ထီးတော်နေရာမှာ နဂါးခေါင်း တပ်ထားတဲ့ နဂါးစေတီတွေရဲ့ နောက်ကွယ်က သမိုင်းကြောင်း

ထီးတော်နေရာမှာ နဂါးခေါင်း တပ်ထားတဲ့ နဂါးစေတီတွေရဲ့ နောက်ကွယ်က သမိုင်းကြောင်း

“နဂါးခေါင်းထီးနဲ့ အရည်းကြီးစေတီ”ဒီနေ့စိတ်နောက်ညူးလို့ တနေကုန်နီးပါး လိုင်းမတက်ဘဲနေလိုက်ပါတယ်။ ညဘက်လိုင်းတက်ကြည့်တော့ ဖေးဖွတ်တခွင်လုံးမှာ စေတီမှာနဂါးခေါင်းတင်ထားတဲ့စေတီတွေနဲ့ပတ်သက်ပြီး ပွဲအတော်ဆူနေတာတွေ့ရပါတယ်။ ပါတီနိုင်ငံရေးသမားတွေကလဲ မဆီမဆိုင် ဘုရားကိုနိုင်ငံရေးထဲ အတွင်းဆွဲထည့်ပြီး တဖွဲ့နဲ့တဖွဲ့စားခွက်လု ရန်စောင်နေကြပြန်တယ်။

“အရှင်အရဟံ”တည်ခဲ့တာ၊ ဝိဇ္ဇာတွေတည်ခဲ့” စသည်ဖြင့် ဖြေရှင်းပြောကြားတဲ့သူတွေလည်းရှိပါတယ်။ လေ့လာထားတဲ့အသိ သင်ယူထားတဲ့ပညာအရ ဒီစေတီဟာဘယ်လိုစေတီဆိုတာ သုံးသတ်မိပေမယ့် အာဏာနိုင်ငံရေးတွေကြားမှာ ရေးလိုက်ရင် သူတို့နဲ့ တတန်းစားထဲဖြစ်သွားမှာစိုးလို့ မရေးဘဲနေနေခဲ့ပါတယ်။

ဒါပေမယ့် ရင်းနှီးတဲ့ စာဖတ်ပရိတ်သတ် သံဃာတွေ၊ လူဒကာ၊ ဒကာမတွေက ဒီအကြောင်းနဲ့ပတ်သက်ပြီး ခဏခဏလာမေးလို့ သူတို့ကိုတွေကို ကိုယ်သိသလောက်ဖြေပေးလိုက်ပါတယ်။ မေးသူတွေများလာတာကြောင့် သာသနာနဲ့စပ်တဲ့ကိစ္စဖြစ်လို့ သံဃာတပါးအနေနဲ့ ရေသင့်လို့ထင်လို့ အခုရေးလိုက်ရပါတယ်။

ဒီနဂါးခေါင်းထီတင်တဲ့စေတီဟာ ထေရဝါဒဗုဒ္ဓဘာသာစေတီတော် မဟုတ်ပါဘူး။ ဒါ့ကြောင့် အရှင်အရဟံတည်ထားတဲ့စေတီမဟုတ်သလို ဝိဇ္ဇာတို့တည်ထားတဲ့စေတီလည်းမဟုတ်ပါဘဲ အရည်းကြီးဂိုဏ်သားတို့တည်ထားတဲ့စေတီပဲဖြစ်ပါတယ်။

ပုဂံမင်းတပါးဖြစ်တဲ့ တောင်သူကြီးမင်းခေါ် ညောင်ဦးစောမင်းဟာ သက္ကရာဇ်(၂၉၃) ခု AD ၉၃၁, မှာ နန်းစံပါတယ်။ ထိုဘုရင်ဟာ မင်းမဖြစ်ခင်က သခွားစိုက်တောင်သူတဦးဖြစ်ပါတယ်။ တရက်မှာ ထိုစဉ်ကပုဂံဘုရင်ဖြစ်တဲ့ သိန်းဃိုဠ်မင်းဟာ တောကစားထွက်လာရင်း ဗိုက်ဆာလှတာနဲ့ သခွားခင်းထဲဝင်ပြီး သခွားသီးတွေကို ဆွတ်ပြီးစာပါတယ်။သခွားခင်းပိုင်ရှင်ယာသမားလဲ သခွားသီးစားနေတဲ့သူကို ဘုရင်မှန်းမသိဘဲ သူခိုးထင်ပြီး တူရွှင်းနဲ့ရိုက်လိုက်ပါတယ်။ ဒီဒဏ်ရာနဲ့ပဲ သခွားခင်းထဲမှာ သိန်းဃိုဠ်မင်းနတ်ရွာစံသွားပါတယ်။

ဘုရင်နောက်မှာ ခစားရတဲ့ မြင်းခံဟာ ဘုရင်သေပြီးမှ သခွားခင်းထဲရောက်လာပါတယ်။ သူလက်ချက်နဲ့ ဘုရင်သေတယ်လို့ နတ်တွင်းကအမတ်တွေအထင်မှားမှာစိုးရိမ်တာကတကြောင်း ဘုရင်ကိုသတ်ရင် ဘုရင်ဖြစ်တဲ့အလေ့ရှိတာက တကြောင်းကြောင့် သခွားတောင်သူကို တိတ်တဆိတ်နန်းတော်ခေါ်သွားပြီး မိဖုရားကြီးနဲ့တိုင်ပင်ပြီး ဘုရင်တင်မြှောက်လိုက်ပါတယ်။

ဘုရင်ဖြစ်သွားတဲ့ တောင်သူကြီးမင်းဟာ သူ့ရဲ့သခွားခင်းနေရာမှာ ဥယျာဉ်ကြီးဆောက်လုပ်ပြီး နဂါးရုပ်တုများ၊နဂါးစေတီများထုပ်လုပ်တည်းတားကိုးကွယ်ပါတယ်။

ထိုအချိန်က ပုဂံမှာဗုဒ္ဓသာသနာမှေးမှိန်အားပျော့ပြီး အရည်ကြီးဝါဒများက လွှမ်းမိုးနေပြီဖြစ်ပါတယ်။ လုံးဝပျောက်ကွယ်သွားတာတော့မဟုတ်ပါဘူး။ အငွေ့အသက်တော့ကျန်ရှိနေပါသေးတယ်။

ဗုဒ္ဓဘာသာဟာ သရေခေတ္တရာခေတ်ကတည်းက မြန်မာနိုင်ငံအတွင်းသို့ ပြန့်နှံရောက်ရှိနေပြီဖြစ်သော်လည်း ပုဂံခေတ်ဦး AD ၃၀၀ ကျော်ခန့်လောက်မှာ အားပျော့နေပြီလို့ခန့်မှန်းရပါတယ်။ အရည်းကြီးများကလည်း ဗုဒ္ဓဝါဒကိုမျက်ကွယ်ပြုပြီ တန္တရ၊မန္တရများကို ပဓာနထားကာ မိမိတို့ရဲ့ဝါဒများကိုစိတ်ကြိုက်ဖြန့်ဝေကြပါတယ်။

တောင်သူကြီးမင်းဟာ ထိုအရည်းကြီးများနဲ့ပေါင်းပြီးစေတီ၊ပုထိုးများတည်ထားပါတယ် ။ထိုစေတီများဟာ ဗုဒ္ဓဘာသာစေတီနဲ့ တူသယောင်တည်ထားပေမယ့် နဂါးရုပ်ကိုပဓာနပြုထားပါတယ်။ ဗုဒ္ဓဘာသာအငွေ့အသက်ကျန်နေဆဲဖြစ်တာမို့ နဂါးစေတီ၊နဂါးပုထိုးတွေတည်တဲ့အခါမှာလည်း ဗုဒ္ဓဘာသာစေတီ၊ပုထိုးတွေအတိုင်း ပုံစံယူတည်ကြတာပါ။

တောင်သူကြီမင်းဟာ နဂါးပုထိုးစေတီတွေတည်ပြီးနံနက်၊ညတွေမှာ ထမင်းဟင်း၊သေရည်များတင်ပလေ့ရှိပါတယ်။ နတ်တော်ကျောင်းဒကာ မင်းကျမ်းသာလို့အမည်ခံပါတယ်။ ဒီကာလတွေဟာ နဂါးကိုးကွယ်မှုအလွန်အားကောင်းတဲ့ ကာလဖြစ်ခဲ့ပါတယ်။ မင်းအားပေးမှုနဲ့အတူ တနိုင်ငံလုံးကိုပြန့်နှံ့ခဲ့ပါတယ်။ ထိုခေတ်အကြွင်းအကျန်ဖြစ်တဲ့ နဂါးကိုးကွယ်မှုဟာ အချို့နေရာတွေမှာ ယခုထက်တိုင် ရှိနေဆဲဖြစ်ပါတယ်။

ထိုစေတီတွေဟာ ယခုလိုင်းပေါ်မှာပြန့်နေတဲ့စေတီမျိုးတွေပါ။ ထိုကဲ့သို့သောစေတီမျိုးကို ထိုစဉ်က အရည်ကြီးတို့ လွှမ်းမိုးခဲ့တဲ့ မြန်မာနိုင်ငံအလည်ပိုင်းဒေသတချို့မှာယခုတိုင်တွေ့နိုင်ပါတယ်။

ထိုစေတီများဟာ အပေါ်ထီနေရာမှာ ထီးတော်မဟုတ်ဘဲ နဂါးခေါင်းတင်ထားတာကလလွဲရင် ဗုဒ္ဓဘာသာစေတီအတိုင်းဖြစ်နေတာမို့ သမိုင်းမသိတဲ့နှောင်းခေတ်လူတွေက ရှေးဟောင်းစေတီ၊ ရှေးဆရာတော်တွေ၊ဝိဇ္ဇာတွေ တည်ထားခဲ့တဲ့စေတီလို့ထင်မှတ်သွားကြတာဖြစ်ပါတယ်။

ဒီနေရာမှာ နဂါးရုံရုပ်ပွားတော်၊နဂါးရုံစေတီတို့နဲ့ အရည်းကြီးဘုရားတို့နဲ့ မလွဲဖို့လိုပါတယ်။ နဂါးရုံဘုရားက အားလုံးသိထားတဲ့အတိုင်း ရုပ်ပွားတော်ကို နဂါးက ပါးပျဉ်းနဲ့အုပ်မိုးကာထားတဲ့ပုံတော်ပါ။ နဂါးရုံစေတီကတော့ စေတီကိုနဂါးကရစ်ပတ်ကာကွာပြီ ထီးတော်ကို သူ့ရဲ့ပါးပျဉ်းနဲ့ အုပ်မိုးကာကွယ်ထားတာပါ။

အရည်းကြီးဘုရားကတော့ ယခုလူပြောများနေတဲ့ စေတီကိုရစ်ပတ်ပြီး ထီးတော်ကို နဂါးခေါင်းထည့်ထားတာပါ။

ဒါလောက်ဆိုရင် နဂါးခေါင်းဘုရားနဲ့ပတ်သက်ပြီး အမြင်ရှင်းလောက်ပြီလို့ထင်ပါတယ်။ အလွန်ကျယ်ပြန့်တဲ့ သမိုင်းဆိုင်ရာသုတေသနနယ်ပယ်ဖြစ်တာမို့ သေခြာအသေးစိပ်ပြောမှပြည့်စုံမှာဖြစ်ပေမယ့် တထိုင်တည်းနဲ့ အကုန်ရေးဖို့ရှင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သို့လောသို့လောစိတ်ဒွိဟဖြစ်နေသူများအမြင်ရှင်းသွားသလို၊ သမိုင်း၊သုတေသနကိုစိတ်ဝင်စားသူပညာရှင်များအတွက် ဆက်လက်လေ့လာဖို့အထောက်အကူဖြစ်စေမှာပါ။

ဒီနဂါးခေါင်းထီးတင်ထားတဲ့ အရည်းကြီးစေတီတွေဟာ ဗုဒ္ဓသာသနာနဲ့မအပ်စပ်တာမို့ ဒီလိုစေတီပုံစံမျိုးအသစ်တည်ထားတာတွေ မရှိအောင် မဟနအဖွဲ့က ထိန်းကြောင်းပေးဖို့လိုပါတယ်။ ထို့အတူ အရည်းကြီးဘုရားတွေဟာလည်း ကိုးကွယ်သူများအကျိုးမဖြစ်ပေမယ့် သမိုင်းအတွက် တန်ဖိုးဖြတ်မရတဲ့ အထောက်အထားများဖြစ်တာမို့ တာ၀န်ရှိသူများအနေနဲ့ ရှေးမူဟောင်းအတိုင်း စနစ်တကျ ထိန်းသိမ်းသင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။

“သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ”

(ချမ်းသာဟူသမျှ ပြည်စုံကြပါစေ၊ ဆင်းရဲမှန်သမျှ ကင်းဝေးကြပါစေ)

ဓမ္မဝီရ ဒေါက်တာတေဇနိယ