ဘဏ်မှ ငွေထုတ်ချင်သူများ စက်တင်ဘာမှာ အပြည့်အဝထုတ်ယူခွင့်ရရှိတော့မည်

ဘဏ်တွေကနေ ငွေအကန့်အသတ်နဲ့ထုတ်ယူရတဲ့ကိစ္စကို လာမယ့် စက်တင်ဘာလ လဆန်းပိုင်းက စတင်ပြီး ဖြေလျှော့မှုတွေ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဝင်းသော်ကပြောပါတယ်။

“စက်တင်ဘာလထဲမှာ စပြီးတော့ တဖြည်းဖြည်း ဖြေလျှော့သွားမှာပါ။ ကျနော်တို့ပြောထားတဲ့အတိုင်းပါပဲ။ ငွေထုတ်တာတွေနဲ့ပတ်သက်ပြီး တိုးထုတ်နိုင်ဖို့ပေါ့။လက်ရှိဖြစ်နေတဲ့ အခြေအနေတစ်ခုထက် အဆင်ပြေအောင်ပေါ့ ။ ဥပမာပေါ့ ATM ပေါ့ ဒါကရှင်းလင်းအောင်ပြောပြတာပေါ့

ATMတွေမှာဆိုရင် ပိုက်ဆံထုတ်လို့မရဘူးရှိတယ်၊ ဒါတွေဆို ပတ်ဝန်းကျင်ထိတွေ့မှုအများဆုံးနေရာတွေမှာ ပြဿနာတွေရှိနိုင်တာပေါ့။နောက်တစ်ခါ ဘဏ်တွေမှာ ၂၀၀ ၊၂၀ ကန့်သတ်ထားတာရှိတယ်။တကယ်တမ်းကျ ၂၀၀ ၊ ၂၀ တောင်မပေးကြဘူးဖြစ်နေတယ်။

ဒါတွေကိုလည်း ဘဏ်တွေကိုကန့်သတ်ချက်နဲ့အညီအပြည့်အဝထုတ်ပေးဖို့ဆိုတာတွေလုပ်မယ်“လို့ ဦးဝင်းသော်က ပြောပါတယ်။ လက်ရှိဖြစ်နေတဲ့အခြေအနေတွေကနေ ပိုပြီးအဆင်ပြေအောင် တဆင့်ပြီးတဆင့် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလည်း ငွေသားထုတ်ယူမှုဆိုင်ရာ

ကန့်သတ်ချက်တွေဖြေလျော့ပြီးဆောင်ရွက်ပေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။

“နောက်တဆင့်က ပရောဂျက်တွေရှိတယ်၊ တချို့ဆိုရင်နိုင်ငံတော်နဲ့ပတ်သက်ပြီးတော့ ချက်စ်တွေရပြီးတော့ ၂၀၀ ထုတ်တော့ လုပ်အားခပေးဖို့မလုံလောက်ဘူးပေါ့။အခက်အခဲတွေရှိတယ်။

ဒီလိုကိစ္စတွေကိုလည်း case by case ပေါ့ ၊ရွေးပြီးတော့ Government နဲ့ သက်ဆိုင်တဲ့ sector ထဲကနေ နိုင်ငံတော်တိုးတက်ရေးလုပ်နေတဲ့လုပ်ငန်းတွေ construction လုပ်ငန်းတွေဆို ဒါမျိုးတွေဆိုရင် ခုနတုန်းက ဒီ၂၀၀ ဆိုတဲ့သတ်မှတ်ချက်မဟုတ်ဘဲနဲ့ case by caseနဲ့ ကန့်သတ်ချက်တွေထက်လျှော့လုပ်ပေးတာမျိုးပေါ့

အဆင့်လိုက် အဆင့်လိုက်လုပ်သွားမှာပေါ့။ “လို့ သူကဆက်လက်ပြောပြပါတယ်။

ဗဟိုဘဏ်ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဘဏ်တွေကနေ ငွေထုတ်ယူခွင့်နဲ့ပတ်သက်လို့ ATM စက်ကနေ တစ်ရက်ကို ငွေကျပ် ငါးသိန်းကျပ်၊ ဘဏ်ကနေ တစ်ဦးချင်းအကောင့်နဲ့ တစ်ပတ်ကို ငွေကျပ်သိန်း ၂၀ ကျပ်

ကုမ္ပဏီ၊အဖွဲ့အစည်းတွေအတွက်က ငွေကျပ် သိန်း ၂၀၀ သာ ထုတ်ယူခွင့်ပြုဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ အဲ့ဒီညွှန်ကြားချက်ထုတ်ပြန်မှုအပြိးမှာ ပုဂ္ဂလိက ဘဏ်တွေဘက်က ငွေသားထုတ်ပေးမှုနဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေလုပ်လာခဲ့တာကြောင့် ATM တွေမှာ ငွေထုတ်ဖို့အတွက်

လူပေါင်းရာနဲ့ချီ တန်းစီစောင့်ခဲ့ရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီနောက် ATM စက်တွေမှာ ငွေဖြည့်တင်းမှုတဖြည်းဖြည်းလျော့နည်းလာပြီး အခုဆိုရင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့လိုနေရာတွေက ATMစက်အချို့မှာပဲ ငွေဖြည့်တင်းမှုရှိပြီး ကျန်တဲ့နေရာဒေသတွေမှာ ATMကနေ ငွေထုတ်ယူလို့မရတော့တာကို တွေ့ရပါတယ်။

Visa ဘဏ်ကဒ်ထဲကို ငွေသွင်း၊ ငွေလွှဲစနစ်နဲ့ပတ်သက်ပြီး ဗဟိုဘဏ်ဘက်က ကန့်သတ်မှုတွေမလုပ်ခဲ့ဘူးလို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်ကပြောပါတယ်။ ဘဏ်တွေဘက်ကManagement နဲ့ ပြုလုပ်ခြင်းသာဖြစ်ကြောင်း၊ လက်ရှိမှာတော့ ပုံမှန်အတိုင်းပြန်ဖြစ်နေပြီလို့လည်း ပြောပါတယ်။” ကန့်သတ်တာမရှိပါဘူး။

ဗီဇာကတ်ထဲ ငွေထည့်တာနဲ့ပတ်သက်လို့ ကန့်သတ်တယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ systemအရ ဘဏ်က သူတို့ဘာသာ management နဲ့ လိုအပ်တာကို ဘဏ်ကခဏလုပ်တာပါ။ သူတို့ အခုကပုံမှန်ဖြစ်သွားပါပြီ ” လို့ ဦးဝင်းသော်က ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက Visa ကဒ်ထဲကို ငွေသွင်း၊ ငွေလွှဲဝန်ဆောင်မှုလုပ်မယ်ဆိုရငျ

အွန်လိုင်းကနေလုပ်ဆောင်လို့မရဘဲ ဘဏ်ကိုသွားရောက်ပြီး ငွေသားပေးသွင်း၊ အမေရိကန်ဒေါ်လာအဖြစ် လဲလှယ်ပြီးမှ visa ကဒ်ထဲကို ငွေသွင်းနိုင်မယ်လို့ ဘဏ်အချို့က ကန့်သတ်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီးမေးမြန်းမှုကို ဗဟိုဘဏ်ဒုဥက္ကဋ္ဌက အထက်ပါအတိုင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

” အွန်လိုင်းကနေမရဘူး၊ ဘဏ်ကို ကိုယ်တိုင်လာရမယ်။ ငွေသားပဲသွင်းရမယ်ဆိုတော့ တော်တော် ဒုက္ခ ရောက်သွားတယ်။ ငွေကိုငွေပြန်လဲ၊ ပြီးမှ ဒေါ်လာထပ်လဲ၊ ကုန်ပစ္စည်းတွေကိုလည်း အွန်လိုင်းငွေချေအစား ငွေသားပေးဖို့ customerတွေကိုတောင်းဆိုရနဲ့။ ခုပုံမှန်အတိုင်းဖြစ်ပြီဆိုတော့လည်း ငွေသွင်းရင်သိရမယ် ” လို့

လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ လက်ရှိ အမေရိကန်ဒေါ်လာ ပေါက်ဈေးသည် ဗဟိုဘဏ်ရောင်းဈေးနဲ့ ပြင်ပပေါက်ဈေးလဲလှယ်မှုက တစ်ဒေါ်လာကို ကျပ်ငွေ ၁၀၀ လောက်အထိ ဈေးနူန်းကွာဟမှုရှိနေတယ်လို့လည်း သိရပါတယ်