မမြင်ရသော ပျောက်ကြား ရန်သူများကို ရင်ဆိုင်နေရပြီဖြစ်တဲ့ အာဏာသိမ်းအဖွဲ့

ပြည်သူ့ ပျောက်ကြားစစ်

************************

အမျိုးသား ညီညွတ်ရေး အစိုးရ၏ တိုက်ပွဲ ခေါ်သံ နှင့် အတူ ပြည်သူတို့၏ တွန်းလှန်စစ်ပွဲများက ပြောက်ကျားစစ် အသွင်ဖြင့် အရှိန်အဟုန် မြင့်တက်လာနေပြီ ဖြစ်သည်။ ယင်း နှင့်အတူ မင်းအောင်လှိုင် သစ္စာခံ တပ်များမှာ အထိ နာသည်ထက် နာလာပြီ ဖြစ်သည်။ ရန်ကုန်တွင်လည်း ပေါက်ကွဲမှုများ နှင့် အတူ အခြေအနေများက မတည်ငြိမ်တော့၊

တင်းမာမှုများ မြင့်တက်လာနေပြီ ဖြစ်သည်ဟု မြန်မာ နောင်း က ရေးသားထားသည်။ အာဏာသိမ်း အဖွဲ့က PDF များကို လက်ခံထားသူများ၏ အိမ်ကိုပင် နိုင်ငံပိုင် သိမ်းမည်ဟုပင် ခြိမ်းခြောက်လာနေရပြီ ဖြစ်သည်။

သို့သော် ၎င်း၏ အလိုတော်ရိများက မည်သို့မျှ မဖြစ်လေဟန်၊ ငြိမ်းချမ်းနေလေဟန် ဝါဒ ဖြန့်ဖို့ ကြိုးစားနေသော် လည်း ဖုံးမရ ဖိမရအောင် ဒေါသအမျက်ချောင်းချောင်း ထွက်နေသူက မင်းအောင်လှိုင်ပင် ဖြစ်သည်။

၎င်းတို့အား ပြောက်ကျားစစ်ဖြင့် ဆင်နွှဲလာနေသည်ကို သဘောမပေါက်၊ ပြောက်ကျားစစ်ပွဲ ဆိုသည်မှာ မမြင် ရသော ရန်သူ နှင့် ရင်ဆိုင်နေရခြင်းမျိုး ဖြစ်သည်။ ထိတ်တိုက်ရင်ဆိုင်တွေ့မှုကို ရှောင်ရှားပြီး မိမိတို့ဖက်မှ အခွင့်အ‌ရေးသာသည်နှင့် ရန်သူကို အမှည့်ချွေသည့် စစ်ဆင်‌ရေး မျိုးပင် ဖြစ်၍ လက်နက်အင်အား လွန်စွာ သာလွန်ကောင်းမွန်ပါသည်

ဆိုသော အင်အားကြီး နိုင်ငံ ဖြစ်သည့် အမေရိကန်တို့ပင် အီရတ်၊ အာဖဂန်နစ္စတန် နှင့် ဗီယက်နမ် တို့မှ အရှက် တကွဲ ဆုတ်ခွာပေးနေရသည်။ မင်းအောင်လှိုင်၏တပ်များလို လူထု၏ ထောက်ခံမှု စိုးစိမျှ မရသူများ အဖို့ မည်မျှ ကြာကြာ တောင့်ခံနိုင်ပေမည်နည်း။ အကျအဆုံးများလာသည် နှင့် အမျှ ပြိုကွဲဖို့က တဖြေးဖြေး နီးကပ်လာနေ လေသည်။

တော်လှန်ရေး တပ်ဖွဲ့များက လည်း ရင်ဆိုင်တိုက်ပွဲများကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး ရန်သူကို အမှည့်ချွေ ချွေကာ စိတ်ဓါတ်ပျက်ပြားအောင် တိုက်ခိုက်သွားမည်သာ ဖြစ်သည်။

၎င်းတို့ ဖက်က မမြင်ရသော ရန်သူများကို ရင်ဆိုင်လာရ၍ ဒေါသ ထွက်လာကာ အနီးအနားရှိ လူများကို နှိပ်စက်ကလူ ပြုခြင်းဖြင့်၊ အဖမ်းအဆီးများ လုပ် ခြင်းဖြင့်၊ တဖက်ကို ပို၍ ပို၍ ထောက်ခံလာအောင် အင်အား ဖြည့်ပေးနေခြင်းဖြင့် ကူညီလျှက် ရှိနေ ကြပြန် သည်။ နိုင်ငံတကာ၏ ဝေဖန် ရှုတ်ချမှုများ ကိုလည်း အလူးအလိမ့် ခံနေကြရသည်။

အထင်ရှားဆုံးက ၎င်းတို့၏ ညီရင်း အကို မဟာမိတ် ဖြစ်ပါသည်ဟု လူသိရှင်ကြား ပြောထားသော ရုရှားကပင် ဒုတိယ ခေါင်းဆောင် အဆင့် ရှိသူကို တော်ရိရော်ရိ ဆက်ဆံကာ ပြန်ခိုင်းလိုက်သည် မဟုတ်ပါလား။ ဒုတိယ အကြိမ်မြောက် ရုရှားတွင် အလဲထိုးခံလိုက်ရခြင်း ဖြစ်သည်။ ထိုသို့ သော အခြေအနေများ ကြုံနေရသည့် တိုင် ကုလ စင်မြင့်တွင် တက်၍

မိန့်ခွန်းပြောရန်ပင် စိတ်ကူးယဉ်နေကြသည်မှာ အံဩဖွယ်ရာပင် ဖြစ်သည်။အမျိုးသား ညီညွတ်ရေး အစိုးရသည် တဖက်တွင်လည်း အနောက်နိုင်ငံများ၊ အာရှ နိုင်ငံ များ နှင့် ဆက်ဆံမှုများ တိုးမြှင့်ပြုလုပ်လာနိုင်ပြီ ဖြစ်သည်။ နောက်ကွယ် တွင် ဆွေးနွေးမှုများ ပြုလုပ်လာနိုင်၍ သံတမန်ရေးအရ အောင်ပွဲ ခံလာနေကြောင်း ဂျပန် သတင်းစာ Nikki Asia Review တွင်

ရေးသားခဲ့သည်။ ချက်၊ ပြင်သစ် နှင့် ဩစတေးလျှ တို့က မိမိတို့ ခန့်အပ်သော ကိုယ်စားလှယ်များကို အသိအမှတ်ပြု ဆက်ဆံနေကြပြီ ဖြစ်သည်ဟု နိုင်ငံတကာ သံခင်း တမန်ခင်း ကို ဦးဆောင်နေသူ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုသည်။

ချက်၊ ပြင်သစ်၊ တောင်ကိုရီယား၊ ဩစတေးသျှ၊ ဂျပန်၊ နယူးဇီလန် နှင့် အမေရိကန်ရှိ မြန်မာ ပြည်သူများ၏ ဦးဆောင်ကြိုးပမ်းပေးခဲ့ကြမှုများ ကြောင့် လည်း ပါဝင်သည်ဟု ချီးကျူးသွားခဲ့သည်။ ထိုသို့ အောင်မြင်လာ ခဲ့ခြင်းမှာ အာဏာသိမ်း အဖွဲ့၏ လူမဆန်အောင် ရက်စက်ယုတ်မာမှုများသည်လည်း တကြောင်းအပါအဝင် ဖြစ်သည်။

ဒီမိုကရေစီ နည်းဖြင့် ရွေးကောက်တင်မြှောက်ခံ အစိုးရတိုင်း အဖို့ လူသတ် အာဏာသိမ်း စစ်ကောင်စီ နှင့် ဆက်ဆံပါက ၎င်းတို့ နိုင်ငံသားများ၏ ပြင်းထန်စွာ ရှုတ်ချခံရမည့် အရေး ကို ထိတ်လန့်ကြစမြဲပင် ဖြစ်သည်။နိုင်ငံအများအပြားမှာ မိမိတို့ နှင့် ဆက်သွယ်လာနေကြသော်လည်း အားလုံးက လူသိမခံလိုကြသည့် သဘော ရှိသည်ဟု သူမက ပြောပြခဲ့သည်။

တရုတ်ကိုလည်း မိမိတို့မှ အမြဲလို ဆက်သွယ်ပြီး အာဏာသိမ်း တပ်များသည် တိုင်းပြည်ကို မည်သို့မျှ ထိန်းချုပ်နိုင်စွမ်း မရှိတော့ ဆိုသည့် အချက်အား သဘောပေါက်လာအောင် ပြောဆို ရှင်းပြနေခဲ့သည်ဟု ဆိုသည်။ ထို့အတွက်လည်း ဘီဂျင်း မှ NLD ဖျက်သိမ်းမည့် အရေး ကို အပြင်းအထန် ဆန့်ကျင်ခဲ့သည်သာ မက ညီလာခံသို့ပင်

တက်ရောက်ရန် ဖိတ်ကြားသည့် အဆင့်အထိ ရောက်လာခဲ့ရခြင်း ဖြစ်သည်။မိမိတို့ဖက်မှ ဆွေးနွေးရန် အသင့်ရှိနေသည်ကို အာဆီယံ အထူးသံတမန် ဆိုသူကိုလည်း အကြောင်းကြားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ဘန်ကောက်ရှိ အနောက်တိုင်း သံတမန် တဦးက အစိုးရ အသီးသီးသည် ၎င်းတို့ဆီ ရောက်ရှိနေသော NUG ကိုယ်စားလှယ်များနှင့် နည်းမျိုးစုံဖြင့် ဆက်သွယ်ဆောင်ရွက်နေကြကြောင်းလည်း အတည်ပြု ပြောကြားခဲ့သည်။တကယ်တမ်း တွင် ဒေါ်ဇင်မာအောင် အပါအဝင် CRPH အဖွဲ့ဝင်များသည် NLD ၏ ငါးနှစ်ကာလ အတွင်း ဘေးမှ ဝိုင်းရံပေးခဲ့သည့်

အဆင့်သာ ရှိ၍ ယခုလို ဖြစ်လာအောင် ကိုယ်စွမ်းကိုယ်စဖြင့် ကြိုးပမ်းလာခဲ့မှုကို တော့ မချီးကျူးဘဲ နေ၍ မရပေ။PDF များ၊ CRPH နှင့် NUG တို့သည် မင်းအောင်လှိုင် အာဏာသိမ်းခဲ့စဉ်က အိမ်မက်ထဲပင်လျှင် မပါခဲ့သည့် အရာများ ဖြစ်သည်။ ယခုအခါ သူတို့အားလုံး၏ စွမ်းဆောင်ရည် သက်သက် ဖြင့် ရုပ်လုံးပေါ်လာခဲ့ပြီး မင်းအောင်လှိုင် အတွက်

အိမ်မက်ဆိုးများ ဖြစ်လာနေရပြီ ဖြစ်သည်။NUG ၏ တိုက်ပွဲ ခေါ်သံအား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သော KIA, KNU, KPP, MNDAA, TNLA တို့က ပူးပေါင်းပါဝင်ရန် တုန့်ပြန်ခဲ့ကြပြီ ဖြစ်သည်ဟု Asia Times တွင် ရေးသားထားသည်။ မြန်မာ နိုင်ငံတွင် ရှေ့လျှောက် ပျက်စီးမည်ဟု အကြောင်းပြချက် နှင့် ကန့်ကွက်နေမှုများ ရှိသော်လည်း

ထိုသို့မျှ မလုပ်လျှင် မဖြစ်တော့ ဆိုသည်ကို နိုင်ငံတွင်း နေထိုင်သူများ အားလုံးက လက်ခံထားကြပြီး ဖြစ်သည်ဟု ဆောင်းပါးတွင် ဖေါ်ပြထားသည်။

ရန်ကုန်တွင် အခြေစိုက်နေကြသော သံတမန် များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် လည်း မိမိတို့ သက်ဆိုင်ရာ အစိုးရ နှင့် အဖွဲ့အစည်းများ၏ မြေပြင် အခြေအနေများအပေါ် အရှိကို အရှိအတိုင်း ရှင်းလင်းပြတ်သားစွာ အသိပေးရန် နှင့် လက်ရှိ အနေအထားကို ရှုပ်ထွေးစေမည့် အဆိုပြုချက်များ၊ စိုးရိမ်မကင်း ဆိုသော စကား များ နှင့်

ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာခြင်းဖြင့် ဒီမိုကရေစီ လမ်းကြောင်း ပေါ် လျှောက်လှမ်း ကြပါ ဆိုသည်တို့ကို ပြောရန် အချိန်လွန်လာပြီ ဖြစ်သည်။ နဂိုမူလအတိုင်း ပြန်သွားဖို့ ဆိုသည်မှာ လက်ရှိ အနေ အထား အရ မည်သို့မျှ မဖြစ်နိုင်တော့ဟု ဆောင်းပါးက ဆိုသည်။၎င်းတို့ ပြောဆိုနေပုံများသည် ငြိမ်ငြိမ် မနေလျှင် ၎င်းတို့ ပေးမည့် လူသားချင်း စာနာထောက်ထားမည့်

အကူအညီများ ရမည် မဟုတ်ဟု သဘောသက်ရောက်နေပေသည်။ယခုပင် ကမ္ဘာလူ့အခွင့်အရေး ကောင်စီ မှ ဖွဲ့စည်းပေးထားသော လွတ်လပ်သော စုံစမ်းရေး အဖွဲ့အစည်း IIMM မှ အာဏာသိမ်းပြီးနောက် နိုင်ငံသား များ အပေါ် လူ့အခွင့် အရေး ချိုးဖောက်ယုံမျှမက လူမဆန်စွာ ပြုကျင့် ဆက်ဆံခဲ့သည့် အထောက်အထား ဓါတ်ပုံ ဗီဒီယို စုစုပေါင်း နှစ်သိန်း ‌ကျော် အား

စုဆောင်းရရှိထားပြီ ဖြစ်၍ အသေးစိတ် အစီရင်ခံစာကို ကုလ အထွေထွေ ညီလာခံ မတိုင်မီ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကမ္ဘာလူ့အခွင့် အရေး ကောင်စီသို့ တင်သွင်းပြီး အသေးစိတ် ထုတ်ပြန်သွားမည်ဟု သိရသည်။

မင်းအောင်လှိုင်၏ အာဏာသိမ်း အဖွဲ့သည် ပြည်တွင်း ပြည်ပ မှ ပြုတ်တူဖြင့် ဝိုင်းညှပ်ခံရသလို ဖြစ်လာနေချေပြီ။

တော်လှန်‌ရေးကြီး မုချ အောင်မြင်ရမည်!!!

သတင်းဓါတ်ပုံ – Bloomberg News