အကြမ်းဖက်မှုနဲ့ဆက်စပ်တယ်လို့တွေ့ရှိရတဲ့ နေအိမ်တိုက်ခန်းတွေကို နိုင်ငံပိုင်သိမ်းမယ်လို့ စစ်ကောင်စီ ကြေညာ

မြို့ပေါ်ကပျောက်ကြားလူငယ်တွေကို ပိုပြီးဖိနှိပ်ဖို့ပြင်ဆင်လာတယ်လို့တော်လှန်ရေးအင်အားစုတွေပြော

ရန်ကုန်အပါအဝင်နယ်မြို့တွေမှာ နေအိမ်တွေငှားရမ်းတဲ့အခါ အိမ်ငှားရမ်း သူတွေရဲ့အထောက်အထားကိုစိစစ်ဖို့၊ ဧည့်စာရင်းတိုင်ဖို့နဲ့ သံသယဖြစ်ဖွယ်ရှိရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရန်ကုန်အပါအဝင်နယ်မြို့တွေမှာဖြစ်ခဲ့တဲ့ပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီးစစ်ဆေးတွေ့ရှိချက်တွေအရ ဖမ်းဆီးခံရတဲ့လူငယ်တွေဟာ နေအိမ်တိုက်ခန်းတွေမှာ ကာလတိုငှားရမ်းတာကိုတွေ့ရတယ်ဆိုပြီး စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က စက်တင်ဘာ ၉ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

ဒီလိုနေအိမ်ငှားရမ်းသူတွေအနေနဲ့သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုဧည့်စာရင်းတိုင်ကြားတာမျိုးမရှိရင် အိမ်ရှင်တွေမှာ တာဝန်ရှိပြီးတည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် အိမ်ငှားနေထိုင်သူတွေမှာ စစ်ကောင်စီကထုတ်ပြန်ထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ဆက်စပ်ပြီး တရားရုံးမှာ စစ်ဆေးပေါ်ပေါက်မယ်ဆိုရင် သက်သေခံအဖြစ် နိုင်ငံတော်ဘဏ္ဍာအနေနဲ့သိမ်းဆည်းမယ်လို့လည်းဆိုပါတယ်။

ဒီလိုထုတ်ပြန်လုပ်ဆောင်ချက်တွေဟာဆိုရင် မြို့ပေါ် တော်လှန်ရေးအင်အားစုတွေကို ပိုပြီးဖိနှိပ်ဖို့ ပြင်ဆင်လာတာဖြစ်ပြီး လူငယ်တွေရဲ့လုပ်ရှားမှုတွေမှာ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုနဲ့ကူညီမှုကို ဖြတ်တောက်ဖို့ ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာပါဝင်နေတဲ့လူငယ်တွေက ဆိုပါတယ်။

” ဒီလိုအခက်အခဲ၊ အကျပ်အတည်းတွေကတော့ အခုမှမဟုတ်ပါဘူး။ တောက်လျှောက် ရှိလာတာပါ။ အခုတော့ပိုပြီးဖိနှိပ်ဖို့ပြင်ဆင်လာတဲ့သဘော လို့မြင်ပါတယ်။ ကျွန်တော်တို့ကတော့ ရတဲ့ပုံစံနဲ့စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုမှာပါဝင်နေမှာပါ။ ဒီကာလမှာအခက်အခဲတွေရှိပေမယ့် မြို့ပေါ်ပြောက်ကျား လူငယ်တွေကို ကူညီစောင့်ရှောက်ဖို့

မိဘပြည်သူတွေကိုလည်း မေတ္တာရပ်ခံပါတယ်”လို့ စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုမှာပါဝင်နေတဲ့လူငယ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လက်ရှိမှာလည်း ရန်ကုန်မြို့အပါအဝင်နယ်မြို့တွေမှာပါနေအိမ်၊ ရပ်ကွက်တွေမှာ ညစဉ်ဧည့်စာရင်းစစ်ရှာဖွေတာတွေ၊ ဖမ်းဆီးမှုတွေကလည်းဆက်တိုက်ရှိနေပြီး ဧည့်စာရင်းမတိုင်မှုကြောင့် အဖမ်းအဆီးခံရတဲ့လူငယ်တွေလည်းညစဉ်လိုလိုရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

BBC