“မိုင်းကျက်ဂူမှ ပေးပို့သော မိုင်းဖုန်းဆရာတော်၏ မေတ္တာစာသဝဏ်”

“မိုင်းကျက်ဂူမှ ပေးပို့သော မိုင်းဖုန်းဆရာတော်၏ မေတ္တာစာသဝဏ်”

သာသနာတော်နှစ် ၂၅၆၅ ခု ဝါခေါင်လပြည့်နေ့ (22.8.2021)

နှာ၁

ရပ်နီးရပ်ဝေး တပည့် ဒကာ ဒကာမအပေါင်းတို့အား သိစေအပ်ပါတယ်။ ဆရာတော်လည်း အနာကင်းကွာ ကျန်းမာချမ်းသာစွာဖြင့် သဘာဝတရားနှင့်အညီ တရားဘာဝနာကို ကျင့်ကြံလျက်ပါ။ သက်တော်လည်း ကြီးရင့်လာပါပြီ။ မဟာသတိပဋ္ဌာန်တရားတော်နှင့်အညီ သမထ ဝိပဿနာတရားများကို အားထုတ်လာခဲ့တာ များစွာ သဘောပေါက်လာပါတယ်။ သတိထားပြီး အာနာပါနကို ရှုမှတ်ပွားများပါတယ်။ လျောင်း ထိုင် ရပ် သွား ဣရိယာပုဒ်လေးပါးစလုံး သတိတရား လက်ကိုင်ပြုပြီး သင်္ခါရတရားတို့ရဲ့ ဖြစ်ပျက် ချုပ်ပျောက်မှု၊ ခဏိကမရဏ သဘော နေ့ညမပျက် ပရမတ်သဘော တရားတွေကိုရှုမှတ်ပွားများရင်း

နှာ ၂

ရုပ်တရားတို့ရဲ့ အနိစ္စ သဘော၊ ဒုက္ခသဘော အနတ္တသဘော၊ ဝေဒနာတို့ရဲ့ မမြဲတဲ့သဘော၊ သညာတို့ရဲ့ မမြဲတဲ့သဘော၊ သင်္ခါရတို့ရဲ့ မမြဲတဲ့သဘော၊ ဝိညာဏ်တို့ရဲ့ မမြဲတဲ့သဘောတွေကို သိရှိရပါတယ်။ ရုပ်နာမ်သင်္ခါရ တရားတွေဟာ အနှစ်သာရ ကင်းမဲ့ပါတယ်။ မွေးဖွားလာပြီး နေထိုင်စားသောက်ရင်း သေမင်းကို စောင့်မျှော်နေရတဲ့ ခန္ဓာပါ။ မွေးဖွားခြင်း ဇာတိ ဖြစ်ပေါ်လာရင် အိုမင်းခြင်း ဇရာ၊ နာကျင်ခြင်း ဗျာဓိ၊ သေကြေခြင်း မရဏသို့ ခရီးနှင်ရမှာမို့ အချိန်ကို အလဟသ မဖြစ်စေနဲ့။ မအိုခင် မနာခင် မသေခင်မှာ ကြိုတင်ပြီး ကောင်းမှုတွေ များများ လုပ်ထားကြရမယ်။ ကောင်းမှုကုသိုလ်တွေ များများလုပ်ပြီးခဲ့ရင် နောင်တရစရာ အကြောင်းမရှိတော့ဘူး။ ဘဝတိုင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရပြီး သံသရာမှ ထွက်မြောက်ကာ ဒုက္ခကင်းတဲ့ နိဗ္ဗာန်တိုင်အောင် ကျေးဇူးပြုပါမယ်။

ဒါနဖြင့် လောဘကို ပယ်သတ်ပါ။ သီလနဲ့ မေတ္တာဖြင့် ဒေါသကို ပယ်သတ်ပါ။ သမထ ဝိပဿနာဘာဝနာဖြင့် မောဟ အဝိဇ္ဇာကို ပယ်သတ်ပါ။
လောဘ ဒေါသ မောဟ အလိုကို လိုက်ရင် ဒုက္ခတွေ များစွာ ကြုံတွေ့ရပြီး သုခနဲ့ လွှဲချော်ပါမယ်။
လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာန၊ ဒိဋ္ဌိ၊ အဝိဇ္ဇာကင်းကွာရင် နိဗ္ဗာန်နဲ့ နီးလာပြီ။
တရားနဲ့ အတူ ပျော်ရွှင်အောင် နေနိုင်လျင် ဒုက္ခအပေါင်းမှ လွှတ်မြောက်ပါမယ်။

နှာ ၃

ကုန်ဆုံးသွားတဲ့အချိန်တွေဟာ စီးဆင်းနေတဲ့ သံလွင်မြစ်လို မြန်ဆန်လွန်းကာ ပြန်မရနိုင်တော့ပါ။ ဒီရုပ်နာမ်သင်္ခါရတရားဟာလည်း နေစဉ်နှင့်အမျှ အသက်ရှူရှင်း အိုမင်းရင့်ရော်သွားပါပြီ။ ရုပ်နာမ်သင်္ခါရတရားဟာ မမြဲဘူး၊ ပျက်စီးခြင်းနဲ့အတူ သေရာကို ဦးတည်လျက်ပါ။ သံဝေဂတရား ပွားများကြပါ။ သေဒဏ်ကျခံနေရတဲ့ ခန္ဓာကြီးဟာ ပျော်ရွှင်စရာ တစ်စက်မှ မရှိပါဘူး။ ဒုက္ခအတိပါ။ အချိန်ဆိုတာ လူကိုမစောင့်ပဲ တသွားထဲသွားနေတယ်။ မရဏာနုဿတိကို ပွားများကာ မိမိတို့ကသာ မမေ့မလျှော့ဘဲ ဒါန သီလ ဘာဝနာ ပါရမီမြှောက်ကုသိုလ်ကို ဆည်းပူးကြပါ။
လူမိုက်ကို ရှောင်ကြဉ်ပါ။ သူတော်ကောင်းကို ဆည်းကပ်ပါ။ သူတော်ကောင်းကို ပေါင်းဖော်ရင် ဒုက္ခမှ ကင်းလွှတ်ပြီး ချမ်းသာသုခကို ရနိုင်တယ်။ မကောင်းမှုကို ရှောင်ပါ။ ကောင်းမှုကို ဆောင်ပါ။ စိတ်ကို ဖြူစင်အောင်ထားပါ။ ဒါဟာ ဘုရားရှင်တိုင်း ဟောကြားတဲ့ အဆုံးအမဩဝါဒပါ။
အကုသိုလ်ဝန်ထုပ်ကို မထမ်းပါနဲ့။ ဒေါသနဲ့ တူတဲ့ မြွေဟောက်ကို ခါးပိုက် မဆောင်ပါနဲ့။

နှာ ၄

မကောင်းမှု အကုသိုလ်တွေ ပြုလုပ်ရမှာကို ရှက်ကြောက်ပါ။ သီလကို စောင့်ထိန်းရင် ဒုက္ခနဲ့ မကြုံရဘူး။ ရှေ့နောက် အကြောင်းအကျိုးကို မသိမြင်ရင် နောင်သံသရာအတွက် မပြတ်သားနိုင်ဘူး။ ရှေ့နောက် အကြောင်းအကျိုးကို သိမြင်ရင် နိဗ္ဗာန်တိုင်အောင် ကျေးဇူးများပါတယ်။ စိတ်ထားတတ်ရင် နိဗ္ဗာန်က အလိုလိုနေရင်း နီးနီးလာတယ်။
နိဗ္ဗာန်စံအိမ်ဆောက်ဖို့အတွက် ဒါန ဆိုတဲ့ တိုင်ကို ထူပါ။
သီလဆိုတဲ့ အခင်းအကာကို စီရင်ပါ။
ဘာဝနာဆိုတဲ့ အမိုးကို လုံအောင်မိုးပါ။
အသိဉာဏ်မရှိတဲ့သူဟာ သံသရာ ရှည်တယ်။
အသိဉာဏ်ရှိတဲ့သူဟာ သံသရာ ပြတ်တယ်။
အသိမရှိရင် ဘေးရန်ကြုံ။
အသိရှိရင် ဘေးရန်လုံ။
အကောင်းအဆိုးဆိုတာ စိတ်ပေါ်မှာ မူတည်တယ်။
သန့်ရှင်းမှုဆိုတာ အသိတရား သတိတရားပေါ် မူတည်တယ်။
မွန်မြတ်တဲ့ ဒါနဆိုတာ စိတ်ကြောင့် ဖြစ်ပေါ်လာတယ်။
သန့်စင်တဲ့ သီလဆိုတာ သတိနဲ့ သမာဓိအပြင် တဏှာ ကိလေသာကို ပယ်သတ်တဲ့အတွက် ကြောင့် ဖြစ်ပေါ်လာတယ်။
လူ့တန်ဖိုးဆိုတာ ကောင်းတဲ့ အလုပ်ကို လုပ်ဆောင်ခြင်းပါ။
နတ်တန်ဖိုးဆိုတာ မေတ္တာနဲ့ စိတ်ကောင်းရှိခြင်းပါ။
သာသနာတော်ရဲ့ တန်ဖိုးဆိုတာ မိမိကျင့်ကြံလိုက်နာနိုင်မှုပေါ် မူတည်တယ်။ နောက်ပီး မိမိတို့ စည်းလုံးညီညွတ်မှုပေါ် မူတည်တယ်။
တိုင်းပြည် သာယာဝပြောတယ်ဆိုတာ အုပ်ချုပ်သူ သစ္စာနဲ့ မေတ္တာရှိလို့ပါ။
ဘာလုပ်လုပ် မပြီးမပြတ်ရင် တစ်သက်လုံး ဒုက္ခမှ မလွှတ်ဘူး။
တရားနဲ့နေတဲ့သူ တရားနဲ့အညီ ကျင့်ကြံတဲ့သူဟာ ငြိမ်းချမ်းမှု နိဗ္ဗာန်ကို ရရှိပါတယ်။

နှာ ၅

မရပ်မနား တသွင်သွင်စီးသွားတဲ့ စမ်းချောင်းလို တသွားထဲ သွားနေတဲ့ ကုန်သွားတဲ့ အချိန်တွေဟာ နှမျောစရာ ကောင်းလှပါတယ်။ ဘာကြောင့်လဲဆိုတော့ သေရမည့်အချိန်တွေ နီးလာ၊ နေရမည့် အချိန်တွေ နည်းသွားလို့ပါပဲ။ ဒါကြောင့် ကောင်းမှုကုသိုလ်ကို မဆိုင်းမတွ များများ ပြုလုပ်ကြပါကုန်။
နောင်မှ တတဲ့ နောင်တ မဖြစ်ရလေအောင် စိတ်ကို လောဘ ဒေါသ မောဟ အဝိဇ္ဇာတို့နဲ့ ကင်းအောင်ထား၊ နိဗ္ဗာန်ချမ်းသာအတွက် ကြိုးစား။
မိုင်းကျက်ဂူမှာ ၃ နှစ် တရားလာအားထုတ်ရတာ ၃ ရက်လို့ပဲ ထင်ရတယ်။ ဘာမှ ဟုတ်တိပတ်တိ မလုပ်ဖြစ်ဘူး။ ဘုရားပုံတွေ တချို့ ဆွဲဖြစ်တယ်။ ပုံပေါင်း ၁၀၀ လောက်ပါပဲ။ တရားစာ အချို့ရေးဖြစ်ပါတယ်။ ဖတ်ရှုပြီး အသိဉာဏ်တွေ ရဖို့၊ အကျင့်မှန်တွေ သိပြီး သံသရာဝဋ်ဒုက္ခမှ လွှတ်ဖို့ပါ။
ကိုယ်ကိုယ်တိုင်လည်း ပါရမီထူးအတွက် တရားကျင့် မပျက်ကွက်စေဘူး။ ပရဟိတအတွက်လည်း တတ်စွမ်းသလောက် ပြုလုပ်ပါတယ်။ မသေသေးသ၍ လူနတ်ဗြဟ္မာသတ္တဝါတွေအတွက် သစ္စာတရားသိကာ နိဗ္ဗာန်တံခါးဖွင့်အောင် ဆက်လက် လုပ်သွားရပါမယ်။
တရားရဲ့ အရသာကို သိရှိစေဖို့အတွက် စွမ်းဆောင်သွားပါမယ်။

နှာ ၆

ဒီဘဝ လူလာဖြစ်တာ ပါရမီဖြည့်ရင်း နောက်ဆုံး အန္တိမဘဝမှာ သမ္မာသမ္ဗုဒ္ဓအဖြစ် သတ္တဝါတွေကို မဂ္ဂင်ဖောင်ဖြင့် ခေမာသောင်သို့ ပို့ဆောင်ရပါလို၏။ ပြုလုပ်ဆည်းပူးလာခဲ့တဲ့ ကောင်းမှု မှန်သမျှ သဗ္ဗညုတဉာဏ်ရဲ့ အထောက်အပံ့ဖြစ်ရပါစေသား။
ဆရာတော်လည်း သက်တော် ကြီးလာပါပြီ။ အိုမင်းရင့်ရော်လာပြီ။ တဖြည်းဖြည်းနဲ့ ဆံပင်တွေလည်း ဖြူလာပြီ၊ အရေတွေလည်း တွန့်လာပြီ။ သွားတွေလဲ နဲ့လာပြီ။ မျက်စိလဲ မွဲလာပြီ၊ ဒါတွေဟာ သဘာဝတရား ဇရာတရားတွေဖြစ်ပြီး လူတိုင်း သတ္တဝါတိုင်း တူညီတဲ့ အခွင့်အရေးပါ။ နောက် တစ်နှစ်ကျော်လာရင် ဆရာတော်က သက်တော် ၆၀ ပြည့်ပါတော့မယ်။ နောက်ထပ် ဘယ်လောက် နေသွားရမလဲဆိုတာ ကြိုမသိနိုင်ဘူး။ ကုသိုလ်ရှိသလောက် ရှင်သန်သွားရပါမယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေ လျှော့သွားပေမယ့် စိတ်ထဲက မေတ္တာတရား ကရုဏာတရားတွေကတော့ လျှော့မသွားတဲ့အပြင် ကောင်းကင်ပြင်လို ပိုပြီးတော့ ကြီးမားကျယ်ပြန့်လာပါတယ်။
တရားနဲ့ယှဉ်တွဲနေတော့ နေရတာလဲ မစိုးရိမ်သလို သေသွားရင်လဲ မပူပင်ရပါဘူး။ ဒီလောကကြီးထဲမှာ တရားကလွှဲလို့ ကိုးကွယ်ရာ မရှိဘူး။
အားလုံး ကျန်းမာချမ်းသာကြပါစေ၊ အစစအရာရာ အောင်မြင်ပါစေ။ နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ။

အရညဝါသီ မိုင်းဖုန်းဆရာတော်၏ မေတ္တာစာကို တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း) မှ တာဝန်ယူ တာဝန်ခံ ဘာသာပြန်ပေးထားပါတယ်။ (မိုင်းဖုန်းဆရာတော် ယတြာဆိုပြီး ဟုတ်မဟုတ် ခဏခဏ မေးလာလို့ မိုင်းဖုန်းဆရာတော် ဘာယတြာမှ မလုပ်ခိုင်းပါဘူး)
ကျန်းမာချမ်းသာ ဘေးရန်ကွာ လိုရာဆန္ဒပြည့်ဝကြပါစေ။
ရောဂါအပေါင်း ဝေးခွာရှောင်း ခေတ်ကောင်းအမြန်ကြုံပါစေ။

Photo-SaoSuKham

Crd-36Myanmar