ကိုဗစ်ကာကွယ်ဆေးထိုးပြီး‌နောက် အထည်ချုပ်အလုပ်သမားများ မူးလဲ၍ ဆေးရုံတင်ရ

ကိုဗစ်ကာကွယ်ဆေးထိုးပြီး‌နောက် အထည်ချုပ်အလုပ်သမားများ မူးလဲ၍ ဆေးရုံတင်ရ

ရန်ကုန်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် စက်မှုဇုန်တွင် အလုပ်သမားများကို ကိုဗစ်ကာကွယ်ဆေး အတင်းအကျပ်ထိုးနှံပေးပြီးနောက် အများအပြားမူးလဲပြီး သတိလစ်သွားသူ ၁၀၀ ကျော်ခန့် ကို ဆေးရုံတင်ထားရသည်။

ဩဂတ် ၂၁ တွင် Grand Enterprises Garment Co., Ltd (GEG) အထည်ချုပ်စက်ရုံ၊ အလုပ်ရုံ W ၌ အလုပ်သမား ၁,၀၀၀ နီးပါးကို စစ်တပ်အစောင့်အကြပ်ဖြင့် တရုတ်နိုင်ငံထုတ် Sinovac အမည်ရှိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။

ဆေးထိုးနှံပြီးနောက်နှင့် ထိုးနှံပြီး ၅ မိနစ်အတွင်း မူးလဲကျသွားကြကြောင်း၊ သတိလစ်သွားသူတို့ကို စစ်သားများက စစ်ဆေးရုံကို ခေါ်ဆောင်သွားသည်ကို တွေ့မြင်ရကြောင်း စက်ရုံအလုပ်သမား အမျိုးသမီးနှစ်ဦးက Myanmar Now ကို ပြောသည်။

“မူးလဲတာက တော်တော်များတယ်။ ဆေးထိုးပြီးပြီးချင်း မူးလဲတာတို့၊ တချို့ကျတော့ သတိလစ်လို့ ဆေးရုံသွားရတာတွေ များတယ်။ ကိုဗစ်ဆေးလို့ပဲ သူတို့(စက်ရုံပိုင်ရှင်)ကတော့ ပြောတာပဲ”ဟု မျက်မြင်တွေ့ရှိခဲ့သူ စက်ရုံအလုပ်သမား အမျိုးသမီးတစ်ဦးက ဩဂုတ် ၂၂ တွင် ပြောသည်။

ဆေးထိုးခံရသူ ၁၀ ဦး လျှင် ၈ ဦးခန့်မှာ အော့အန်ခြင်း၊ မူးလဲခြင်း၊ သတိမေ့ခြင်းတို့ ခံစားနေရသည်ဟု ထိုအမျိုးသမီးက ဆိုသည်။

“တရုတ်က ဆေးကို ထိုးတာလို့ပဲ ပြောတာ။ ဆေးထိုးပြီး ထွက်တာနဲ့ မူးလဲတာ။ တစ်ချို့ကျတော့လည်း ၅ မိနစ် လောက်မှ ဖြစ်တာ။ အန်တယ်၊ အန်ပြီးတာနဲ့ မူးလဲသွားတယ်။ ချက်ချင်းဖြစ်တာ”ဟု ၎င်းက ဆက်ပြောသည်။

သတိလစ်သွားသည့် အလုပ်သမား ၁၀၀ ကျော်ခန့် ရှိပြီး ၎င်းတို့ကို စစ်တပ်က လူနာတင်ကားများဖြင့် ခေါ်ဆောင်သွားကြောင်း၊ မည်သည့်နေရာတွင် ဆေးကုသပေးနေသည်ကို မေးမြန်း၍ မရကြောင်း ၎င်းက ပြောသည်။

“ထိုးတဲ့နေ့က စစ်သားတွေရော လာတယ်။ သတင်းယူခွင့်လည်းမရှိဘူး။ ဖုန်းကိုင်ခွင့်လည်းမရှိဘူး။ အလုပ်သမားခေါင်းဆောင်တွေတောင် ကိုင်ခွင့်မရှိဘူး။ စစ်သားတွေက ဘေးနားကနေ လက်နက်တွေနဲ့ စောင့်ကြည့်နေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ အလုပ်သမားက ပြောသည်။

GEG အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၃၀,၀၀၀ ကျော်ရှိပြီး ကိုးရီးယား၊ ဂျပန်၊ တရုတ်နှင့် အိန္ဒိယသို့ တင်ပို့မည့် အဝတ်အထည်များကို ချုပ်လုပ်ပေးရခြင်း ဖြစ်သည်။

ဇူလိုင်လကတည်းက စည်းရုံး စက်ရုံတာဝန်ရှိသူများသည် အလုပ်သမားများကို ကိုဗစ်ကာကွယ်ဆေးထိုးရန် ဇူလိုင်လဆန်းကတည်းက မက်လုံးပေးမှုများ၊ ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့ကြောင်း အထည်ချုပ်ဝန်ထမ်း အမျိုးသမီးနောက်တစ်ဦးက ပြောသည်။

“ထိုးလို့ရှိရင် တစ်ယောက်ကို မုန့်ဖို့းငါးထောင်ပေးမယ်ပေါ့။ အဲဒီခါမှာလည်း မထိုးကြဘူး။ ၅၀၀၀ နဲ့ အသက်နဲ့ လဲရမှာလား။ တစ်ခုခုဖြစ်ရင် တာဝန်ယူမှာလားဆိုတာတွေ ဖြစ်လာတယ်။ နောက်ပိုင်းကျတော့ အပေါ် (စက်ရုံ) ဘက်ကနေ ဖိအားပေးတယ်။ သူလိုင်းနဲ့သူ ဖိအားပေးတယ်။ ဆေးမထိုးရင် အလုပ်ဖြုတ်မယ်အထိ ဖြစ်လာတယ်”ဟု သူက ပြောသည်။

အလုပ်သမားအများစုက တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို မယုံကြည်ကြသောကြောင့် မထိုးနှံလိုကြောင်း ထိုအမျိုးသမီးက ဆိုသည်။

ဇူလိုင် ၈ တွင် ကိုဗစ်ကာကွယ်ဆေးထိုးရန် အစည်းအဝေး ခေါ်ယူခဲ့ပြီး စက်ရုံအလုပ်သမားအများစုက ဆေးထိုးရန် စာရင်းမပေးခဲ့ကြသောကြောင့် ဇူလိုင်လကုန်ပိုင်းတွင် တစ်ကြိမ်၊ ဩဂုတ် ၁၇ တွင် တစ်ကြိမ် စုစုပေါင်း အစည်းဝေး ၃ ကြိမ်ခေါ်၍ ဆေးထိုးမည့်သူစာရင်း ကောက်ရန် စက်ရုံဘက်မှ ကြိုးပမ်းခဲ့သည်။

သို့သော်လည်း စက်ရုံအလုပ်သမားများက တရုတ်ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံရန် ငြင်းဆန်ခဲ့ကြသည်။

ထို့နောက် စက်ရုံတာဝန်ရှိသူများက စက်ရုံရှိအလုပ်သမားစာရင်းအတိုင်း ဩဂုတ် ၁၉ ဝန်းကျင်တွင် စစ်ကောင်စီကို လူ ၁၀၀၀ ခန့် စာရင်းပေး၍ ဆေးထိုးခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဆေးထိုးခံခဲ့ရသည့် အလုပ်သမားများက ပြောသည်။

“ဆေးမထိုးခင်က ပင်လုံဆေးရုံက ဆရာဝန် ၄ ယောက်က ရောဂါစစ်ဆေးမယ်၊ ရောဂါအခံရှိတယ်ဆို မထိုးပေးဘူး။ တကယ့်တကယ်ဆေးထိုးတော့ ဘာမှမမေးဘူး။ လူတွေက တန်းစီပြီး သွားရတာ။ တစ်ယောက်လာ လက်မောင်းထိုး၊ တစ်ယောက်လာ (ထပ်)ထိုး အဲဒီလိုမျိုးထိုးပစ်တာ။ ကိုယ်တွေတောင် တော်တော်အံ့ဩနေရတယ်”ဟု မူးလဲကျသူများကို မျက်မြင်တွေ့ခဲ့သည့် စက်ရုံအလုပ်သမားအမျိုးသမီးက ပြောသည်။

ကိုဗစ်ကာကွယ်ဆေး မထိုးသူအနေဖြင့် နေမကောင်းဖြစ်ပါက အလုပ်ထုတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုသည်ဟု သိရသည်။

“ခေါင်းဆောင်တွေကိုတော့ မပြောဘူး။ (ဝန်ထမ်း)အငယ်တွေကိုတော့ ဆေးမထိုးရင် ရိုးရိုးဖျားလည်း အလုပ်ထုတ်ပစ်မယ်လို့ ပြောထားတယ်။ ဆေးထိုးထားရင် ကိုဗစ်မဖြစ်ဘူးလို့ သတ်မှတ်ထားလို့ နေမှာပေါ့။ ၅၀၀၀ ပေးတာက ဆေးထိုးပြီးရင် အရမ်းဗိုက်ဆာတတ်တယ်တဲ့။ မုန့်ဝယ်စားဖို့ ပေးတာလို့ပြောတယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်သားများ ကား ၃ စီးဖြင့် ရောက်လာ

ထိုနေ့က GEG စက်ရုံအတွင်း မနက် ၉ ခွဲမှ ညနေ ၄ ခွဲအထိ ကိုဗစ်ကာကွယ်ဆေး ထိုးပေးခဲ့ခြင်းဖြစ်ပြီး စစ်ကား ၃ စီး ဖြင့် စစ်သားများက လာရောက်စောင့်ကြည့်ခဲ့ကြောင်း စက်ရုံဝန်ထမ်းများထံမှ သိရသည်။

ဆေးမထိုးခင် စစ်သားများက စက်ရုံအဝင်ပေါက်၌ ပိတ်ဆို့လုံခြုံရေးယူထားကြောင်း၊ ဆေးထိုးသည့်နေရာတွင် ၁၀ ဦး လုံခြုံရေးယူကာ အနီဝတ်သူနာပြုများက ဆေးထိုးပေးခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

ထို့နေ့က သွေးတွင်း အောက်စီဂျင်ပါဝင်မှု ၇၀ ရာခိုင်နှုန်းရှိသူများအပါဝင် ၉၀ ရာခိုင်နှုန်းအောက် ရှိသူများကိုပင် ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့ပြီး ဆေးထိုး၍ မူးလဲသွားသော အလုပ်သမားများ၏ အခြေအနေကိုမူ သူနာပြုများက မသိကျိုးကျွန်ပြုထားသည်ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

“သူနာပြုအနီဝတ်တွေက သူတို့ရှေ့မှာ မူးလဲသွားတာတောင်မှ သူတို့အလုပ်ပဲ သူတို့ ဆေးဆက်ထိုးနေတာ။ မူးလဲသွားတဲ့သူကို ဘာလို့မူးလဲတာလဲ၊ ဘယ်လိုဖြစ်လို့လဲ မစစ်ဘူး။ ကိုယ့်လူအချင်းချင်းပဲ ခေါ်ရတာ။ အောက်စီဂျင်တော့ တိုင်းတယ်။ တာဝန်အရသာ တိုင်းတာ။ ၉၀ ကျော်ဆိုလည်း ထိုးလိုက်တာပဲ။ ၈၀ ကျော်ဆိုလည်း ထိုးလိုက်တာပဲ။ ၇၇ ဆိုလည်း ထိုးလိုက်တာပဲ”ဟု ၎င်းက မြင်တွေ့ရပုံကို ပြောပြသည်။

မူးလဲသွားသူများ၏ အခြေနေကို စစ်ဆေးမှု တစုံတရာမရှိသဖြင့် စက်ရုံရှိ အမျိုးသား အလုပ်သမားများက ပွေ့ခေါ်ကာ အချင်းအချင်းမေးမြန်း ပြုစုခဲ့ရသည်ဟု ဆိုသည်။

“သူတို့ရဲ့တာဝန်အရ လုပ်နေတဲ့ပုံစံကြီးမှာ အဲဒီလူရဲ့ အသက်ရှူနှုန်းမှန်လား၊ မမှန်လားဆိုတာတောင် မသိဘူး။ အောက်စီဂျင်စစ်လိုက်တယ်။ စစ်ပြီးတာနဲ့ တန်းထိုးတာ။ ဘာမှ အမေးအမြန်းမရှိဘူး။ လက်မောင်းကို တန်းထိုးလိုက်တာပဲ။ သူတို့ရဲ့တာဝန်က ဆေးထိုးပိုင်ခွင့်ပဲ ရှိတယ်ထင်ပါတယ်။ မူးလဲသွားတဲ့သူကို ဘာလို့ မူးလဲတာလဲ ကြည့်ပိုင်ခွင့်မရှိဘူး၊ စမ်းသပ်ခွင့်လည်း မရှိဘူး။ အဲဒီလိုပုံစံမျိုးကြီး”ဟု ထိုအမျိုးသမီးကပင် ဝေဖန်သည်။

ထို့နေ့က ဖိအားပေးဆေးထိုးခဲ့ကြသော အလုပ်သမား ၁၀၀၀ ခန့်အနက် အများစုမှာ ဖျားနာခြင်း၊ ကိုက်ခဲခြင်းတို့ ခံစားခဲ့ရပြီး ပြန်လည်သက်သာလာသော်လည်း သတိလစ်သွား၍ ဆေးရုံတက်နေရသည့် အလုပ်သမား ၁၀၀ ကျော်အပြင် တခြားအလုပ်သမား ၂၀ ခန့်မှာ ယနေ့အထိ အလုပ်ပြန်ဆင်းခြင်း မရှိသေးကြောင်း စက်ရုံအလုပ်သမားများထံမှ သိရသည်။

ဆေးအမျိုးအစား၊ ဆေးထိုးပြီးအခြေအနေ၊ စက်ရုံအတွင်း စစ်ကောင်စီတပ်သားများ ရောက်လာရသည့် အကြောင်းရင်းတို့နှင့် ပတ်သက်၍ GEG စက်ရုံ၊ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနတို့ကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။

ပြည်သူများအတွက် ကာကွယ်ဆေးကို ဇန်နဝါရီလကုန်ပိုင်းတွင် စတင်ထိုးနှံရန် NLD အစိုးရက စီစဉ်ထားသည်။ အိန္ဒိယက အိန္ဒိယထုတ် Covishield ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၁.၅ သန်း လက်ဆောင်ပေးအပ်ခဲ့ပြီး NLD အစိုးရကလည်း ဆေးအလုံးရေ သန်း ၃၀ ဝယ်ရန် မှာယူထားခဲ့သည်။

အာဏာသိမ်းပြီးနောက်တွင် ကိုဗစ်တိုက်ဖျက်ရေးစီမံခန့်ခွဲမှုများ ကမောက်ကမဖြစ်သွားသည်။

Myanmar now