ဗိုလ်လောင်းဝင်လျှောက်သူမရှိသဖြင့် ဝင်ခွင့်လျှောက်လွှာတင်ရမည့်ရက် ထပ်မံတိုးမြှင့်

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ၏ စစ်ရာထူးခန့်ချုပ်ရုံးက စစ် တက္ကသိုလ် တက်ရောက်ခွင့်အတွက် ဝင်ခွင့်လျှောက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်ကို ဒုတိယအကြိမ် သက် တမ်း ထပ်တိုးကာ လက်ခံသွားမည် ဖြစ်ကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကြေညာသည်။

စစ်တက္ကသိုလ်၊ တပ်မတော် နည်းပညာတက္ကသိုလ်နှင့် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း လျှောက်လွှာများ ထုတ်ပေးခြင်း၊ တင်သွင်းခြင်းများကို ကိုဗစ်ရောဂါ ကူးစက်မှုအခြေအနေအရ စက်တင်ဘာလကုန်အထိ ထပ်မံ တိုးမြှင့် လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း ကြေညာချက်အရ သိရသည်။

စစ်ကောင်စီသည် ဗိုလ်လောင်း သင်တန်းလျှောက်လွှာများ ထုတ်ယူခြင်း တင်သွင်းခြင်းအား မူလက ဩ ဂုတ်လ ၄ ရက် နောက်ဆုံးထားကာ နီးစပ်ရာ တိုင်းစစ်ဌာန ချုပ်များတွင် လက်ခံလုပ်ဆောင်ပေးရန် ကြေညာခဲ့သော်လည်း ဩဂုတ်လကုန်အထိ တိုးမြှင့် လက်ခံပေးသွားမည်ဟု ကြေညာခဲ့သည်။

ယင်းနောက် ကိုဗစ် -၁၉ ရောဂါကူးစက်မှု တဖြည်းဖြည်း လျော့ကျလာသည့်တိုင် ယခုအခါတွင် စက်တင်ဘာလအကုန်အထိ ထပ်မံတိုးမြှင့်လက်ခံပေးသွားမည်ဟု ကြေ ညာလာခြင်းဖြစ် သည်။

လူထု အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်သည့် တပ်မတော်အရာရှိများကမူ စစ်တက္ကသိုလ် တက်မည့်သူ မရှိသဖြင့် စစ်တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာ လက်ခံပေးမည့်ရက် ထပ်မံ သက်တမ်းတိုးခြင်း ဖြစ်နိုင်ပြီး ၎င်းတို့ သိရှိထားသမျှ ဗိုလ်လောင်း လျှောက်လွှာ တင်သွင်းမှုသည် ယခုတကြိမ်တွင် အနည်းပါးဆုံး အခြေ အနေ ဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် လက်ရှိ ၂၀၂၁ ခုနှစ်အတွက် ခေါ်ယူသည့်တပ်မတော်(ကြည်း) ဗိုလ်လောင်းသင်တန်း(OTS)အပတ်စဥ် ၁၂၅ သို့ ဘွဲ့ရအရပ်သားများ ဝင်ရောက်လျှောက်ထားသူတစ်ဦးမျှ မရှိကြောင်း စုံစမ်းသိရှိရသည်။

ယခင် စစ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်းက ဖွင့်လှစ်ခဲ့သည့် OTS ဗိုလ်လောင်းသင်တန်းအပတ်စဥ်၁၂၄ သို့ ဘွဲ့ရအရပ်သားလျှောက်ထားသူ ၃၀၀ နီးပါး ရှိခဲ့သော်လည်း ယခုနှစ်အတွက် OTS ဗိုလ်သင်တန်း အပတ်စဥ် ၁၂၅ သို့ လျှောက်ထားသူ မရှိခြင်းဖြစ်ကြောင်း တပ်မတော် အသိုင်းအဝိုင်းထံမှ သိရသည်။

ယင်း ဗိုလ်လောင်းသင်တန်းအား ဘွဲ့ရအရပ်သားများအတွက် ကန့်သတ်ချက်မှာ အသက် ၂၃ နှစ်အောက် အစိုးရအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခု၏ မည်သည့်ဘွဲ့မဆို လျှောက်ထားနိုင်သည်ဟု သတ်မှတ်ထားသည်။

မည်သည့်ဘွဲ့မဆိုဟု သတ်မှတ်ထားသော်လည်း ရွေးချယ်ရာတွင် အဝေးသင်ဘွဲ့များဖြစ်ပါက ဥပဒေ နှင့် စီးပွားရေးဘွဲ့ကိုသာ အဓိကထားရွေးချယ်ပြီး ကျန် Institute ပညာရပ်ဘွဲ့များအား ဦးစားပေးရွေးချယ်ကြောင်း သိရသည်။

ယခုနှစ် OTS ဗိုလ်လောင်းသင်တန်း အပတ်စဥ် ၁၂၅ သို့ တပ်တွင်း သတ်မှတ်ချက်ပြည့်စုံသည့် ၁၀ တန်းအောင်၊ ဘွဲ့ရစစ်သည်များသာ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

တနိုင်ငံလုံးမှ စစ်သည် ၄၀၀ ခန့် ဝင်ရောက်ဖြေဆိုခဲ့ပြီး ယင်းတို့အထဲမှ လူ ၃၀၀ ခန့်ကို ဗိုလ်လောင်းသင်တန်းသားအဖြစ် ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်က Inservice (တာဝန်ထမ်းဆောင်ဆဲ အခြားအဆင့်စစ်သည်) တွေချည်းပဲ။ အပြင်က လျှောက်တဲ့ အရပ်သား မပါဘူး။ အရင်နှစ်တွေကဆို အရပ်သားလျှောက်တာ ၃၀၀ လောက် ရှိတယ်။

ကျွန်တော်တို့နဲ့ပေါင်းရင် ၇၀၀ ကျော်လောက် ဗိုလ်ရွေးဝင်ရတယ်။ အဲ့ဒီထဲကမှ ၃၀၀ နီးပါးလောက် ပြန်ရွေးတာ“ဟု ယခုနှစ် OTS ဗိုလ်လောင်းသင်တန်း ဝင်ရောက်ဖြေဆိုခဲ့ပြီး ဗိုလ်ရွေးဝင်ခဲ့သူ တပ်မတော်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ဖြေကြားချက်အရ သိရသည်။

ယခင်က ဗိုလ်လောင်းသင်တန်းလျှောက်ထား၍ စစ်ဗိုလ်လုပ်ရန် စိတ်ဝင်စားခဲ့သော်လည်း ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းခဲ့သည့် ဖြစ်စဥ်များနှင့် ပြည်သူလူထုအပေါ် ပြုမှုခဲ့သည့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဗိုလ်သင်တန်း ဖြေဆိုဖို့ ရည်ရွယ်ချက် မရှိတော့ကြောင်း စီးပွားရေးဘွဲ့ရ လူငယ်တစ်ဦးက ပြောဆိုသည်။

“အရင်ကတော့ COVID-19 နဲ့ဆိုတော့ အလုပ်တွေဘာတွေလည်း ခေါ်တာရှားတယ်လေ။ ကျွန်တော်ကလည်း စစ်ဗိုလ်ကို ဝါသနာလည်းပါတယ်။ စစ်ဗိုလ်ဖြေမယ်ဆိုတဲ့ ရည်ရွယ်ချက်လေး ရှိတယ်။

အခု ဒီနိုင်ငံရေး အကြပ်အတည်းတွေနဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေက တပ်ထဲကလူတွေတောင် ထွက်ချင်နေကြတာ ဝင်ဖို့ဆိုတာတော့ ဘလိုမှမဖြစ်နိုင်တော့ဘူး“ဟု သူက ပြောဆိုသည်။

စစ်တပ်က ချုပ်ကိုင်ထားသော ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရဲတပ်ဖွဲ့၏ ဒုရဲအုပ်လောင်းသင်တန်းများတွင်လည်း အပြင်အရပ်သား ဝင်ရောက်ဖြေဆိုသူ မရှိကြောင်း သိရသည်။

အရပ်သားဖြေဆိုလျှောက်ထားသူ မရှိသည်မှာ လက်ရှိဖွင့်လှစ်ဆဲ သင်တန်းနှင့် ယခုလအတွင်း ခေါ်ယူသည့် သင်တန်း ၂ ပတ်စဥ် ရှိပြီဖြစ်ပြီး ရဲတပ်ဖွဲ့တွင်းမှ ဖြေဆိုသူများသာရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံက သိရသည်။

“အရပ်သား ဒုရဲအုပ်လောင်းမပါတာ သင်တန်းဖွင့်ပြီးတဲ့ ရှေ့တစ်ပတ်စဥ်ရယ်၊ အခု ဒီလထဲခေါ်တဲ့ အပတ်စဥ်ရယ်ပေါ့။ အရပ်သားမပါတော့ လူနည်းသွားတာပေါ့။

ဖြေတဲ့သူတွေတော်တော်များများ ပါဖို့ ရာခိုင်နှုန်း သေချာသလောက်ရှိနိုင်တယ်”ဟု အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

ယခုကဲ့သို့ စစ်တပ်အရာရှိနှင့် ရဲတပ်ဖွဲ့ အရာရှိသင်တန်းများသို့ အရပ်သားများ ဝင်ရောက်လျှောက်ထားသူ မရှိသည့်အခြေအနေက တပ်မတော်သမိုင်းတလျှောက် မကြုံဖူးသော အခြေအနေဖြစ်သည်ဟု စစ်ဘက်အသိုင်းအဝိုင်းက ပြောဆိုကြသည်။

Crd-Original Post