မိဘကို သင်အော်မိလိုက်တဲ့အချိန်တိုင်

မိဘကို သင်အော်မိလိုက်တဲ့အချိန်တိုင်

ကိုယ်တိုင်က နေမကောင်းနေပေမယ့် သား၂ယောက်ကို ဆေးခန်းပြဖို့အတွက် အကိုက်အခဲပျောက်ဆေးသောက်ပြီး တစ်နေကုန် နှမ်းရိတ်ခဲ့တဲ့ဖခင် (အဖေကို ချစ်သူများ….ဖခင်မေတ္တာဆိုတာ)

မနက်၆နာရီ ဆေးခန်းမဖွင့်ခင် ကျနော့်ဆေးခန်းကို သားဖနှစ်ယောက် လာတယ်။

“ဆရာ အစောကြီးလာရတာ အားတော့ နာပါတယ်။

ဒါပေမယ့် ကလေးက အပူကြီးနေလို့ပါ”

“ဟုတ် ရပါတယ်။ ကလေးကို ကုတင်ပေါ်တက်ခိုင်းလိုက်ပါ”

ထိုလူက၁၃နှစ်အရွယ် သူ့သားကို လသား ကလေးငယ်လို တယုတယ နဲ့ပွေ့ချီပြီး ကုတင်ပေါ်တင်ပေးတယ်။

ကလေးကို ကျနော်စမ်းသပ်ကြည့်တော့ အဆုတ်ကို အအေးပတ်ထားတဲ့ လက္ခဏာ တွေတွေ့ရတယ်။ကလေးအသက်က ၁၃ နှစ်ပါ။

လိုအပ်တဲ့ ဆေးထိုးပေး။သောက်ဆေးတွေ ပေးပြီးတဲ့အခါ”ဆရာ ဆေးဖိုးဘယ်လောက်ကန်တော့ရမလဲ”

တကယ်တော့ သောက်ဆေးသုံးရက်စာ ပေးလိုက်တာ။

သောက်ဆေးသုံးရက်စာ ပေးရင် သုံးထောင် တောင်းနေကျ။

ဒါပေမယ့် သူတို့ကြည့်ရတာ အဆင်ပြေပုံမရပါဘူး။

“နှစ်ထောင်ကျပါတယ်”

“ဟုတ်ဆရာ။ တော်သေးတယ်။

ကျနော်မှာလည်း နှစ်ထောင် ကွက်တိပဲပါတာ”

ကျနော်က ခေါင်းညိတ်ရင်း ပြုံးပြတော့ ထိုလူက

“ဟိုလေ…ဆရာ။ဟိုလေ..”

“ဟုတ်။ပြောပါ…”

“ကျနော်ကို အကိုက်အခဲ ပျောက်ဆေးတစ်လုံးလောက်ပေးပါ့လား။ ညောင်းကိုက်နေလို့ပါ”

အနောက်မှာ လူနာရောက်လာလို့ သူ့ကို ဘာစကားမှ မပြောဖြစ်တော့ဘဲ အကိုက်အခဲပျောက်ဆေး တစ်လုံးပေးလိုက်တယ်။

ည ၈နာရီကျော် ဆေးခန်းပိတ်ပြီးတဲ့အချိန်မှထိုလူနဲ့ ကလေးတစ်ယောက် ကျနော်ဆေးခန်း ပြန်ရောက်လာတယ်။

“ဆရာရေ။ မနက်က သားကြီး။ အခုက သားငယ်။

သားငယ်က မနက်က သိပ် မဖျားသေးဘူး။ အခုမှ အရမ်းပူလာလို့”ကလေးကို လိုအပ်တာတွေ စမ်းသပ် ။ဆေးထိုး။သောက်ဆေးပေးပြီးသကာလ

ထိုလူက”ဆရာ ဆေးဖိုး ဘယ်လောက် ကန်တော့ရမလဲ””နှစ်ထောင်ကျပါတယ်”ဆေးထုပ်လေးတွေ ထိုလူ့ကို လှမ်းအပေး။

သူကလည်း လှမ်းယူပြီး ဆေးဖိုးပြန်ပေးရင်း”ဒါနဲ့ဆရာ။ မနက်က ပေးတဲ့ အကိုက်အခဲ ပျောက်ဆေးလေး

တစ်လုံးလောက်ကျနော့်ကို ပြန်ပေးပါဦး”အကိုက်အခဲ ပျောက်ဆေးဆိုတာ မကြာခဏ မသောက်ရဘူးလို့ ကျနော်ပါးစပ်ကပြောမယ်ကြံတုန်း ကျနော်လက်နဲ့ သူ့လက် ထိလိုက်မိစဉ်ခဏတစ်စုံတစ်ခု ကို ကျနော် သတိထားမိသွားတယ်။

“ဟာ…ခင်ဗျားကိုယ်တွေ ခြစ်ခြစ်တောက်ပူနေတာပဲ နေမကောင်းဘူးလား”ထိုလူ့မျက်ဝန်းတွေက မှိုင်းညို့သွားတယ်။တစ်စုံတစ်ခုကို ပြောဖို့ ဆွံ့အနေပုံရတယ်။

၁၀နှစ်အရွယ် ကလေးငယ်က မဝံ့မရဲနဲ့ စကားဝင်ပြောတယ်။

“အဖေလည်း ဖျားနေတာ ဆရာ။ ဆေး”

“အငယ်ကောင်..တော်စမ်း။ကလေးက ကလေးနေရာနေ”ထိုလူက သူ့သားကို အော်တော့ ကလေးငယ်ကပြောလက်စ စကားတန်းလန်းနဲ့ စကားဆက်မပြောတော့ဘူး။

“ကလေးကို မအော်ပါနဲ့ဗျ။ ပြောသား…ဘာဖြစ်လို့လဲ။မကြောက်နဲ့..ပြော”ကလေးငယ်က သူ့အဖေကို ကြည့်တယ်။

ထိုလူ က ကျနော်ဝင်ပြောထားတော့ သူ့သားကို ဘာမှထပ်မပြောတော့ဘူး။

“ပြောလေသား””အဖေ ဖျား နေတာ သုံးရက်ရှိပြီဆရာ။

မနက်က ကိုကြီးထိုးပေးဖို့ ဆေးဖိုးပဲ ရှိလို့ ကိုကြီးကို အရင်ဆုံးဆေးလိုက်ထိုးပေးတာ။

ဒီနေ့ တောကအပြန် နှမ်းရိတ်လို့ရတဲ့ ပိုက်ဆံ နဲ့မှ သားကို ဆေးလိုက်ထိုးပေးတာ။”

အို….တကယ်ပါ။ ကျနော်မျက်ဝန်းက မျက်ရည်တွေ အလိုလိုကျလာတယ်။

နေမကောင်းတဲ့ ကလေးငယ်ကို ဆေးထိုးပေးဖို့ အပြင်းဖျားနေတဲ့ အဖေက တစ်နေကုန် နှမ်းရိတ်နေခဲ့တယ်တဲ့လား။

အဖေ့မေတ္တာဆိုတာ….။ ကလေးတွေ ကံကောင်းလိုက်တာ။

စည်းစိမ်ဥစ္စာ မချမ်းသာပေမယ့် မေတ္တာ တရားကြွယ်ဝတဲ့ ဒီလို အဖေမျိုးကို ပိုင်ဆိုင်ခွင့်ရထားတယ်။

မေတ္တာ တရားကြီးမားတဲ့ အဖေတစ်ယောက်ကို အခမဲ့ ဆေးကုသပေးခွင့် ရခဲ့တဲ့ ကျနော်လည်း ကလေးများနည်းတူ ကံကောင်းခဲ့ပါတယ်။

Crd-Original Post