မြန်မာပြည် ဘဏ်တွေရဲ့ မရှိတော့တဲ့ ဂုဏ်သိက္ခာနဲ့ သက်ကြီးရွယ်အို ပင်စင်စားတို့ရဲ့ ဒုက္ခ

မြန်မာပြည် ဘဏ်တွေရဲ့ မရှိတော့တဲ့ ဂုဏ်သိက္ခာနဲ့ သက်ကြီးရွယ်အို ပင်စင်စားတို့ရဲ့ ဒုက္ခ

“မြန်မာပြည်ကိုချစ်ရင် ဒီစာကို အဆုံးထိဖတ်ပေးပါ ဘဏ်လုပ်ငန်းရှင် များမြင်ပါစေ မြေးလေးတို့ကို ဒီအကြောင်း မပြောပြပါနဲ့”

(၁) တစ်ခါက လူတစ်ယောက်မှာ အင်မတန်ကောင်းတဲ့ မြင်းတစ်ကောင် ရှိသတဲ့။ ချမ်းသာကြွယ်ဝတဲ့သူတွေက သူရဲ့မြင်းကို ဈေးကောင်းပေးဝယ်ပေမယ့် မြင်းပိုင်ရှင်လုလင်ကတော့ သူ့မြင်းကို မရောင်းပါဘူးတဲ့။ အဲဒီထဲက လူတစ်ယောက်ကတော့ ဒီမြင်းကို မရမက ရအောင်ယူဖို့ ဆုံးဖြတ်ပြီး အဲဒီမြင်းပိုင်ရှင် သွားလာတဲ့နေရာ တွေကို လိုက်စုံစမ်းသတဲ့။ ဒီတော့ အကြံသမားဟာ မြင်းပိုင်ရှင်လာမယ့် တောအုပ်တစ်ခုထဲကလမ်းမှာ လှဲအိပ်နေသတဲ့။ ပါးစပ်ကလည်း “ရေ .. ရေ .. ရေ ပေးပါ” လို့အော်နေသတဲ့။ မြင်းပိုင်ရှင်လုလင်ဟာ အဲဒီနေရာနား ရောက်တော့ လူတစ်ယောက်လဲနေတာကို တွေ့တယ်။ ရေပေးပါလို့ အော်သံလည်းကြားတော့ အဖျားတက်နေသူကြီးပဲလို့ မြင်းပေါ်ကနေ ဆင်းလာပြီး ရေတိုက်မယ်လို့ ရေဘူးကိုထုတ်ကာ လဲကျနေသူထံကို သွားသတဲ့။ သူ့အနားလည်းရောက်ရော လဲကျနေသူက မြင်းဆီကိုပြေးပြီး ခုန်တက်လိုက်တယ်။ မြင်းပိုင်ရှင်လုလင်က အံ့ဩသွားတာပေါ့။

ပြီးမှ သတိရပြီး “ဟေ့လူဘာလုပ်တာလဲ” လို့ နောက်က ပြေးလိုက်သွားတယ်။ ဒါပေမဲ့ နောက်ကျသွားတယ်။ အကြံသမားဟာ မြင်းကိုရသွားပြီမို့ စီးထွက်သွားတယ်။ ဒီအခါ မြင်းပိုင်ရှင်လုလင်က “ဟေ့လူ ခဏစောင့်ဦး၊ ကျုပ်ပြောစရာရှိလို့” မြင်းကိုရထားတဲ့ အကြံသမားကတော့ မြင်းကို ခေတ္တရပ်လိုက်ပြီး “ဘာပြောမလို့လဲ။ ခင်ဗျားမြင်းဘယ်လောက်ကောင်းတယ်ဆိုတာ ခင်ဗျားလည်းသိတာပဲ။ ခင်ဗျား ကျုပ်ကို ဘယ်တော့မှ လိုက်မမီဘူး” “ဟုတ်ပါတယ်၊ ကျုပ်နားလည်ပါတယ်။ ဒါပေမဲ့ ကျုပ်ပြောတာ နားထောင်ပါဦး” “ပြော” “ခင်ဗျား ကျုပ်မြင်းကို ဒီလိုရသွားတယ်လို့ ဘယ်သူ့ကိုမှမပြောပါနဲ့ဗျာ။ မပြောလိုက်ပါနဲ့” “ဘာဖြစ်လို့လဲ ကျွန်တော်ပြောသလို လိုက်လုပ်မှာမို့လို့လား” “မဟုတ်ပါဘူး။ တကယ်လို့ ခင်ဗျားပြောလိုက်ရင် လမ်းမှာ တကယ်နေမကောင်းတဲ့လူတွေကို ဘယ်သူကမှ ကူညီတော့မှာ မဟုတ်ဘူး” “ခင်ဗျာ” “ခင်ဗျား မြင်းကိုသာ ယူသွားပါ လူတွေရဲ့စိတ်ဓာတ်တွေကိုတော့ မဖျက်ဆီးလိုက်ပါနဲ့”

(၂) တကယ်တော့ ကျွန်တော်တို့တတွေ ဘာလုပ်နေလဲ ဆိုတာကို သတိထားရမယ်။ စိတ်ဓာတ်တွေကို မဖျက်ဆီးသင့်ပါဘူး။ ဥပမာ ဘဏ်တစ်ခုက ကျွန်တော်တို့လို အသက် ၆၀ ကျော်တဲ့လူတွေကို ပိုက်ဆံ တစ်ပါတ်ကို ၃ သိန်း ထုတ်ပေးမတဲ့။ (ဘဏ်အမည်ကို K-Bank လို့မှတ်သားနိုင်ပါတယ်) ကောင်းတဲ့အစီအစဉ်ပဲ မဟုတ်လား။ ပထမ ဒီအတွက် online Booking တင်ရမတဲ့။ ၈၅၅၅xxxx ကို ဆက်ပါတဲ့။ အသက် ၆၀ ကျော် မျိုးဆက်ကြီးတွေ ကျွန်တော့်လို ၇၅ နှစ်ကျော်သူတွေက အင်တာနက်မှာ ဒီလို online Booking တင်ဖို့ မကျွမ်းကျင်ဘူးဆိုတာ သူတို့ သိလောက်ပါတယ်။ (ခုဆိုရင် နောက်အထိ Booking ပြည့်နေပြီတဲ့)။

စေတနာနဲ့ လုပ်တယ်ဆိုရင်တော့ နီးစပ်ရာဘဏ်တွေမှာ Booking တင်ခိုင်းလိုက်လို့ ရပါတယ်။ ဆိုလိုတာ နီးစပ်ရာဘဏ်ခွဲမှာ စာရွက်နဲ့ ဘောပင်တွေ ရှိတာပဲ။ ရေးခိုင်းလိုက်ပေါ့ဗျာ။ မခက်ပါဘူး၊ ဖုန်းနံပါတ်ကို ထည့်ပေးထားခိုင်းရင် အဆင်ပြေ တာပဲပေါ့။ ဘယ်နေ့ဘယ်အချိန်မှာ လာထုတ်နိုင်တယ် ဆိုတာကို ဖုန်းဆက် အကြောင်းအကြားပေါ့။ ဒါမှမလုပ်နိုင်ရင် ဘဏ်က Notice Board မှာ ကြေညာထားလို့လည်း ရ တာပဲ။ သူတို့ ဒီလိုမလုပ်ပါဘူး။ (၈၅၅၅…. ကို ဖုန်းခေါ်လို့လည်း ဘယ်တော့မှ မရဘူးတဲ့) ဒုတိယကတော့ သူတို့က K-Pay Account ကို ဖွင့်ခိုင်းတယ်။ ကျွန်တော်တို့ မတတ်ကြပါဘူး။ တတိယကတော့ လူနေအိမ်ခြေတွေ အားလုံးနဲ့ ဝေးတဲ့ M-Park မှာ လာရောက်ထုတ်ခိုင်းသတဲ့။ ၆၀ကျော် ကျွန်တော့်မိတ်ဆွေက သူရဲ့သမီးတွေရဲ့ အကူအညီနဲ့ အဆင်ပြေကာ Booking တင်နိုင်ခဲ့တယ်။ သူ့အိမ်နဲ့ကပ်ရက်မှာ K-Bank ရှိပေမဲ့ M- Park ကို ခက်ခဲစွာသွားရတယ်။ Taxi က ၅၀၀၀ တောင်းပါသတဲ့။ အသွားအပြန် ၁၀၀၀၀ ကျပ်ပေါ့။ ဘုရားဘုရား။ ကျွန်တော် စိတ်မကောင်းပါ။

(၃) ကျွန်တော်တို့ ဒုတိယတန်းမှာ သင်ရတဲ့ ပုံပြင်လေးတစ်ပုဒ်ကို သတိသွားရပါတယ်။ တစ်ခါက မြေခွေးတစ်ကောင်ဟာ ငှက်ကျားတစ်ကောင်ကို ညစာစားဖို့ ဖိတ်ခေါ်သတဲ့။ မြေခွေးဟာ အရည်ကျဲတဲ့ ဟင်းရည်ကို ပန်းကန်ပက်ပက်ထဲမှာ ထည့်ပြီး ငှက်ကျားကို ကျွေးသတဲ့။ ငှက်ကျားရဲ့ နှုတ်သီးရှည်ဟာ ပန်းကန်ထဲက ဟင်းရည်ကို မသောက်နိုင်ဘူးပေါ့။ ဒီအခါ မြေခွေးက သူ့ပန်းကန်မှာ ထည့်ထားတဲ့ ဟင်းရည်တွေကို လျှာနဲ့လျက်ကာ စားလိုက်သတဲ့။ ငှက်ကျားဟာ မြေခွေးစားတာကိုပဲ ငေးမှိုင်ကာ ကြည့်နေရသတဲ့။

နောက်တစ်ကြိမ်မှာ ငှက်ကျားကလည်း မြေခွေးကို ညစာစားဖို့ ဖိတ်ပါတယ်။ ငှက်ကျားဟာ ကျည်တောက်ထဲမှာ အသားတွေထည့်ပြီး မြေခွေးကို စားဖို့ပြောတယ်။ မြေခွေးဟာ ကျည်တောက်ထဲ နှုတ်သီးကို ထိုးသွင်းပေမယ့် မဝင်ဘူး။ ငှက်ကျားကတော့ အဆွေမြေခွေးစားပါ လို့ပြောပြီး သူရဲ့ နှုတ်သီးရှည်နဲ့ ကျည်တောက်ထဲက အသားတုံးကို ထိုးပြီး ယူစားပါသတဲ့။ မြေခွေးဟာ ငှက်ကျား စားတာကိုပဲ ငေးမှိုင်ကာ ကြည့်နေရသတဲ့။ မြန်မာစကား ရှိပါတယ်။ ပေးကားပေး၏ မရ။ ကျွေးကားကျွေး၏ မဝ။

(၄) ဘဏ်လုပ်ငန်းရှင်များကို ကျွန်တော်တို့ လေးစားပါတယ်။ ယနေ့ခေတ်မှာ ဘဏ်ဆိုတာဟာ ကမ္ဘာ့ကုန်သွယ်ရေးတင်သာမက ပြည်တွင်းကုန်သွယ်ရေးမှာလည်း မရှိမဖြစ် အရေးပါပါတယ်။ အနာဂတ်အတွက် မဏ္ဍိုင်ကြီးတစ်ရပ်ပါ။ ဒါပေမဲ့ ဘဏ်ဆိုတာ သူရဲ့ဖောက်သည် (Clients) တွေနဲ့ တည်ဆောက်ထားတာပါ။ ငွေကြေးတွေ ယုံကြည်ချက်တွေနဲ့ တည်ဆောက်ထားရုံသာမက မေတ္တာစေတနာအပြည့်နဲ့ တည် ဆောက်ရပါတယ်။ ၂၀၁၀ ခုနှစ်က ကျွန်တော် အမေရိကန်ပြည်ထောင်စုရောက်တော့ Chase ဘဏ်မှာ Account တစ်ခု ဖွင့်ပါတယ်။ VISA Card ကို ရပါတယ်။ ဒီလို Account ဖွင့်တာနဲ့ သူတို့က ကျွန်တော့်ဆီကို ဖောက်သည်အသစ်အနေနဲ့ ဒေါ်လာတစ်ရာ မေတ္တာလက်ဆောင် ထည့်ပေးပါတယ်။ သူတို့ချမ်းသာလို့ ပိုက်ဆံပေးနိုင်တာပေါ့။ ကျွန်တော်တို့ ဆင်းရဲတော့ မပေးနိုင်ဘူး။ အဆင်ပြေပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ ဘဏ်တွေဟာ သူတို့လို ပိုက်ဆံမပေးနိုင်ပေမဲ့ မေတ္တာလေးတော့ ပေးနိုင်ပါတယ်။ (ပေးချင်ရင်ပေါ့) အမေရိကန်တွေက ကားတွေ ရထားတွေ စီးတဲ့အခါ အသက် ၆၅ နှစ်ကျော်သူတွေကို ပင်စင်နာလို့ခေါ်တယ်။ ကားခတစ်ဝက်သာ ပေးရတယ်။ ရထားခတစ်ဝက်သာ ပေးရတယ်။ လူတိုင်း ထောက်ပံ့ကြေးရလို့ ၆၅ နှစ်အထက်တွေကို Pensioners တွေလို့ ခေါ်တာပဲပေါ့။ ပင်စင်နာတွေကို ခင်ဗျားတို့က မကြင်နာဘူး။ ကိစ္စမရှိပါဘူး၊ ဘာကြောင့် ငှက်ကျားကို အစာကျွေးသလို ပန်းကန်ပြားထဲ ဟင်းရည်ကျဲကျဲ ထည့်ပေးရတာလဲ။

(၅) ကျွန်တော် အပြစ်တင်နေတာ မဟုတ်ပါ။ ဝမ်းနည်းစရာကောင်းတာကို ပြောနေတာပါ။ တစ်ယောက်ကိုတစ်ယောက် မလေးစားပဲနဲ့ ဒီလုပ်ငန်းကြီးကို အောင်မြင်အောင် တည်ဆောက်နိုင်မယ်လို့ တကယ်ပဲ ထင်မြင်ယူဆပါသလား၊ ယနေ့လုပ်ငန်းတွေဟာ သိက္ခာရှိရှိ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်အောင် ကြိုးစားဆဲပဲ မဟုတ်ပါလား၊ ဒါလည်း ဘယ်လောက်ကြာသေးလို့လဲ။ ကျွန်တော်တို့ ပင်စင်စားကြီးတွေရဲ့မျိုးဆက်တွေကတော့ ခင်ဗျားတို့သဘောထားကို နားလည် သဘောပေါက်သွားပါပြီ။ ကျွန်တော်တို့ ဘဏ်မှာထည့်ထားတဲ့ပိုက်ဆံဟာ ခင်ဗျားတို့နှိပ်စက်တာကို ခံရသလိုဖြစ်နေပြီလား၊ အချို့က အနှိမ်ခံပြီး ပြန်မထုတ်လိုပါ။ ဒါကို အချို့လည်း (ဆင်းရဲလို့) ကိုယ့်ပိုက်ဆံကိုယ် ရလိုချင်စိတ်နဲ့ ကြိုးစားတာပဲ။

ကျွန်တော်က ကိုယ့်ရှေ့မှာရှိတဲ့ စားပွဲပေါ်က ပစ္စည်းတွေကို ကြည့်နေမိတယ်။ ကွန်ပျူတာ၊ တယ်လီဖုန်း၊ ခဲတံကအစ အားလုံး နိုင်ငံခြား လုပ်တာပဲ။ ကွန်ပျူတာက ဝေလာ ဝေးပေါ့။ ကျွန်တော်ဆိုလိုတာက ကျွန်တော်တို့ အများကြီး ကြိုးစားကြရမှာပါ။ ကျွန်တော်တို့တတွေ တစ်ယောက်ကိုတစ် ယောက် လက်တွဲသွားကြရမှာ ဖြစ်တယ်။ တစ်ယောက်ကိုတစ်ယောက် ကြင်နာပါ။ လေးစားပါ။ မေတ္တာထားပါ။ ကျွန်တော်တို့စိတ်ဓာတ်တွေ ပျက်စီးနေပြီလား။ သူတပါးရဲ့စိတ်ဓာတ်ကိုရော ဖျက်ဆီးနေပြီလား။ လွတ်လပ်ရေးရအပြီး အနှစ် ၇၀ ကျော်မှာ ကျွန်တော်တို့ဟာ ဘာလို့အဆတစ်ရာကျော် ဆင်းရဲသွားရတာလဲ။ စိတ်ဓာတ်ကိုပြုပြင်ရမှာပေါ့။

(၆) နိဂုံးချုပ်နေနဲ့ မျိုးဆက်သစ်တို့ကို မှာချင်ပါတယ်။ သားတို့ သမီးရေ.. အဖေတို့ ဘဏ်တွေဟာ အဖေတို့လို လူကြီးတွေကို ငှက်ကျားကို ပန်းကန်ပြားပက်ပက်နဲ့ ဟင်းရည်ကျဲ ကျွေးတာကို နမူနာ မယူပါနဲ့။ မသိချင်ယောင်ဆောင် နေကြပါ။ ဘယ်သူ့ကိုမှလည်း မသိစေပါနဲ့။ မြေးလေးတို့ကိုလည်း ဒီအကြောင်းကို ယောင်လို့တောင်မှ မပြောပြမိစေနဲ့။

ဒေါက်တာခင်မောင်ညို