ရန်ကုန်၊ မေ ၂၆
မန္တလေးတိုင်း၊ အမရပူရမြို့နယ်အတွင်းမှ ကျေးရွာတစ်ရွာရှိ အလယ်တန်းကျောင်းတွင် စစ်ကောင်စီမှ ခန့်အပ်ထားသော တာဝန်ကျဆရာမတစ်ဦးမှာ အခြေခံ စာလုံးပေါင်းသတ်ပုံကိုပင် မှန်အောင်မရေးနိုင်ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးဘ(အမည်လွှဲ) မှ ပြောသည်။”ကျနော့်သမီး ပဉ္စမတန်းကျောင်းသူကို ကျောင်းသွားအပ်တော့ အဲ့ဒီ ဆရာမက စာရင်းမှတ်တော့ ပစ်စမတန်းလို့ ရေးလိုက်တာဗျာ၊ နောက် အခြားကလေးတစ်ယောက် စတုတ္ထတန်းကိုလည်း စတုတ်ထတန်းကို ရေးတာ” ဟု ကျောင်းသားမိဘတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောသည်။


လက်ရှိ မြန်မာနိုင်ငံတွင် CDM ပြုလုပ်ထားသော အခြေခံပညာ ဆရာ/ဆရာမများ များနေသောကြောင့် စစ်ကောင်စီမှ အကြပ်ရိုက်နေပြီး ကျောင်းဆရာ၊ ဆရာမ အလုပ်လျှောက်လိုသူများကို ဧပြီလကုန်မှစ၍ မြို့နယ်ပညာရေးမှူးရုံးများတွင် လျှောက်လွှာခေါ်ယူ ခန့်အပ်ခဲ့သည်။အမေရပူရမြို့နယ်အတွင်းက အဆိုပါကျေးရွာတွင် ကျာင်းလာမအပ်သည့် ကျောင်းသားမိဘများကို အရေးယူမည်ဟု သတင်းများပျံ့နှံ့နေသောကြောင့် သားသမီးများကို အလျှင်စလို ကျောင်းသွားအပ်နေရတာဟု ကျောင်းသားမိဘများထံမှ သိရသည်။


“ရွာနာမည်တော့ မပြောပါရစေနဲ့ဗျာ၊ ရွာကသေးတော့ သူတို့ (စစ်ကောင်စီ) သိသွားရင် ရိုက်နှက်စစ်တော့မှာ၊၃၁ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းလာမအပ်ရင် ကျောင်းသားမိဘကို ၅၀၅ (က) နဲ့ဆိုလား အရေးယူမယ်လို့ ရွာမှာ သတင်းတွေထွက်နေတာ၊ ကျနော်တို့လည်း ကြောက်ကြောက်နဲ့ သွားအပ်ရတာ၊ အခုလို ဆရာမတွေကိုယ်တိုင်က စာလုံးပေါင်းမှားနေတော့ ရယ်ရခက် ငိုရခက်ဗျာ၊ ကျနော့် ကလေးအတွက်တော့ ရင်လေးတယ်၊ တကယ်ပဲ” ဟု ဦးဘ(အမည်လွှဲ) မှ ဆိုသည်။

Source-KhitThit