းဝန်က သြဂုတ် ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။

ဒါ့အပြင် ဖမ်းဆီးစစ်ဆေးနေစဉ်ကာလအတွင်း ဖြစ်ပေါ်လာမယ့်နောက်ဆက်တွဲအမှုတွေနဲ့ ပတ်သက်ပြီးလည်း လုံးဝတာဝန်ယူမှာ မဟုတ်‌ကြောင်းအကြမ်းဖက်စစ်ကောင်စီက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က “အောင်လံလွှင့်ချီနွေဦးထီ” ဆိုတဲ့အမည်နဲ့ ထီရောင်းချ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဒီအတွက် NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ပြင်ဆင်ပေးပို့လာတဲ့ လောင်းကစားဥပဒေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက အတည်ပြု ပြဋ္ဌာန်းတယ်လို့ ဩဂုတ် ၆ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

ပြီးတော့ စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုဉ်းပျောက်ကွယ်သွားစေရေး ဖက်ဒရယ် ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ဖြစ်ထွန်းလာစေရေးအတွက် မဆုတ်မနစ် တော်လှန်နေကြတဲ့ CDM ဝန်ထမ်းတွေကို ထိထိရောက်ရောက် ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။

Crd-Orginal Post