စစ်ကောင်စီထုတ် ထီကို အသက် ၈၀ အရွယ်မှာ ပေါက်ခဲ့ရင် နောင်ဘဝအထိ ထုတ်ယူသုံးစွဲ သွားနိုင်မည်ဟု ထီဝါသနာရှင်တစ်ဦးဆို

ရန်ကုန်၊သြဂုတ်၊၁၆ရက်

စစ်ကောင်စီထုတ် ထီကိုပေါက်ခဲ့ရင် ငွေထုတ်ကန့်သတ်ချက်မထားဘဲ တစ်လုံးတစ်ခဲတည်း အပြည့်အဝ ထုတ်ယူခွင့် ရရှိမယ်လို့ ကြေးမှုံသတင်းစာမှာခေါင်းကြီးတင်ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ၁၄ရက်နေ့က စကစ သတင်းစာမှာ ဖော်ပြချက်မှာ ထီဆုမဲခွဲဝေမှုကိုလည်း လက်ရှိခွဲဝေပေးတဲ့ ၆ဝ ရာခိုင်နှုန်းထက် တိုးမြှင့်ခွဲဝေပေးနိုင်ဖို့နဲ့ ထီပေါက်သူများကို

ထီဆုငွေ ထုတ်ယူရာမှာ ငွေထုတ်ကန့်သတ်ချက်မထားဘဲ တစ်လုံးတစ်ခဲတည်း အပြည့်အဝထုတ်ယူခွင့်ရရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ အောင်ဘာလေထီရုံးဌာနရဲ့ညွှန်ကြားရေးမှူး ဦးညီညီလှိုင်က ဆိုထားတာပါ။

သတင်းခေါင်းစဉ်မှာ အဲ့လို ရေးသားထားသော်လည်း သတင်းရှင်းလင်းပြထားတဲ့ စာပိုဒ်မှာတော့ ငွေသားကျပ်သိန်း ၅၀၀ ကိုသာ တစ်လုံး တစ်ခဲတည်း ရရှိနိုင်မှာဖြစ်ပြီး

ကျန်ငွေကိုတော့ ဗဟိုဘဏ်ချမှတ်ထားတဲ့ ဥပဒေအတိုင်း ထုတ်ယူရရှိမှာဖြစ်တယ်လို့ ဆိုထားတာကို တွေ့ရပါတယ်။

“အတိတ်ကံကြောင့်ဆိုတဲ့အယူအဆနဲ့ အသက် ၈၀ မှာ ဒီထီပေါက်ခဲ့ရင် ၂၆ နှစ် ကျော်တိုင်ထုတ်ယူခွင့်ရှိမှာ ဖြစ်တဲ့အတွက် နောက်ဘဝအထိ သင်သုံးစွဲခွင့်ရနေတဲ့ထီဖြစ်နေပြီ”လို့ အောင်ဘာလေ ဆုငွေကိုယခုလိုထုတ်ပေးမှုနဲ့ပတ်သက်ပြီးထီဝါသနာရှင်တစ်ဦးက သုံးသပ်ပြောပါတယ်။

အောင်ဘာလေထီ ၅၀၀၀ ပေါက်ခဲ့မယ်ဆိုရင်လူတစ်ယောက်ကို တစ်ပတ်ကို ၂ သိန်းပဲထုတ်ခွင့်ပေးတဲ့ အခြေ အနေနဲ့ တွက်ကြည့်ရင် ကျန်ငွေသိန်း၄၅၀၀/ ကို သီတင်းပတ် ပေါင်း ၂၅၅၀ ပတ်နဲ့ ဘဏ်ကို အကြိမ်ပေါင်း ၂၅၅၀ ကြိမ်သွားထုတ်ယူရမှာ ဖြစ်နေပါတယ်။

ထီပေါက်တဲ့ငွေကို ကုန်စင်အောင်ထုတ်ယူဖို့ဆိုတာ ဘဏ်ကို သွားထုတ်တဲ့ အကြိမ်ပေါင်း ၂၆ နှစ်နဲ့ ၆ လ ကြာမြင့်သွားမှာဖြစ်ပါတယ်လို့ ထီဝါသနာရှင်က သုံးသပ်ပြထားပါတယ်။

Crd – Original