NUG၏ နွေဦးထီ ရောင်းချရာတွင် ငွေလွှဲပြောင်းမှုများကို စိစစ်နိုင်ရေး ဘဏ်များနှင့်ငွေကြေးဝန်ဆောင်သူများကို ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီ ညွှန်ကြားထား

NUG၏ နွေဦးထီ ရောင်းချရာတွင် ငွေလွှဲပြောင်းမှုများကို စိစစ်နိုင်ရေး ဘဏ်များနှင့်ငွေကြေးဝန်ဆောင်သူများကို ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီ ညွှန်ကြားထား
ဧရာဝတီတိုင်းမ်
သြဂုတ် ၁၆ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ယမန်နေ့(သြဂုတ်လ ၁၅ရက်နေ့)က စတင်ဖွင့်လှစ်ရောင်းချသည့် အောင်လံလွှင့်ချီ နွေဦးထီ ရောင်းချရာတွင် ငွေလွှဲပြောင်းမှုများကို စိစစ်နိုင်ရေးအတွက် ဘဏ်များနှင့်ငွေကြေးဝန်ဆောင်သူများကို ပူးပေါင်းဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြား​ထားကြောင်း ဘဏ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှသိရသည်။


အောင်လံလွှင်ချီ နွေဦးထီမှာ အွန်လိုင်းမှတဆင့် ရောင်းချခြင်းဖြစ်သည့်အတွက် ထီရောင်းချခြင်းနှင့် ဆုငွေထုတ်ပေးခြင်းတို့ကို ဘဏ်များ၏ အွန်လိုင်းဘဏ်စနစ်၊ ငွေလွှဲစနစ်များ၊ ဒီဂျစ်တယ် Payment များဖြင့် ဆောင်ရွက်လာနိုင်ကြောင်း၊ဘဏ်များ၊ ငွေရေးကြေးရေး ဝန်ဆောင်သူများအနေဖြင့် နေ့စဉ် ငွေလွှဲပြောင်းဆောင်ရွက်မှုများကို

တိကျစွာတင်ပြရန် ဗဟိုဘဏ်က ညွှန်ကြားထား​ကြောင်းလဲ သိရသည်။


ယမန်နေ့(သြဂုတ်လ ၁၅ရက်နေ့)က စတင်ရောင်းချခဲ့သည့် “အောင်လံလွှင့်ချီ နွေဦးထီ”၏ သတ်မှတ် ထီစောင်ရေအား ၁နာရီအတွင်း ရောင်းကုန်ခဲ့ပြီး ယနေ့ညနေ ၄နာရီအချိန်တွင်လည်း ထီစောင်ရေ ၅သောင်း ထပ်မံရောင်းချပေးသွားဦးမည်ဖြစ်ကြောင်း အောင်လံလွှင့်ချီနွေဦးထီ၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။


#NUG #နွေဦးထီ #စစ်ကောင်စီ
#Ayeyarwaddy_Times