ဘုရားရှိခိုး ရာတွင် မဖွယ်မရာပုံမြင်ခြင်း

ဘုရားရှိခိုး ရာတွင် မဖွယ်မရာပုံမြင်ခြင်း

ဘုရားရှိခိုး နေတဲ့အချိန် အာရုံထဲ မဖွယ်မရာပုံရိပ်တက်လာတာ လူငယ်တော်တော်များများ ကြုံဖူးမှာပေါ့။ဟုတ်ပါတယ်။ လူငယ်တိုင်းနီးပါး ဖြစ်ကြတာပါ။

အဲဒါက ဘာကြောင့်ဖြစ်တာလဲဆိုတော့ ကိုယ့်ရဲ့မသိစိတ်ထဲက အသံလေးတွေကနေတဆင့် ပုံရိပ်အဖြစ် ပြောင်းလာတာပါ။ မသိစိတ်ထဲက အော်သံတွေဟာ ဖျောက်ရ တအားခက်ခဲပါတယ်။ ပုတီးသမားနဲ့ ဂါထာမန္တန်သမား အများစု ဖြစ်ကြပါတယ်။

တစ်ခုခုကိုအာရုံပြုနေစဉ် မသင့်တော်သည့်ပုံရိပ်များမြင်ခြင်း လူငယ်အများစု ဘုရားရှိခိုး ကန်တော့ချိန်တွင် ရိုင်းသည့်အာရုံမြင်ကွင်းများအလိုအလျောက် ပေါ်လာခြင်းကြောင့် ဘုရားရှိခိုး ရန် ဝန်လေးသွားကြသည်ကို ကြားသိရသဖြင့် အလွန်စိတ်မကောင်းဖြစ်မိပါသည်။

တစ်ဆက်တည်း၌ပင် ကျွနုပ်လည်း ဖြစ်ခဲ့ဖူးသဖြင့် ထိုသို့ဖြစ်ရခြင်းမှာ မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို ရှင်းပြလိုပြီး မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ညွှန်းပေးပါမည်။ ပထမဦးစွာ ထိုသို့ ရိုင်းသည့်အာရုံများ ထွက်လာခြင်းကို ရှင်းပြပါမည်။

ထိုအရာ၏ မူလအရင်းအမြစ်မှာ မသိစိတ်ထဲ၌ ကိန်းအောင်းနေသည့် အထုံတစ်မျိုးဖြစ်သည်ဟု အကြမ်းဖျင်း မှတ်ယူနိုင်ပေသည်။ ထိုအထုံ မြစ်ဖျားခံရာ အချိန်ကာလမှာ။ မအိပ်စက်မှီတွေးသော အတွေးများ ပင်ဖြစ်သည်။

တစ်ရက်တာ၌ မအိပ်စက်မှီတွေးသည့်အတွေးသည် လွန်စွာအရေးပါသည်။ ယင်းသည် အချိန်ကာလကြာညောင်းလာသည်နှင့်အမျှ ထုံးစံတစ်ခုကဲ့သို့ ပြုမူလာတတ်ပြီး နောက်ဆုံးတွင် မသိစိတ်ထဲသို့ ကိန်းအောင်း၍ လူကိုအမျိုးမျိုး နှိပ်စက်တော့သည်။

ထိုမသိစိတ်ထံမှ အသံ များကပင် အာရုံစူးစိုက်မှုကို နှောင့်ယှက်ခြင်းဖြစ်လေသည်။ သို့ကြောင့် ဤပြဿနာကို အမြစ် မှ တူးထုတ်ဖယ်ရှားလိုလျှင် မအိပ်စက်မှီ တွေးသည့်အတွေးများ ကိုပြုပြင်ရပေမည်။

ဤကုထုံးသည် အချိန်လွန်စွာယူ၍ စိတ်ရှည်ရှည်နှင့် ကုစားရသောကြောင့် ခုလုပ်ခုပျောက်လိုသူများအဖို့ မကိုက်ညီပါ။ ခေတ်မှီသည့်ကာလဖြစ်သည်နှင့်အညီ ဖုန်း များကိုယ်စီရှိကြသော လူငယ်တို့မှာ မအိပ်စက်မှီ စိတ်ထဲမှအမှိုက်များကို ရှင်းထုတ်ရန် မေ့လျော့လာကြပြီး

စိတ် လေ့ကျင့်ခန်း များနှင့် အလှမ်းကွာသွားတော့သည်။ ထို့ကြောင့်ပင် စိတ်ထဲမှ တစ်နေ့တာကြုံခဲ့သော အမှိုက်များ ဂျိုးကပ်လာပြီး စိတ်ကိုမွှေနှောက်၍ နှောင့်ယှက်တော့သည်။

ဒုတိယအနေနှင့် အာရုံပြုနေစဉ် အာရုံမမိခြင်းအား မည်သို့ထိန်းကျောင်းပေးရမည်ကို လက်လှမ်းမှီသ၍ ဖော်ပြပေးပါမည်။ လူငယ် သဘာဝ မအိပ်စက်မှီ ချစ်သူ ရည်စား အကြောင်းများတွေးခြင်း ၊ စိတ်ကူးယဉ်ခြင်း ၊ တစ်နေ့တာ၌ကြုံခဲ့သည့်အရှုပ်ထုပ်များကို ရှင်းရန်မကြိုးစားပဲ ပိုမို၍တိုးပွားလာအောင် စိတ်ကိုအကြိမ်ကြိမ်ထိုးဆွခြင်းများ မကြာခဏပြုတတ်ကြသည်မှာ သဘာဝပင်။

ထို့အပြင် အချို့လူငယ် များ၌ မအိပ်စက်မှီ အတွေးလွန်ခြင်းများပင်ရှိတတ်သည်။ အနာဂတ်အကြောင်းကို မပြီးဆုံးနိုင်အောင်တွေး၍ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲကာ စိတ်ကိုဒဏ်ရာရအောင် ထိုးဆွနေတော့သည်။

အနာဂတ် ကိုကြိုတွေး၍ ပြင်ဆင်သင့်သလောက် ကြိုတင်ပြင်ဆင်ထားသည်မှာ ကောင်းသော်လည်း မဖြစ်လာသေးသည့်အနာဂတ်ကိုစိတ်ဓာတ်များပျက်ပြားသည်အထိတွေးရန်မလိုပေ။

အဘယ်ကြောင့်ဆိုသော် အနာဂတ် သည် ကြိုတင်မမြင်ရသကဲ့သို့ မိမိလုပ်ရပ်နှင့်လည်း အချိုးကျနေသောကြောင့် အလွန်စိတ်ပူပန်၍ မိမိကိုယ်မိမိနှိပ်စက်ရန် မလိုအပ်ချေ။ ဤမျှဆိုလျှင် သဘောပေါက်မည်ဟု ထင်မိပါသည်။

ဆက်အံ့။ မိမိတို့မအိပ်စက်မှီ ဦးစွာ ( ၁ ) စိတ်ကို အမှိုက်ရှင်း၍ Boost လုပ်ရမည်။ ( ၂ ) အတွေးများကို ကန့်သတ်ခြင်း။ ( ၃ ) မသိစိတ်ထဲကိန်းမည့် အလေ့တစ်ခုကို ထုံအောင်ပြုရမည်။

( ၁ ) မိမိတို့တစ်ရက်တာကြုံခဲ့သည့် အမှိုက် များကို မအိပ်စက်မှီ ရှင်းထုတ်သင့်၏။လက် ၊ ခြေတို့ကို သက်တောင့်သက်သာထားပြီးလျှင် မျက်လုံး ကို အသာမှိတ်၍ ဝင်လေကိုတစ်ဆုံးအထိ ဝဝရှူသွင်းပါ။ထို့နောက်ထွက်လေကို ပါးစပ်နည်းနည်းဟ၍

ဖူး ခနဲ တစ်ခါတည်း မှုတ်ထုတ်လိုက်ရပါမည်။ ထွက်လေကို နှာခေါင်းနှင့် ထုတ်ခြင်းထက် ပါးစပ်နှင့်ထုတ်ခြင်းက စိတ်ပူပန်မှုတို့ကို ပိုမိုလျော့ကျစေသည်။ ဤနည်းဖြင့် ငါးကြိမ်မျှ ပြုပြီးလျှင်စိတ် အနည်းငယ်ငြိမ်သွားပေမည်။ သို့သော် အချစ်နာကျချိန်တွင် ဤနည်းမှာ အသုံးဝင်လိမ့်မည်မဟုတ်ပေ။

( ၂ ) မိမိတို့၏စိတ်ကို ရှင်းထုတ်ပြီးလျှင် စိတ်ကူးယဉ်ခြင်း ၊ အတွေးကွန့်ခြင်း ကို နည်းနည်းစီ လျှော့ချရပါမည်။ မိမိတို့၏ တွေးနိုင်မှုနှင့် အဆုံးမရှိသည့် စိတ်ကူးယဉ်မှုကို ဘောင်ခတ်ထားစေလိုခြင်းဖြစ်သည်။ဤအရာကို လုပ်ဆောင်ရာ၌ သတိ ကပ်ရန်လို၏။

မအိပ်စက်မှီ တွေးသော အတွေးများကိုတစ်ရက်လျှင် နည်းနည်းစီလျှော့ချရမည်။ လုံးဝဖျောက်ပစ်ရမည်ဟုမဆိုလို။ ထိုကဲ့သို့ လုပ်ရန်လည်းမသင့်ပေ။ အတွေးများကို ကန့်သတ်ချက်ထား၍ တွေးစေလိုခြင်းသာဖြစ်ပါသည်။ ဤနည်းသည် သိသိသာသာ မထိရောက်သော်လည်း နောက်တစ်ဆင့်အတွက် အထောက်အကူပြုပေသည်။

( ၃ ) အတွေးများ ကန့်သတ်ပြီးလျှင် စိတ်ငြိမ်စေရန် အလေ့အထ လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုကဲ့သို့ မအိပ်စက်မှီ စိတ်ငြိမ်စေသည့် နည်းများအနက် ဝင်လေ ထွက်လေ ရှုခြင်းမှာ အထိရောက်ဆုံးနည်းဖြစ်၏။

စိတ်ငြိမ်စေသည့် နည်းအချို့မှာ ( ၁ ) အေးချမ်းသည့် သီချင်း များ နားထောင်ခြင်း ( သီချင်းစာသားများ ပါဝင် )( ၂ ) သာယာသည့်အသံရှိသော တီလုံးများ နားထောင်ခြင်း ( တီလုံးချည်းသာ )( ၃ ) ပုတီးလုံးများစိပ်ခြင်း ( ကိုးလုံးပုတီး )( ၄ ) ဂါထာမန္တန်တစ်ခုခုကို စိတ်မှရွတ်ဆိုခြင်း ( ၅ ) ဝင်လေထွက်လေရှုခြင်း ( ၁ ) ထက် ( ၂ ) သည် သိမ်မွေ့၏။ ( ၂ ) ထက် ( ၃ ) သည် ထိရောက်၏။ ( ၃ ) ထက် ( ၄ ) သည် အာရုံပိုမိ၏။( ၄ ) ထက် ( ၅ ) သည် စိတ်ကို ငြိမ်စေသည်။

ဝင်လေထွက်လေရှုနေစဉ် အချို့မှာ နှာသီးနှာဝကို အာရုံမပြုနိုင် ၊ ခဏမျှသာရပြီး တစ်အောင့်ခန့်ကြာလျှင် အာရုံပျံ့သွားတော့သည်။ ဤသည်မှာလည်း အလေ့အကျင့်မရှိသောကြောင့်သာဖြစ်သည်။ သို့သော် ဝင်လေထွက်လေ အာရုံပြုနေစဉ် ” စ ၊ ဓ ၊ ဗ ၊ ဝ ၊ ဧ ” ဟူသည့် အက္ခရာ ( ၅ ) လုံးကို အာရုံပြုကြည့်ရန် တိုက်တွန်းလိုက်ပါသည်။ ယင်းအက္ခရာငါးလုံးမှာ သာမန်အက္ခရာများမဟုတ်ဘဲ လောကီပညာတို့တွင် ကျယ်ကျယ်ပြန့်ပြန့်သုံးကြသော အက္ခရာများဖြစ်၏။

ဤ အက္ခရာ များကို မကြာခဏ အာရုံပြုလျှင် အထုံရလာသောအခါ အကျိုးတစ်ခုခုပေးပါလိမ့်မည်။ ဝင်လေထွက်လေရှုရာတွင် နှာသီးကို အာရုံပြုရမည့်အစား အက္ခရာများကို အာရုံပြုရမည်ဟုဆိုသော်လည်းအမှန်တွင် စိတ်မှအသံကိုပြန်၍ နားထောင်ခိုင်းခြင်းသာဖြစ်၏။

ဝင်လေ ” စ ” ၊ ထွက်လေ ” ဓ ” ၊ ဝင်လေ ” ဗ ” ၊ ထွက်လေ ” ဝ ” ၊ ဝင်လေ ” ဧ ” ဟုမှတ်သားရာတွင် အက္ခရာများကိုအာရုံ၌ ပုံဖော်ရမည်မဟုတ် ၊ ထိုသို့ပုံဖော်လျှင် အိပ်ပျော်ခြင်းသို့ ရောက်တော့မည်မဟုတ်ပေ။

ဝင်လေဝင်လိုက်သည်နှင့် ” စ ” ဟု သိရမည်။ အသိမျှသာဖြစ်ပြီး ပုံဖော်အာရုံပြုခြင်းမဟုတ်ပေ။ ထိုသို့ ဝင်လေကို ” စ ” ဟု သိခြင်းကပင်စိတ်၏အသံကို နားထောင်ခြင်းဖြစ်သည်။ ဤနည်းသည်ထိရောက်၍ စိတ်ငြိမ်စေသည့်အပြင် အိပ်ပျော်ခြင်းကိုလည်း ဖြစ်စေ၏။

အထက်ပါ ဖော်ပြသည့်နည်းများကို ရက်သတ္တပတ်မျှ လုပ်ဆောင်ပြီးလျှင် စိတ်များ မသိမသာအာရုံပြုနိုင်သည်ကို သိရပါလိမ့်မယ်။ သို့သော် ဤရောဂါမှာ လွယ်လွယ်နှင့် ကု၍ရသည့် ရောဂါမဟုတ်။နာတာရှည်ရောဂါဖြစ်သောကြောင့် အချိန်များ ” လ ” နှင့်ချီ၍ ကုစားရပေမည်။

အထက်ပါနည်းကို နှစ်ပတ်မှ တစ်လအတွင်း လုပ်ဆောင်မိလျှင်အနည်းငယ် သိသာလာလိမ့်မည်။ သုံးလတိုင်လျှင် သိသိသာသာ ဖြစ်လာပေလိမ့်မည်။ အက္ခရာများကို ဦးနှောက်မှအလိုအလျောက် တွက်ချက်မှတ်သားထားသောကြောင့် သုံးလကြာလျှင် အနည်းငယ်ထုံလာပြီးအသက်ရှူရင်းနှင့်ပင် အက္ခရာများသည် စိတ်နှင့်တစ်သားတည်း အလိုလိုကျသွားလိမ့်မည်။

၎င်းအက္ခရာပေါ်သို့ အာရုံတင်ရန် မလိုတော့ချေ။ ဤအဆင့်ရောက်လျှင် အသက်ရှူနေသ၍ အက္ခရာများ ထင်နေသောကြောင့် ယခင်ကထက် အာရုံပိုစုနိုင်ကြောင်း တွေ့မြင်ရပါလိမ့်မည်။ ဘုရားရှိခိုးသည့်အချိန်၌လည်း ရုပ်လုံးများကို တိတိကျကျအာရုံဖော်နိုင်မည်ဖြစ်သည်။

ရိုင်းသည့်အမြင်အာရုံများ တစ်စတစ်စဆုတ်ခွာသွားမည်ဖြစ်သည်။ မယုံလျှင် လက်တွေ့စမ်းကြည့်ပါလေ။ မိမိ၏အယူအဆနှင့် ညီသောကြောင့်လည်းမယုံနှင့် ၊ တစ်ပါးသောပုဂ္ဂိုလ်များ ပြော၍လည်း မယုံနှင့် ၊ မိမိကိုယ်တိုင်ကျင့်မှမိမိကိုယ်တိုင်ရမည်။

နောက်ဆုံးအနေနှင့် အသိပေးလိုသည်မှာ မသိစိတ်ထဲမှ ရုတ်တရက်ထွက်ပေါ်လာသည့် ရုပ်လုံးရုပ်ကြွများသည် အာရုံမှဖယ်ရှားပစ်ရန် ခဲယဉ်းပြီး မိမိ၏အလိုဆန္ဒအလျောက် ထွက်ပေါ်လာခြင်းမဟုတ်ဘဲ ၎င်းဘာသာ ထွက်ပေါ်လာသောကြောင့် အကုသိုလ်ဖြစ်ရန် စိတ်မပူလေနှင့်။ ထွက်လာသည့်အာရုံအပေါ်၌ သာယာခြင်း ၊ စီးမျောခြင်း ၊ နှစ်ခြိုက်ခြင်း မဖြစ်ရန်သာလိုသည်။

ရိုင်းသည့်အာရုံများ ထွက်ပေါ်လာလျှင် ရိုင်းသည် ဟု သိ၍ အကြိမ်ကြိမ် ဖယ်ရှားရမည်။ စိတ်နှင့် အာရုံလွှဲခြင်း ၊ ဖယ်ရှားခြင်းပြု၍ မရပါက မျက်လုံးကို ဖွင့်လိုက်ပါ။ ၎င်းအာရုံကြောင့် စိတ်ညစ်သွားခြင်း ၊ စိတ်ပျက်သွားခြင်း ၊

ဒေါသထွက်ခြင်းများ ဖြစ်ခဲ့သော် ဘုရားရှိခိုးရန် စိတ်ဖြောင့်တော့မည်မဟုတ်။ သို့သော် အတတ်နိူင်ဆုံး မိမိနှင့်မဆိုင်ဟု ဥပေက္ခာပြု၍ လွတ်ထားကာ ဒေါသထွက်ခြင်း ၊ စိတ်ပျက်ခြင်းမဖြစ်ရန် သတိပြုရပေမည်။

Credit-Original Post