ရက် ၄၀ ကျော်အတွင်း ဆုံးရှုံး လိုက်ရတဲ့ အနုပညာရှင် ၁၃၁ ဦး

ဇူလိုင် ၁ ရက်ကနေ သြဂုတ် ၁၀ ရက်နေ့အထိ ရက်ပေါင်း ၄၀ ကျော်အတွင်း စာပေ၊ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင် စတဲ့နယ်ပယ်စုံက အနုပညာရှင် ၁၃၁ ဦး ကွယ်လွန်ခဲ့တယ်လို့ RFA က စာရင်းပြုစုနိုင်ခဲ့ပါတယ်။

အဲဒီ အနုပညာရှင်အများစုက ကိုဗစ်ကြောင့် သေဆုံးရတာဖြစ်ပြီး ရိုးရိုးသေဆုံးသူလည်း အနည်းငယ် ပါဝင် ပါတယ်။ တချို့က ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးတာ မဟုတ်ပေမယ့် ကိုဗစ်တတိယလှိုင်းမှာဆေးရုံ ဆေးခန်းတွေ မဖွင့်တာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအပြည့်အဝ မရတာကြောင့် အချိန်မီ ဆေးကုသ ခွင့်မရဘဲ သေဆုံးခဲ့ရတာလို့လည်း မိသားစုဝင်တွေနဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေက ပြောပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ စာရေးဆရာ ကဗျာဆရာနဲ့ စာနယ်ဇင်းနယ်ပယ်က ၇၃ ဦး၊ပန်းချီပန်းပုနဲ့ ကာကွန်း နယ်ပယ်က ၂၂ ဦး၊ ရုပ်ရှင်နဲ့ ဇာတ်သဘင်နယ်ပယ်က ၁၈ ဦး၊ ဂီတနယ်ပယ်က ၁၈ ဦး စုစုပေါင်း ၁၃၁ ဦး ဖြစ်ပါတယ်။

စာပေနယ်က ထင်ရှားသူတွေကတော့ စာရေးဆရာ ဆင်ဖြူကျွန်းအောင်သိန်း၊ သိုက်ထွန်းသက်၊ ခင်စောတင့်၊ ဆင်တဲ၀ မြတ်ဖုန်း၊ အဏ္ဏဝါစိုးမိုး၊ စာရေးဆရာ ညီစေမင်းနဲ့ ဒေါက်တာ ခင်မောင်ဝင်း၊ ကဗျာဆရာတွေထဲက မင်းယုဝေ၊ အောင်ချိမ့်၊ မောင်သင်းခိုင်၊ လူဇော်သစ် တို့ဖြစ်ပါတယ်။

စာရေးဆရာကြီး မင်းယုဝေဟာ မြန်မာ့စာပေလောကမှာ လူကြိုက်များခဲ့တဲ့ ငွေတာရီမဂ္ဂဇင်းကို တည်ထောင်ခဲ့ သူဖြစ်ပါတယ်။

ငါရှုံးပါစေ၊ တရားက နိုင်ပါစေ ဆိုတဲ့ကဗျာစာသားနဲ့ လူငယ်ထုကြားမှာ ထင်ရှားခဲ့တဲ့ ကဗျာဆရာ အောင်ချိမ့် ဟာဆိုရင်လည်း ခေတ်ပေါ်မြန်မာကဗျာ လောကကို ဦးဆောင်ခဲ့သူ တစ်ဦးအဖြစ် အသိအမှတ်ပြုခံရသူ ဖြစ်ပါတယ်။

အခုလို ကပ်ရောဂါကာလမှာ မြန်မာပြည်သူတွေအတွက် တန်ဖိုးရှိတဲ့ စာပေသမား အများအပြား ကွယ်လွန် သွားတာဟာ မြန်မာ့စာပေလောကအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့ စာရေးဆရာမ သွေး (စစ်ကိုင်း) က ပြောပါတယ်။

Credit RFA