အသောကမင်းကြီးဘဝ ဖြစ်စေခဲ့သည့် ဆုတောင်း ကုသိုလ်

အသောကမင်းကြီးဘဝ ဖြစ်စေခဲ့သည့် ဆုတောင်း ကုသိုလ်

သွေးအားလျော့နည်းလျက် ကိုယ်အဆင်း သာမက ခွန်အားပါ ယုတ်လျော့နေသည့် ရှင်ပစ္စေကဗုဒ္ဓါတစ်ပါးမှာ ဝေဒနာ နှိပ်စက်ခံနေရ၏။ထို ပစ္စေကဗုဒ္ဓါအတွက် သီတင်းသုံးဖော်သုံးဖက်ဖြစ်သော အခြားပစ္စေကဗုဒ္ဓါသည် ပျားရည်ဆွမ်းခံရန် မြို့တွင်း ဝင်လာခဲ့၏။မြို့လမ်း တစ်နေရာတွင် ပစ္စေကဗုဒ္ဓါအား ရေခပ်ထွက်လာသော ကျွန်မိန်းမ တစ်ယောက်က တွေ့မြင်လိုက်သည်။ အရှင်မြတ်၏ ကြည်ညိုဖွယ်ရာ ဣန္ဒြေကြောင့် ကျွန်မိန်းမသည် ပစ္စေကဗုဒ္ဓါနှင့် မနီးမဝေး သင့်မြတ်သောအရပ်သို့ ချဉ်းကပ်ကာ မေးလျှောက်သည်။

ပျားရည်ဆွမ်းခံရန် မြို့တွင်းဝင်လာသည်ကို သိရသောအခါ ကျွန်မိန်းမက –“အရှင်ဘုရား… ဟိုဈေးထဲက အစွန်ဆုံးဆိုင်နားက ပျားရည်ရောင်းတဲ့ဆိုင်ပါဘုရား။ အရှင်ဘုရား အလိုရှိသမျှ ပျားရည်ကို အလှူခံ ရရှိနိုင်ပါလိမ့်မယ်ဘုရား” ဟု လျှောက်လိုက်၏။ပစ္စေကဗုဒ္ဓါ ဆွမ်းရပ်လာသည်ကို ဆိုင်ထဲမှ လှမ်းမြင်လိုက်သူကား ဆိုင်မှာထိုင်လျက် ပျားရည်ရောင်း တာဝန်ယူထားသော ညီအငယ်ဆုံး ဖြစ်ပေသည်။ညီအငယ်ဆုံးမှာ သဒ္ဓါအားကြီးသူ ဖြစ်သည့်အလျောက် ပစ္စေကဗုဒ္ဓါအား မေးလျှောက်သည်။ပျားရည်အလို့ငှာ ကြွရောက်လာကြောင်း သိရသောအခါ လွန်စွာ ဝမ်းမြောက်ကြည်နူးလျက် သပိတ်ကိုယူကာ သပိတ်အတွင်း ပြည့်လျှံသွားသည်အထိ ပျားရည်များ လောင်းလှူ၏။သပိတ်နှုတ်ခမ်းမှ လျှံကျနေသည့် ပျားရည်များကို ကြည့်ရင်း သဒ္ဓါသည်လည်း ဖိတ်လျှံကျကာ ကြည်ညိုနှစ်ထောင်းကြီးစွာ ဖြစ်ပေါ်သွားသည်။

ထိုနောက် လှိုက်လှိုက်လှဲလှဲ တက်လာသော ကုသိုလ်စိတ်ဖြင့် ဆုတောင်းလိုက်သည်။“အရှင်ဘုရား… ဤကောင်းမှုကြောင့် တပည့်တော်သည် ဇမ္ဗူမှာ အထက်ကောင်းကင် တစ်ယူဇနာ၊ အောက်မြေအပြင် တစ်ယူဇနာအာဏာစက် ပျံ့နှံသော မင်းဧကရာဇ် ဖြစ်ရပါလို၏ ဘုရား”ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် သဗ္ဗညု ဘုရားရှင်များနှယ် ပြုလုပ်ခြင်းငှာ မစွမ်းနိုင်ကြသော်လည်း ဂါထာနှစ်ပုဒ်ဖြင့် အနုမောဒနာ ချီးမြှင့်စမြဲ ဖြစ်လေသည်။“ဣစ္ဆိတံ ပတ္တိတံ တှယှံ၊ ခိပ္ပ မေဝသမိဇ္ဈတု။ သဗ္ဗေ ပူရေန္တေု သင်္ကပ္ပါ၊ စန္ဒေ ယန္နရသော ယထာ”သင် လိုလားတောင့်တမှုသည် လျှင်မြန်စွာ ပြီးစီးပါစေ။ လဆန်း ဆယ့်ငါးရက်ပမာ သင့်ရဲ့ အကြံအစည် အလုံးစုံ ပြည့်ဝပါစေ။

“ဣစ္ဆိတံ ပတ္တိယံ တှယှံ၊ ခိပ္ပ မေဝသမိဇ္ဈတု။ သဗ္ဗေ ပူရေန္တေု သင်္ကပ္ပါ၊ မဏိဇောတိရသော ယထာ”သင်၏ လိုလားတောင့်တမှုသည် လျှင်မြန်စွာ ပြီးစီးပါစေ။ အလိုရှိရာ အားလုံးကို ပေးနိုင်သော ဇောတိရသ ပတ္တမြား ရတနာပမာ အကြံအစည်အားလုံး ပြည့်စုံကြပါစေ။ပစ္စေကဗုဒ္ဓါ ပြန်ကြွသွားကာ ဂန္ဓမာဒနတောင်ရှိ ဝေဒနာခံစား နေရသူ ပစ္စေကဗုဒ္ဓါအား ပျားရည်ဖြင့် ကုသပေးလေသည်။

ထိုအချိန်မှာပင် အစ်ကိုကြီး၊ အစ်ကိုလတ်တို့ ပြန်ရောက်လာ ကြသည်။ သူတို့ တောထဲမှ ပျားရည်ကို ဆောင်ယူကာ ပြန်ရောက်လာကြခြင်း ဖြစ်၏။“ကိုင်း… ညီထွေး၊ ဒီနေ့ ပျားရည်များ ရောင်းကောင်းရဲ့လား”“အစ်ကိုတို့… ပျားရည်ဆိုင်က ပျားရည်ရောင်းတာ ရောင်းကောင်းခြင်း မကောင်းခြင်းဟာ ဘာမှ မထူးဆန်းပါဘူး။ ထူးခြားလှတဲ့ အဖြစ်တစ်ခု ဒီနေ့ ဖြစ်ပေါ်သွားခဲ့တယ်။ အဲဒီ ထူးခြားကောင်းမြတ်လှတဲ့ အဖြစ်ကို ကျွန်တော် ပြောပါရစေဦး”

“ဆိုစမ်း… တို့များ အကြီးနှစ်ယောက်က တောထဲ တောင်ထဲမှာ ပျားရည်သွားရှာရတာ ဆိုတော့ ဆိုင်မှာ ဘာဖြစ်ခဲ့လဲ မသိရဘူး။ ပြောစမ်း… ညီထွေး”“အစ်ကိုတို့ စိတ်ကို အကြည်လင်ဆုံးထားပြီး ဝမ်းမြောက်နုမော် သာဓုခေါ်ကြပါတော့။ စောစောကတွင်ပဲ အရှင်ပစ္စေကဗုဒ္ဓါတစ်ပါး ကြွလာပါတယ်။ ပျားရည်ဆွမ်းအတွက် ဆွမ်းခံ ကြွလာတာပါ။ ကျွန်တော် သပိတ်ထဲအပြည့်၊ အို… ပြည့်ရုံမက ဖိတ်လျှံကျတဲ့အထိ ပျားရည် လောင်းလှူ လိုက်ပါတယ်။ အဲဒီအလှူဟာ ကျွန်တော့်လက်နဲ လှူတာဖြစ်ပေမယ့် အစ်ကိုတို့ အလှူလည်း ဖြစ်ပါတယ်။ အဖို့ဘာဂကို အမျှဝေပါတယ်… သာဓုခေါ်ကြပါ”ညီအငယ်ဆုံးက သဒ္ဓါစိတ်ဖြင့် ပြုပြီးဆဲ ဒါနကုသိုလ်အတွက် စေတနာယှဉ်ကာ ဝမ်းသာအားရ ပြောလိုက်၏။ သို့သော် သက်ရောက်မှု တုံ့ပြန်သော ရလဒ်မှာ ပြောင်းပြန် ဖြစ်သွားလေသည်။

အစ်ကိုအကြီးဆုံးက ပြောလိုက်၏။“ဘယ်လို… ပျားရည်ကို လှူလိုက်တယ်။ ပစ္စေကဗုဒ္ဓါ ဟုတ်လား၊ ဟေ… ညီထွေးရဲ့ ခုနေခါမှာ ဒွန်းစဏ္ဍားတွေဟာလည်း သင်္ကန်းဝတ်ရုံပြီး အလှူခံထွက်ကြတာပဲကွ။ မင်းလှူလိုက်တာ အင်း… မင်းလှူလိုက်တဲ့ ပျားရည်ကို အလှူခံယူသွားတဲ့သူဟာ မင်းပြောသလို ပစ္စေကဗုဒ္ဓါမဟုတ်ဘဲ ဒွန်းစဏ္ဍားများ ဖြစ်လေမလား”ပြင်းထန်သော အသုံးအနှုန်းများဖြင့် တုံ့ပြန်လိုက်သော အစ်ကိုကြီးစကားကြောင့် ညီအငယ်ဆုံး တုန်လှုပ် အံ့အားသင့်နေချိန်မှာ အစ်ကိုလတ်က ဝင်ပြောပြန်၏။“ဟေ့… ညီထွေး၊ တို့အစ်ကိုကြီးနှစ်ယောက်က တောထဲ တောင်ထဲမှာ ပင်ပင်ပန်းပန်း ပျားရည်အရှာထွက်ရတယ်။ မင်းက ဆိုင်မှာထိုင် ပျားရည်ရောင်းရုံပဲ။

ရှိပါစေတော့ ဒါ ကြီးစဉ်ငယ်လိုက်အရ တို့ညီအစ်ကိုသုံးယောက် အလုပ်တာဝန် ခွဲဝေထားတာ တို့ပင်ပန်းသလို မင်းလည်း ပင်ပန်းတာပဲ။ အေး အဲဒီလို ရှာတဲ့သူက ရှာ… ဆိုင်ခင်းကျင်းပြီး ရောင်းသူက ရောင်းနဲ့ မနည်းကြီး ရင်းထားရတဲ့ ပျားရည်ကို မင်းက ပစ္စေကဗုဒ္ဓါပဲ ဆိုပြီး လောင်းလှူလိုက် သတဲ့လား။ အေး မင်းရဲ့ ပစ္စေကဗုဒ္ဓါကို သမုဒ္ဒရာရဲ့ ဟိုဘက်ကမ်း ပစ်ချလိုက်ပါလား”

ညီအငယ်ဆုံးသည် မိမိ၏ အလှူအတွက် ကုသိုလ်ဝေမျှ ရယူကြမည့်အစား နှုတ်ထွက် ကြမ်းကြမ်းဖြင့် ပြောဆိုလိုက်ကြသော အစ်ကိုနှစ်ယောက် စကားများကြောင့် စိတ်ထိခိုက်သွား၏။ သို့သော် အစ်ကိုများ အပြစ်မဖြစ်စေရန် အစ်ကိုများ၏ လွဲမှားနေမှုကို တည့်မတ်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။“အစ်ကိုတို့… အလှူဆိုတာ အလွန်မြတ်ပါတယ်။ အစ်ကိုတို့က ပိုသိပါတယ်။ လှူဒါန်းခြင်းဟာ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းဝတ္တုအပေါ်မှာ တွယ်တာကပ်ငြိခြင်းကို ဖယ်ခွာခြင်း ဖြစ်ပါတယ်။ အတ္တကို လျော့ပါးစေပါတယ်။ ထို့အပြင် အလှူခံပုဂ္ဂိုလ်ရဲ့ လိုအပ်မှုကို ဖြည့်စွမ်းခြင်း ဖြစ်တဲ့အတွက် ပရအကျိုးကို ဆောင်ရွက်ခြင်းလည်း ဖြစ်ပါတယ်။

ဒွန်းစဏ္ဍားပင် ဖြစ်စေဦး၊ သူလိုအပ်ချက်ဖြစ်တဲ့အတွက် မိမိကြောင့် သူတစ်ပါး ချမ်းသာသွားပါတယ်။ ပြီးတော့ အခု ကျွန်တော် ပျားရည်လောင်းလှူလိုက်တာဟာလည်း အကယ်ပင် အရှင်ပစ္စေကဗုဒ္ဓါပါ။ အနုမောဒနာ နှစ်ဂါထာနဲ့ ဆုပေးသွားပါတယ်။ အစ်ကိုတို့ သဒ္ဓါတရား ခေါင်းပါးသူများ မဟုတ်ပါဘူး။ အခုဟာက အစ်ကိုတို့ တောထဲကပြန်ရောက်လာကာစ မောမောပန်းပန်း ဖြစ်နေလို့ စိတ်တိုနေကြတာ ဖြစ်မှာပါ။ အလှူဒါနအတွက် အစ်ကိုတို့ သာဓု ခေါ်ရမှာပါ။ ကြည်နူးပီတိ ဖြစ်ရမှာပါ”ထိုအချိန်မှာပင် ရေခပ်ပြန်လာသော ကျွန်မိန်းမ ရောက်လာသည်။ ကျွန်မိန်းမသည် ညီအစ်ကိုတို့၏ စကားဝိုင်းထဲ မဝင်ရဲသဖြင့် အသာအယာ နားထောင်နေလိုက်၏။

အစ်ကိုနှစ်ယောက်ကား တောထဲ တောင်ထဲတွင် ပျားရည်ကို ခက်ခဲပင်ပန်းစွာ ရှာဖွေရသူများ ဖြစ်သဖြင့် လုပ်ငန်းအလျောက် နှုတ်ကြမ်း ကိုယ်ကြမ်းသမားများ ဖြစ်စေကာမူ စိတ်နှလုံး ဆိုးယုတ်သူများမဟုတ်။ လှူဒါန်းပေးကမ်းခြင်း၌ တွန့်တိုပိတ်ပင်ကြသူများ မဟုတ်။ ထိုပြင် ညီထွေး၏ အခိုင်အမာ ပြန်လှန်ရှင်းပြသော စကားများကို ကြားရသည်တွင် မိမိတို့ အမှားကို ချက်ချင်း သိမြင်သွားကြ၏။“အေး… တို့များ နှုတ်ထွက်ဆိုးသွားသကွယ်။ မင်းစကားကိုလည်း တို့ယုံပါပြီ။ ကိုင်း… တို့ညီအစ်ကို သုံးယောက် ပြုပြီးသော အလှူအတွက် ဝမ်းမြောက်ပီတိရှိကြစို့။ သဒ္ဓါနဲ့ ကောင်းစွာ နေကြစို့”ညီအစ်ကိုများ၏ စကားဝိုင်းထဲ မဝင်ရဲဘဲ ပုန်းအောင်းနားထောင် နေသော ကျွန်မိန်းမသည်လည်း မိမိ၏ ပါဝင်ပတ်သက်မှုကို ဆင်ခြင်ကြည့်လိုက်၏။ပျားရည် အလှူခံထွက်သော ပစ္စေကဗုဒ္ဓါအား ဤအိမ်သို့ ကြွနိုင်အောင် ညွှန်ပြခဲ့သူမှာ မိမိပင် ဖြစ်သည်။ ယခု ပျားရည် လောင်းလှူလိုက်သော ညီအငယ်ဆုံးက သူ့ဆုတောင်းစကားကို ပြန်ပြောနေသံ ကြားလိုက်၏။

“ကျွန်တော်တော့လေ ဤကုသိုလ်ကြောင့် ဇမ္ဗူဒိပ်မှာ အထက်ကောင်းကင် တစ်ယူဇနာ၊ အောက်မြေပြင် တစ်ယူဇနာ အာဏာစက်ပျံ့နှံသော မင်းဧကရာဇ် ဖြစ်ရပါလို၏ လို့ ဆုတောင်းလိုက်တယ်”။ အစ်ကိုကြီးနှစ်ယောက် ငြိမ်သက်နေ၏။ကျွန်မိန်းမသည် ဤဒါနအမှု၌ မိမိပါဝင်ခဲ့မှုကို ပီတိဖြင့် ပြန်လည်အောက်မေ့ရင်း ဆုတောင်းလိုက်လေသည်။“ပျားရည်လှူသူ ညီအငယ်ဆုံး မင်းဧကရာဇ် ဖြစ်ချိန်မှာ မိဘုရားခေါင်ကြီး ဖြစ်ရပါလို၏”နောင်အခါ ညီအငယ်ဆုံးက အသောကမင်း အဖြစ် ကျွန်မသည် ရုပ်အဆင်း လွန်စွာတင့်တယ်သော အသန္ဓိမိတ္တာ မိဘုရားခေါင်ကြီး အဖြစ်၊ သမုဒ္ဒရာတစ်ဖက်ကမ်းသို့ ပစ်ချလိုက်ပါလားဟု ပြောခဲ့သော အစ်ကိုလတ်က သီရိလင်္ကာကျွန်းတွင် ဒေဝါနံပိယတိဿမင်း အဖြစ်၊ ဒွန်းစဏ္ဍားဟု ပြောခဲ့သော အစ်ကိုအကြီးဆုံးကား ဒွန်းစဏ္ဍားရွာတွင် မွေးဖွားကြီးပြင်းခဲ့ရသော ‘နိဂြောဓ’ အဖြစ် အသီးသီး ရောက်ရှိ ဖြစ်တည်ခဲ့ကြလေသည်။

Crd-Original Post