“ငါ့ဘဝ ကောင်းဖို့ဟာ ငါ့တာဝန် အကယ်၍ အဆိုးတွေဖြစ်လာရင် အဲဒါလည်း ငါ့တာဝန်ပဲ”

“ငါ့ဘဝ ကောင်းဖို့ဟာ ငါ့တာဝန် အကယ်၍ အဆိုးတွေဖြစ်လာရင် အဲဒါလည်း ငါ့တာဝန်ပဲ”

ငါ့ဘဝကို ငါရွေးချယ်တယ်“ငါ့ဘဝ ကောင်းဖို့ဟာ ငါ့တာဝန်။အကယ်၍ အဆိုးတွေဖြစ်လာရင် အဲဒါလည်း ငါ့တာဝန်ပဲ။”

ကိုယ့်ဘဝ တကယ်အဓိပ္ပါယ်ရှိဖို့ဆိုရင် ကိုယ့်ဘဝမှာ တကယ်ကျေနပ်မှု ရဖို့ဆိုရင် ကိုယ့်ဘဝကိုကိုယ် ရွေးချယ်ရမယ်။ကိုယ့်ဘဝမှာ ဖြစ်နေတာ၊ အသက်ရှင်နေတာကို ကိုယ်ကိုယ်တိုင်က ရွေးချယ်လိုက်တဲ့သဘောမျိုးဖြစ်အောင် လုပ်ရမယ်။ ပြီးတော့ အဲဒီကိုယ့်ဘဝမှာ ဖြစ်သမျှဟာ

(အကောင်း အဆိုးအားလုံး) ကိုယ့်မှာ တာဝန်ရှိတယ်ဆိုတဲ့ သဘောထားမျိုးကိုလည်း ထားရမယ်။ မွေးလာတုန်းကတော့ ဒီအမေ၊ ဒီအဖေဆီမှာ ငါ သားသမီးဖြစ်ချင်ပါတယ်လို့ ရွေးချယ်လာတာ မဟုတ်ဘူး။

ဒါပေမယ့် မွေးလာပြီးတဲ့နောက်မှာ (ငယ်ရွယ်စဉ်မှာတော့လည်း ကိုယ့်ဘဝကိုယ် ရွေးချယ်တယ်လို့ တွေးမိမှာ မဟုတ်ဘူး) ကြီးလာတဲ့အချိန်၊ သိတတ်တဲ့အချိန်မှာ

ကိုယ့်ကိုယ်ကိုယ် ယောက်ျားပဲ ဖြစ်နေဖြစ်နေ၊ မိန်းမပဲ ဖြစ်နေဖြစ်နေ၊ ဘာလူမျိုးပဲ ဘာနိုင်ငံသားပဲ ဖြစ်နေဖြစ်နေ အဲဒီလို ဖြစ်နေရတာကို ကျေကျေနပ်နပ် လက်ခံနိုင်တဲ့စိတ် ရှိဖို့လိုတယ်။ အဲဒီလို ကျေကျေနပ်နပ် လက်ခံတယ်ဆိုတာ ရွေးချယ်တာပဲ။

ခပ်ကြမ်းကြမ်း မေးခွန်းတစ်ခု မေးရမယ်ဆိုရင် “သေလိုက်ပါလား”လို့ ပြောရင် ဘယ်လိုပြန်ပြောမလဲ။

“ဟာ.. မသေချင်ပါဘူး” လို့ ပြောလိုက်မယ်နော်။ “ဘာဖြစ်လို့ မသေချင်တာလဲ” ဆိုရင် “ငါ ဒီခန္ဓာနဲ့ ဒီဘဝကို တန်ဖိုးထားလို့” လို့ ပြောရတော့မယ်။

နောက်တစ်နည်း ပြောရမယ်ဆိုရင်.. “ငါ သေဖို့ကို မရွေးချယ်ဘူး။ နေဖို့ကို ရွေးချယ်တယ်။” လို့ ပြောရမယ်။ နေဖို့ကို ရွေးချယ်တယ်ဆိုတာက “ငါ ဘာလူမျိုးဖြစ်နေဖြစ်နေ ဘာနိုင်ငံသား ဖြစ်နေဖြစ်နေ။ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ်၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ဘာပဲဖြစ်ဖြစ် လက်ရှိ ငါ ရထားတဲ့ ဘဝကို ငါတန်ဖိုးထားတယ်၊ ငါလက်ခံတယ်၊

ဒါ့ကြောင့် ငါ နေဖို့ကို ရွေးချယ်တယ်၊ ငါ့ ဘဝကို ငါ ရွေးချယ်တယ်။” လို့ ပြောလို့ရတယ်။ ပြီးရင် တစ်ဆင့်တက်ပြီး ဘာပြောရမလဲဆိုတော့ “ငါ့ဘဝ ကောင်းဖို့ဟာ ငါ့ တာဝန်။ အကယ်၍ အဆိုးတွေ ဖြစ်လာရင် အဲဒါလည်း ငါ့တာဝန်ပဲ။” အဲဒီလို ရွေးချယ်ရမှာနော်။

ဥပမာ။ မိတ်ဆုံစားပွဲတစ်ခု လုပ်တဲ့အခါမှာ ကိုယ့်ကိုလည်း ဖိတ်တယ်ဆိုပါတော့၊ ကိုယ်က မသွားချင်ပဲနဲ အားနာလို့ သွားရတာ ဆိုပါတော့။ အဲသလို မသွားချင်ဘဲသွားရရင် ဘယ်အချိန်ထပြန်ရရင် ကောင်းမလဲလို့ တွေးနေမယ်။

အဲသလိုဆိုရင် အဲဒီမှာ ဆုံမိကြတဲ့ ဧည့်သည်တွေ စကားဝိုင်းထဲမှာ ကိုယ်က စိတ်ပါလက်ပါ ဝင်ပြီးတော့ ပြောနိုင်ပါတော့မလား၊ မပြောနိုင်တော့ဘူး။

အဲဒီမှာ ထိုင်နေရတဲ့ အချိန်က ကိုယ့်အတွက် အဓိပ္ပါယ် မရှိတဲ့အချိန်၊ စိတ်ညစ်စရာ ကောင်းတဲ့အချိန် ဖြစ်နေမယ်။ အဲဒီမှာ တွေ့နေရတဲ့ လူတွေဟာလည်းပဲ မတွေ့ချင်ပဲနဲ့ တွေ့နေရတဲ့လူတွေ ဖြစ်နေမယ်။ အဲဒီတော့ ဘာမှ ကျေနပ်မှုမရနိုင်ဘူး။ဒီနေ့ မိတ်ဆုံစားပွဲမှာ ငါတို့ ငယ်ငယ်တုန်းက ကျောင်းနေဖက်တွေ ဆုံမိကြတော့မှာ။ ငါတော့ သွားအုံးမယ်။ ဘယ်သူတွေ၊ ဘယ်သူတွေတော့ လာမယ်ထင်ပါတယ်။

တွေ့လိုက်ရင်တော့ ဘာတွေ ပြောအုံးမယ်၊ အားရပါးရ ပြောလိုက်မယ်၊ ပျော်လိုက်မယ်။ အဲသလို သဘောထားနဲ့သွားရင် ကိုယ်က သွားဖို့ကို ရွေးချယ်လိုက်ပြီနော်။

သွားတော့ သွားပေမယ့် တချို့က မရွေးချယ်ဘဲနဲ့ သွားနေတာနော်။ ကျေကျေနပ်နပ် လက်မခံဘဲနဲ့ သွားနေတာနော်။

မလွှဲသာလို့ သွားရတယ်ဆိုတဲ့ သဘောကိုး။ မလွှဲသာလို့ သွားရတဲ့လူဟာ မြန်မြန်ထပြန်ဖို့ပဲ စဉ်းစားနေမယ်၊ ဘယ်သူ့ကိုမှ တွေ့ရတာ ဝမ်းသာတယ်၊ အားရတယ်လို့ မရှိဘူး၊ ဘယ်စကားမှ ပြောရတာ အားရတယ်၊ ကျေနပ်တယ်၊ ပျော်တယ်လို့ မရှိနိုင်တော့ဘူး။

သွားချင်လို့ကိုပဲသွားတယ် ဆိုတဲ့လူက သူက ရွေးချယ်လိုက်ပြီ။ This is my choece. ဖြစ်သွားပြီ။ သွားဖို့ကို ငါ့သဘောထားနဲ့ ဆုံးဖြတ်တယ်။ ငါသွားချင်လို့ကို သွားတာ၊ ရောက်ပြီ ဆိုရင်လည်း အားရပါးရ တွေ့သမျှလူနဲ့ ဆက်ဆံမယ်။ကျွေးသမျှကိုလည်း အားရပါးရ မြိန်မြိန်ရှက်ရှက် စားလိုက်မယ်။ အဲသလိုဆိုရင် နေရသမျှအချိန် စက္ကန့်တိုင်း မိနစ်တိုင်းဟာ ပျော်စရာ၊ အားရစရာ၊ ကျေနပ်စရာ၊ အမှတ်ရစရာ ဖြစ်နေမယ်။

နောင်အခါမှာလည်းပဲ ပြန်သတိရတဲ့အခါ အဲဒီတုန်းက တွေ့သမျှ ဆုံရသမျှလေးတွေဟာ ကျေနပ်စရာကောင်းလိုက်တာဆိုပြီး စိတ်ထဲမှာ ခံစားရမယ်။

လူ့ဘဝမှာ မလုပ်ချင်ဘဲနဲ့ မလွှဲသာလို့ လုပ်ရတဲ့အလုပ်ဆိုတာ ရှိတော့ ရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒါမျိုး နည်းလေ ကောင်းလေပဲ။ တစ်ခါတလေ စိတ်က ဟိုဘက်တဝက် ဒီဘက်တစ်ဝက် ဖြစ်နေတတ်တယ်။

အဲသလိုအခါမျိုးမှာ ကိုယ့်စိတ်ကို ကိုယ် ပြင်ထားဖို့လည်း လိုတယ်၊ ပြင်လိုက်ဖို့လည်း လိုတယ်။ သွားရမယ့် အတူတူတော့ ငါတော့ တတ်နိုင်သမျှ ပျော်လိုက်တော့မယ်။ အားရပါးရ ပြောလိုက်တော့မယ်။

ဒီအချိန်ကို အလကားနေရင်း အကုန်မခံနိုင်ဘူး၊ မဖြုန်းနိုင်ဘူး။ အဲဒီမှာ ရောက်ခိုက်မှာ အများနဲ့ ပြောစရာ၊ ဆိုစရာကို စိတ်ပါ လက်ပါ

ဝင်ပြီးတော့ ပြောမယ်၊ ဆိုမယ် ဆွေးနွေးမယ်။ အဲဒီမှာ ငါယူရမယ့် ငါ့အခန်းကဏ္ဍ၊ ငါ့ တာဝန်ကို ပြည့်ပြည့်ဝဝ ယူလိုက်မယ်။ အဲဒီလို သဘောထားလိုက်ရမယ်။

Credit-Original Post