မြန်မာနိုင်ငံ၌ ရှေးမြို့ဟောင်းများအကြောင်း ပြောကြလျှင် အများစုမှာ မြန်မာပြည် အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသရှိ

မြန်မာနိုင်ငံ၌ ရှေးမြို့ဟောင်းများအကြောင်း ပြောကြလျှင် အများစုမှာ မြန်မာပြည် အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသရှိ

သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းစသည့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ပျူမြို့များကိုသာ ပြေးမြင်တတ်ကြသည်။

သို့သော် မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသဖြစ်သည့် ဧရာဝတီတိုင်း၌ မန္တလေးနန်းမြို့ထက်အရွယ်အစား ကြီးမားသည့် မြို့ဟောင်းကြီးတခု တည်ရှိနေသည်ဟုဆိုလျှင် လူအများ အံ့သြကြပါလိမ့်မည်။

ပုသိမ်မြို့မှ ပုသိမ် – မုံရွာလမ်းမကြီး အတိုင်းသွားလျှင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ အလွန် တောင်ဇင်းရွာ ရောက်မည်ဖြစ်သည်။

ရွာအတွင်းလမ်းအတိုင်း ၃ မိုင်ခန့် ဝင်ရောက်သွားပါက အကျယ်အဝန်း ၈ မိုင်ပတ်လည်ခန့် ရှည်လျားသည်ဂဝံကျောက်များဖြင့် တည်ဆောက်ထားသော မြို့ဟောင်းကြီးကို မြင်တွေ့ရမည် ဖြစ်သည်။

မြို့ဟောင်းနေရာတွင် သီတင်းသုံးနေသည့် ကြပ်ပြင်တောရ ကျောင်းတိုက် ဆရာတော် ဦးပညာသီရိက“ဒီမြို့ဟောင်းနေရာက လူသူမနီးတော့ အရင်တုန်းကဆိုရင် ဆရာတော်ကြီးတွေလောက်ပဲ တရားကျင့်ကြံဖို့ လာနေကြတယ်။

၂၀၀၈ ခုနှစ်မှာ ဦးပဇ္ဈင်းရဲ့ ဆရာတော်ကြီးတွေ ခိုင်းစေချက်အရ ဒီနေရာမှာ တောရ ဆောက်တည်ပြီး ရှေးဟောင်း သာသနိကအဆောက်အဦးတွေကိုလည်း

ထိမ်းသိမ်းရင်း တဖက်ကလည်း ပျူမြို့ဟောင်း က ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေလည်း ထိန်းသိမ်းရင်း သီတင်းသုံးခဲ့တာ အခုအချိန် အထိပဲ” ဟု ဧရာဝတီသို့ မိန့်ကြားသည်။

ဆရာတော် ဦးပညာသီရိက ရွာနီးချုပ်စပ်မှ ဒကာများနှင့်အတူ မြို့ဟောင်းရှိ ရှေးဟောင်းသာသနိက အဆောက် အဦးများ၏ ချုံနွယ်ပိတ်ပေါင်းများကို

ခုတ်ထွင်ရှင်းလင်းပြီး တောရဆောက်တည်ရင်း ၂၀၀၉ ခုနှစ်တွင် သမိုင်း သုတေသီ ဦးဘုန်းတင့်ကျော်နှင့် အဖွဲ့ကို ဖိတ်ခေါ်၍ မြို့ဟောင်းကို လေ့လာစေခဲ့သည်။

သုတေသီ ဦးဘုန်းတင့်ကျော်နှင့် အဖွဲ့က မြို့ဟောင်း၌ တွေ့ရှိရသည့် အက္ခရာများ၊ အုတ်ချပ်၊ ရေတွင်း၊ အုတ်လှေကား၊ စေတီ၊

ဗုဒ္ဓရုပ်ပွားတော်နှင့် နတ်ရုပ်များကို လေ့လာ မှတ်တမ်းတင်ပြီးနောက် လွန်ခဲ့သည့် နှစ်ပေါင်း ၂၃၀၀ ကျော်က ပျူလူမျိုးတို့ တည်ဆောက်ခဲ့သည့် မြို့ဟောင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဘီစီ ၃ရာစု (ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၃၀၀) နှင့် ဘီစီ ၆ ရာစုအကြား ထွန်းကားခဲ့သည့် ဗုဒ္ဓခေတ်နှင့် အသောက ခေတ်တို့တွင်ဗြဟ္မီ (ဗရမ်မီ) ဟူသည့် အက္ခရာကို အသုံးပြုခဲ့ကြကြောင်း၊ အဆိုပါ ဗြဟ္မီအက္ခရာကို မြန်မာနိုင်ငံရှိ ထင်ရှားသည့် ပျူမြို့ဟောင်းများဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း

တို့တွင် တွေ့ရှိရသကဲ့သို့ အင်္ဂပူမြို့နယ်ရှိ ဂဝံမြို့ဟောင်း တွင်လည်း အခိုင်အမာ တွေ့ရှိရသည့်အတွက် ပျူမြို့ဟောင်းဖြစ်နိုင်သည်ဟု ပြောဆိုခြင်းဖြစ်ကြောင်း သမိုင်းပညာရှင် ဦးဘုန်းတင့်ကျော်က ဧရာဝတီကို ရှင်းပြသည်။

“ဒီမြို့ဟောင်းဟာ ဗုဒ္ဓခေတ်နဲ့ အသောကခေတ်ကြားမှာ ထွန်းကားခဲ့တယ်။ ဗုဒ္ဓခေတ်နဲ့ အသောကခေတ်က ဗြဟ္မီ လို့ခေါ်တဲ့ အက္ခရာကို သုံးတယ်။

အဲဒီအက္ခရာဟာ အသောကမင်း နတ်ရွာစံပြီး ၁ နှစ်အတွင်း သူ့အင်ပါယာကြီးလည်း ပြိုကွဲပြီးတဲ့နောက် အဲဒီအက္ခရာလည်း ကွယ်ပျောက်သွားခဲ့တယ်။

ဒါကြောင့် ဗြဟ္မီ အက္ခရာ အထောက်အထားအရ ဒီမြို့တည်တာဟာ စောရင် ဘီစီ ၆ ရာစု၊ နောက်ကျရင် ဘီစီ ၃ ရာစု ဖြစ်မယ်။ အဲဒီထက်တော့ နောက်မကျနိုင်ဘူး။

ဘာလို့လဲဆိုတော့ ဘီစီ ၃ ရာစုထကျ နောကျကရြငျ ဗွဟီ်မ အက်ခရာတှေ ရစရာ မရှိတော့ဘူး” ဟု သူက အထောကျအထား အကိုးအကားနှင့ျ ဆိုသညျ။

ထို့အပြင် မြို့ဟောင်းအနောက်ဘက် လေသာတောင်ရှိ ဓမ္မိကစေတီတော်အနီး တွေ့ရသည့် ကျောက်ဆစ် နတ်ရုပ်များမှာ ပဲခူးတိုင်း ရွှေတောင်မြို့ရှိ ပျူခေတ် ရဟန္တာသိမ်မှ

နတ်ရုပ်များနှင့် လက်ရာ တထပ်တည်း တူညီနေခြင်း၊ အုတ်လှေကား များမှာလည်း ပျူလက်ရာအတိုင်း ဒေါင်လိုက် စီတန်းထားသည့် တည်ဆောက်ပုံများကြောင့် ပျူမြို့ဟောင်းဖြစ်နိုင်ခြေ ပိုများနေကြောင်း ဦးဘုန်းတင့်ကျော်က ပြောသည်။

“ဒီမြို့ကြီးဟာ အနော်ရထာမင်း နန်းမတက်ခင် စတုတ္ထပုဂံခေတ် မတိုင်မီမှာဘဲ ပျက်စီးခဲ့တယ်လို့ ယူဆရတယ်။ အေဒီ ၁၁ ရာစု နောက်ပိုင်း စတုတ္ထပုဂံခေတ် ရာဇဝင်မှတ်တမ်းတွေ၊ မွန်တွေရဲ့ မှတ်တမ်းတွေမှာ ဒီမြို့ဟောင်းကို လုံး၀ မတွေ့ရတော့ဘူး။

အဲဒီခေတ်က မပျက်သေးဘဲ လူနေတုန်းဆိုရင် ဒီလောက်ကြီးတဲ့ မြို့ကြီးဟာ ပုဂံခေတ် မှတ်တမ်းတွေမှာ ကျိန်းသေပါရမယ်။ အခုက ရာဇဝင်တွေမှာကို ရှာမတွေ့တော့တာ” ဟု ဦးဘုန်းတင့်ကျော်က ပြောသည်။

နေပြည်တော်ရှိ ရှေးဟောင်းသုတေသန ဌာန၏ အဆိုအရမူ မြေပေါ် အထောက်အထားများအရ ပျူမြို့ဖြစ်သည့် အထောက်အထား မတွေ့ရဘဲ နှစ်ပေါင်းရာနှင့်ချီ တည်ရှိခဲ့သည့် ရှေးမြို့ဟောင်းတခု အဖြစ်သာ ယာယီ သတ်မှတ်ထားကြောင်း သိရသည်။

“ကျနော်တို့ ဌာနက ၂၀၁၃ ခုနှစ်မှာ ပညာရှင်တွေစေလွှတ်ပြီး အင်္ဂပူမြို့ဟောင်းကို လေ့လာသုတေသန ပြုထားပါတယ်။ မြေပေါ် အထောက်အထားတွေ အရတော့ ပျူမြို့ဖြစ်ကြောင်း မတွေ့ရဘူး။

ဥပဒေအရ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိရင် ရှေးဟောင်းအဖြစ် သတ်မှတ်တဲ့အတွက် ရှေးမြို့ဟောင်း တခုခုတော့ ဖြစ်နိုင်ပါတယ်” ဟု ရှေးဟောင်း သုတေသနဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ပျူသမိုင်းနှင့် ပတ်သက်၍ လေ့လာနေသည့် သုတေသီ ဦးဘုန်းတင့်ကျော်ကမူ မြန်မာနိုင်ငံတွင် တကောင်းခေတ် မတိုင်မီ ဘီစီ ၃ ရာစုမှ ၆ ရာစုအတွင်း ထွန်းကားခဲ့သည့်

ပျူမြို့ပေါင်း ၂၂ မြို့ ရှိပြီး ယင်းမြို့များထဲတွင် ပင်လယ်ပျူ အမည်ရှိ မြို့တမြို့ ပါဝင်ကြောင်း၊ ဧရာဝတီတိုင်းတွင် တွေ့ရသည့် အင်္ဂပူမြို့ဟောင်းမှာ ပင်လယ်ပျူမြို့ ဖြစ်နိုင်ကြောင်း ယူဆနေသည်။

“ပျူရာဇဝင် မှတ်တမ်းတွေမှာ ပင်လယ်ပျူမြို့ဆိုပြီး ဖော်ပြထားတဲ့ မြို့တမြို့ ပါတယ်။ ပင်လယ်ကမ်းနားအနီးမှာ တည်တဲ့အတွက် ပင်လယ်ပျူမြို့လို့ ခေါ်တယ်။

ကျနော်ကတော့ အင်္ဂပူမြို့ဟောင်းဟာ ပင်လယ်ပျူမြို့လို့ ထင်မိတယ်။ ပင်လယ်ကမ်းနားမှာ တည်တဲ့ မင်းနေပြည်တော် အရွယ်ရှိတဲ့ မြို့ကြီးဆိုလို့ ဒီတမြို့ပဲ ရှိတယ်” ဟု သမိုင်းပညာရှင် ဦးဘုန်းတင့်ကျော်က ပြောသည်။

ပျူခေတ်အုပ်ချုပ်ပုံ၌ ရှင်ဘုရင်များသာလျှင် ကြီးမားသည့် မြို့ကြီးများ တည်ဆောက်ခွင့်ရှိကြရာ မြို့စား၊ နယ်စားများမှာ ဘုရင်နန်းစံသည့် မင်းနေပြည်တော်၏

ထက်ဝက်ခန့် (သို့မဟုတ်) သုံးပုံတပုံခန့် အရွယ် အစားရှိသည့် မြို့များသာ တည်ဆောက်ခွင့်ရကြသည်ဟု သိရသည်။

အကျယ်အဝန်း ၈ မိုင် ပတ်လည်ခန့်ရှိသည့် အင်္ဂပူမြို့ဟောင်းမှာ မြန်မာပြည်အောက်ပိုင်းရှိ ပဲခူး၊ မုတ္တမ၊ သထုံဒေသရှိ မြို့ဟောင်းများထက်အရွယ်အစား ပိုမိုကြီးမားနေသည့်အတွက် ပျူဘုရင်တပါးပါး ထီးနန်းစိုးစံအုပ်ချုပ်ခဲ့လိမ့်မည်ဟု အင်္ဂပူမြို့ဟောင်းကို သုတေသနပြုခဲ့သည့် သမိုင်းပညာရှင်အဖွဲ့က ယူဆထားသည်။

အင်္ဂပူမြို့ဟောင်းမှာ ရခိုင်ရိုးမကို နောက်ခံထား၍ ပေ ၁၀၀ ကျော်မြင့်သည့် တောင်ကြောပေါ်တွင် တည်ဆောက် ထားခြင်းဖြစ်ပြီး၊ စေတီပုထိုးများ၊စိမ့်စမ်း ရေတွင်းများ တည်ရှိရာနေရာကို အလယ်ဗဟို ထားကာ ဘယ်ဘက် နှင့် ညာဘက် တောင်ကြောများပေါ်တွင် ဂဝံကျောက်တုံးကြီးများဖြင့် မြို့ရိုးများ တည်ဆောက်ထားသည်။

မြို့အရှေ့ဘက် မျက်နှာစာတွင် ကျယ်ပြန့်သည့် မြေပြန့်လွင်ပြင်နှင့် ကျေးရွာများ တည်ရှိသည်ကို တွေ့ရသည်။

“အဲဒီကာလမှာ မြို့တည်တဲ့လူတွေဟာ စနစ်ကျတယ်။ ဘယ်ဘက်နဲ့ ညာဘက်က တောင်ကြောတွေပေါ်မှာ ကင်းစခန်းတွေ တည်ထားပြီး အလယ်မှာ အဝင်လမ်းလုပ်ထားပေးတယ်။

သူတို့ဆီကိုလာတဲ့ ကုန်သည်တွေ၊ သံတမန်တွေ၊ ရန်သူတွေ ဝင်လာမယ်ဆို ဝင်ပေါက်က မြေပြန့်လွင်ပြင်ကလာရမယ့် အလယ်ပေါက်တခုပဲ ရှိတာ တွေ့ရတယ်” ဟု အင်္ဂပူမြို့ဟောင်းကို ကွင်းဆင်းလေ့လာခဲ့သူ ဦးဘုန်းတင့်ကျော်က ပြောသည်။

အကယ်၍ ပျူမြို့သာ မှန်ပါက အကျယ်အဝန်း ၈ မိုင်ကျော်ရှိသည့် အင်္ဂပူမြို့ဟောင်းသည် သရေခေတ္တရာ ပျူမြို့ဟောင်းပြီးလျှင် ဒုတိယအကြီးဆုံး ပျူမြို့ဖြစ်လာနိုင်ကြောင်း သူက ဆိုသည်။

ဧရာဝတီတိုင်း၌ တူးဖော်တွေ့ရှိရသည့် သမိုင်း အထောက်အထားများအရ အေဒီ ၁၄ ရာစုတွင် ထွန်းကားခဲ့သည့် အင်းဝခေတ်မှာ အစောဆုံးဖြစ်ပြီး ယခုတွေ့ရှိသည့် အထောက်အထားများသည် ပျူခေတ်ကတည်းက ဖြစ်သည်ဆိုပါက အင်းဝထက် နှစ် ၁၀၀၀ ကျော် ပို၍ ရှေးကျနိုင်သည့် သဘောဖြစ်သည်။

“လက်ရှိမှာ ပျူခေတ် အထောက်အထားတွေ တွေ့ရှိနေရပြီ။ သေချာစနစ်တကျ တူးကြည့်မယ်ဆိုရင် သမိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အထောက်အထားတွေ ရလာနိုင်တယ်” ဟု ဦးဘုန်းတင့်ကျော်က ပြောသည်။

ဧရာဝတီတိုင်း၌ ရှေးဟောင်းမြို့ဟူ၍ မြောင်းမြ တမြို့သာရှိပြီး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်၍ ယဉ်ကျေးမှုဝန်ကြီးဌာနက ထိမ်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။

သမိုင်းတန်ဖိုး နားမလည်ကြသည့် လူတချို့က မြို့ဟောင်းမှ ဂဝံကျောက်တုံးများ၊ အုတ်ချပ်များကို ထုချေ၍ လမ်းခင်းခြင်း၊ ဘုရားခြေတော်ရာ ရွှေချထားသည်များကို ခွာယူခြင်း၊

ဆေးကုလားမပင် စိုက်ပျိုးရန်ဟုဆိုကာ မြို့ဟောင်းဧရိယာအတွင်းရှိ ရှေးဟောင်း အဆောက်အဦးများကို ဖျက်ဆီးခြင်းများ ရှိနေသည့်အတွက် အင်္ဂပူမြို့ဟောင်းကိုလည်း

ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်ပြီး အစိုးရက စနစ်တကျ ထိမ်းသိမ်း စောင့်ရှောက်စေလိုကြောင်း ကြပ်ပြင်တောရ ဆရာတော် ဦးပညာသီရိက မိန့်ကြားသည်။

“မြို့ဟောင်းကို ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်ပြီး အစိုးရက အမြန်ဆုံး စောင့်ရှောက်မှသာ အဆင်ပြေမယ်။

အခုတောင် မြို့ဟောင်း အနောက်ဘက် ဆင်ကျုံးရှိတဲ့နေရာမှာ ဆေးကုလားမ စိုက်ဖို့ဆိုပြီး စီးပွားရေး သမားတွေက လာတူးလိုက်တော့ ဆင်ကျုံးပျက်စီးသွားပြီ။

ဦးပဇ္ဈင်းလည်း တတ်နိုင်သလောက် စောင့်ရှောက် ပေမယ့် အစိုးရမလုပ်ရင်မရတဲ့ အခြေအနေ ဖြစ်နေပြီ” ဟု ဆရာတော်က မိန့်သည်။

အင်္ဂပူမြို့ဟောင်းအား ၂၀၁၃ ခုနှစ်တွင် နေပြည်တော်ရှိ ရှေးဟောင်း သုတေသနဌာနမှ တာဝန်ရှိသူများ လာရောက် စစ်ဆေး၍ မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်အထိ မြို့ဟောင်းအဖြစ် ထိမ်းသိမ်းစောင့်ရှောက်ခြင်း မရှိသေးကြောင်း သိရသည်။

နေပြည်တော်ရှိ ရှေးဟောင်း သုတေသနဌာနမှ အဆင့်မြင့် အရာရှိတဦးကမူ “ဘတ်ဂျတ် (အသုံးစရိတ်) အရ ဒီမြို့ဟောင်းကို ကျနော်တို့က တူးဖော်ဖို့ အလှည့် မပေးနိုင်သေးဘူး။

ရှေ့မှာက သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသဖြင့်ပေါ့၊ သေချာနေတဲ့ မြို့ဟောင်းတွေ တူးဖော်နေရတော့ အလှည့် မပေးနိုင်သေးတာပါ။

ထိန်းသိမ်း စောင့်ရှောက်ဖို့ကတော့ ရှေးဟောင်းအမွေအနှစ် ထိမ်းသိမ်းရေး ဥပဒေအရ ကျနော်တို့ လုပ်ဆောင်သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဆရာတော် ဦးပညာသီရိက မြို့ဟောင်းအဖြစ် သတ်မှတ်ရာအတွင် အထောက်အကူ ပြုနိုင်ရေးအတွက် ဒေသခံများ တွေ့ရှိထားသည့် ရှေးဟောင်းပစ္စည်းများကို အလှူခံပြီး စုဆောင်းနေသည်။

“ဒေသခံတွေက လယ်ထွန်ရင်း၊ တူးဆွရင်း ဆေးတံတွေ၊ ပယင်းနားတောင်းတွေ၊ စာတွေရေးထားတဲ့ အိုးခြမ်းကွဲတွေ တွေ့ကြတာရှိတယ်။

အဲဒါတွေတွေ့ရင် ဦးပဇ္ဈင်းကို လှူပေးကြပါလို့ ပြောထားတယ်။ လက်ရှိတော့ အုတ်ချပ် ၂၀ လောက်နဲ့ ဆေးတံဟောင်းတွေ လာလှူထားလို့ သေချာသိမ်းထားတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

မြန်မာနိုင်ငံ၌ ရှေးမြို့ဟောင်းပေါင်း ၃၅၀ ကျော် တွေ့ရှိ မှတ်တမ်းတင်ထားသော်လည်း ရှေးဟောင်း သုတေသနဌာနက မြို့ ၁၀ မြို့ခန့်သာ တူးဖော်ထားနိုင်ကြောင်း၊

မြို့ဟောင်းများကို စနစ်တကျ တူးဖော် မှတ်တမ်းတင်နိုင်မှသာ မြန်မာနိုင်ငံ ထွန်းကားပေါ်ပေါက်လာပုံ သမိုင်း (Standard History) ပြုစု ရေးသား နိုင်မည်ဖြစ်ကြောင်း သမိုင်းပညာရှင် ဦးဘုန်းတင့်ကျော်က ပြောသည်။

“နိုင်ငံတခုအတွက် Standard History ဆိုတာ အရေးကြီးပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံတောင် Standard History ရေးပြီးပြီ။

ကျနော်တို့နိုင်ငံက မရေးရသေးဘူး။ ဒါရေးမယ်ဆိုရင် မြို့ဟောင်းတွေကို စနစ်တကျ တူးဖော်မှတ်တမ်းတင်ဖို့ လိုတယ်။ အင်္ဂပူမြို့ဟောင်းကလည်း မြန်မာ့သမိုင်းအတွက် တထောင့်တနေရာက အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်တယ်” ဟု သူက ပြောသည်။

Credit-Oriiginal Post