“ပျောက်ကွယ်သွားသော ပုဂံခေတ်က မြင့်မြတ်သောလူမျိုးစု (သို့)ဘုရားကျွန်”

“ပျောက်ကွယ်သွားသော ပုဂံခေတ်က မြင့်မြတ်သောလူမျိုးစု (သို့)ဘုရားကျွန်”

ဒီဘုရားကျွန် ဆိုသောစကားလုံးကို ယခုခေတ်လူအတော်များများ ကြားဘူးသိရှိခြင်း မရှိတော့ပါ။အချို့ကလဲ ဘုရားကျွန်ဆိုတာ ဘုရားမှာနေပြီး တောင်းရမ်းစားသောက်ရသော သူတောင်းစား,ဒွန်းစဏ္ဍား,စဏ္ဍာလ,သူဖုန်းစား ,သင်ချိ စတဲ့အမျိုးယုတ်ညံ့သော အောက်တန်းစား လူရာမဝင်သူများ အောက်တန်းစား လူတန်းစားများအဖြစ် ပုံဖော်ရေးသားကြသူများကြောင့် လူအများစုကလဲ ထင်ယောင်ထင်မှားဖြစ်ကြပြီး လွဲမှားနေသောအသိဖြစ်နေကြပါတယ်။ထောင်ချီရှိနေသော ပုဂံခေတ်ထိုးကျောက်စာများတွင် ဘုရားတည် ကျောင်းလှူ အလှူရှင်တို့က ဘုရား စေတီ ကျောင်းများကို စောင့်ရှောက်ထိန်းသိမ်းရန် ဆီမီထွန်း ပန်းကပ် သန့်ရှင်းရေးပြုလုပ်ရန်အတွက် မိမိတို့ပိုင်ဆိုင်သော ကျွန်များကို အမည်နာမ အရေအတွက်ကို ကျောက်စာမှာ တပါးတည်းရေးထိုးလှူဒါန်းလေ့ရှိပါတယ်။ထိုသူများကို ဘုရားကျွန် အဖြစ်ခေါ်ဆိုပါတယ်။ ဘုရားစေတီကျောင်းကန်များကို ဘုရားကျွန်လှူဒါန်းခြင်းနှင့်အတူ မိမိတို့ပိုင် လယ်ယာမြေများ, သစ်ပင်များ, ထန်းပင်များ,ရေကန်များကိုပါထည့်သွင်းလှူဒါန်းလေ့ရှိပါတယ်။

ဒီလှူဒါန်းတဲ့ လယ်ယာမြေ အပင်တွေကိုတော့ ဘုရားကျွန်တွေက စိုက်ပျိုးထွန်ယက်စေပြီး ရရှိလာတဲ့ ငွေကြေးတွေကိုတော့ ဘုရင့်ထံအခွန်တော်အချို့ပေးအပ်စေပြီး ကျန်တဲ့သုံးစုနှစ်စုကို မိမိတို့ဘုရား ပြုပြင်ခြင်း ဆွမ်းသစ်သီးဝယ်ခြမ်းကပ်လှူခြင်း ဘုရားပြင်ရန်လိုအပ်သော ပစ္စည်းဝယ်ယူခြင်းတို့ကို လွတ်လပ်စွာ အမှီအခိုကင်းစွာဆောင်ရွက်နိုင်ကြပါတယ်။ ကျန်ငွေတစုကိုတော့ မိမိတို့စရိက္ခာအဖြစ်သုံးစွဲရပါတယ်။ဒီနေရာမှာ ဘုရားပိုင်မြေယာနည်းပါးသူတို့အတွက် လုံလောက်သော ငွေကြေးနည်းပါး၍မလုံလောက်တဲ့အခါမှာ အချို့က မြို့ထဲရွာထဲတွင် မိမိတို့တပ်အပ်သော အဆိုပညာ အကပညာတို့ကို အသုံးချဖျော်ဖြေပြီးအလှူခံခြင်းကြောင့်ရရှိလာတဲ့ငွေကြေးကိုရှာဖွေအသုံးပြုရပါတယ်။

ထိုသူများကို ပုဂံခေတ်ကလူနေမှုပုံစံအရ ဘုရားကျွန်များကို လူအများက နှိမ်ချဆက်ဆံခြင်းအလျဉ်းမရှိ လူအများလုပ်နိုင်ခဲသော အလုပ်ကိုဆောင်ရွက်နေသော မြင့်မြတ်သော လူတန်းစားအဖြစ် လေးစားစွာဆက်ဆံကြပါတယ်။ လေးလေးစားစားလှူဒါန်းပေးကမ်းကြပါတယ်။ဘုရားကျွန်များက ဒီအလုပ်ကို မိမိတို့ အသက်သေဆုံးတဲ့အထိ လုပ်ရပါသလား? လွတ်မြောက်ဖို့အခွင့်အရေးမရှိတော့ဘူးလား?လုံးဝမဟုတ်ပါဘူး။

သူတို့မှာဘုရားကျွန်ဘဝကလွတ်မြောက်ပြီး သာမန်လွတ်လပ်သော လူဘဝကိုပိုင်ဆိုင်နိုင်ရန်အခွင့်အလမ်းများစွာရှိကြပါတယ်။အစဦးစွာ ကျွန်တွေဘယ်လိုဖြစ်လာတာလဲဆိုတာကစပြီးပြောရရင်ကျွန်ဖြစ်ရတဲ့အကြောင်းတွေက။ကြွေမြီကို ဆပ်နိုင်ခြင်းမရှိသောကြောင့် ကျွန်ဖြစ်ခြင်း။စစ်ရှုံးသောကြောင့် ကျွန်ဖြစ်ရခြင်း။သေဒါဏ်(သို့မဟုတ်)ဘေးဥပါဒ်မှ ကယ်တင်ပေးသောကြောင့်ကျွန်ဖြစ်ရခြင်း။ကိုယ်တိုင်ရှာဖွေစားသောက်မှုခက်ခဲသော ကြောင့်ကျွန်ဖြစ်ရခြင်း။သူတစ်ပါးပစ္စည်းအား ခိုးယူမိသောကြောင့် ကျွန်ဖြစ်ရခြင်း။ငွေကြေးကို မိဘတို့အားရစေခြင်းအတွက် မိမိကိုယ်ကိုရောင်းချခြင်း။

စတဲ့ကျွန်ဖြစ်ရခြင်းများကိုပုဂံကျောက်စာပါအချက်အလက်များအရ သိရှိရသလို ရှေးဟောင်းဓမ္မသတ်ကျမ်းများအလိုအရ ကျွန်မျိုး ၁၂ ပါးစသည်ဖြင့်တွေ့ရှိရပါတယ်။ထို ၁၂ ပါးကိုရေးရလျင်။သေဘေးမှကယ်ဆယ်၍ရသောကျွန်။ငွေဖြင့်ပေးဝယ်ထားသောကျွန်။ကျွန်မှမွေးသော မွေးကျွန်။ကြွေးမပေး၍သိမ်းဆည်းသောကျွန်။ဆွေမျိုးထဲမှဆင်းရဲသူကို ခိုင်းစေသော အမျိုးကျွန်။ခိုးမှုကြောင့် တရားနိုင်၍ရသောကျွန်။နှုတ်မှုကြောင့် တရားနိုင်၍ရသောကျွန်။လက်လွန်မှုကြောင့်တရားနိုင်၍ရသောကျွန်။မိဘကအမွေပေး၍ရသောကျွန်။ဘုရင်ကပေး၍ရသော မင်းပေးကျွန်။အပေါင်ခံ၍ရသော အပေါင်ဆုံးကျွန်ထမင်းကျွေး၍ရသောကျွန်(ထမင်းစားကျွန်ခံ)ဖြစ်တယ်လို့ရေးသားထားပါတယ်။ထိုကျွန်တို့ကို ပိုင်ရှင်ဖြစ်သူက ပေးကမ်းခြင်း။လွှဲပြောင်းခြင်း။ရောင်းချခြင်း။လွတ်လပ်ခွင့်ပေးနိုင်ခြင်း။ဘုရားလှူခြင်း စသည်တို့ကိုလွတ်လပ်အမှီခိုကင်းစွာဆောင်ရွက်နိုင်ပါတယ်။

ဒီအချက်တွေထဲမှာ အရေးအကြီးဆုံးနှစ်ချက်ဖြစ်တဲ့ ဘုရားလှူဒါန်းခြင်းနဲ့ကျွန်များကိုလွတ်မြောက်စေခြင်းကအထူးအရေးပါတဲ့အချက်တွေဖြစ်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဘုရားကိုကျွန်လှူလိုက်တဲ့အခါ ထိုကျွန်ဘုရားကျွန်တို့က ဘုရားစေတီ ကျောင်းသင်္ကန်း တို့ကို နေ့စဉ်မပြတ် ဆွမ်းကပ်ခြင်း ပန်းရေချမ်းကပ်လှူပူဇော်ခြင်း သန့်ရှင်းရေးလုပ်ခြင်း ပြင်ဆင်ခြင်း ရဟန်းသံဃာတို့ သုံးဆောင်ရန် ဆွမ်းရေချမ်း ပြင်ဆင်ပေးရခြင်း သင်္ကန်းများလျော်ဖွတ်လုပ်ဆောင်ရခြင်းတဲ့

သံဃာဝေယျာဝစ္စများ ဘုရားစေတီဝေယျာဝစ္စများလုပ်ဆောင်နေသူများ ကုသိုလ်များစွာ ရရှိနေသူ မြင့်မြတ်သောလူတန်းစားအဖြစ် သတ်မှတ်ကြတော့ပါတယ်။ ကျွန်သီးတော်ဟုလည်းခေါ်ဆိုကြပြီး မြင့်မြတ်သောအလုပ်ကိုလုပ်ဆောင်သူများဟူ၍သတ်မှတ်ကြပါတယ်။သက္ကရာဇ် ၅၈၅ ခုနှစ်ထိုး လေးမျက်နှာဘုရားကျောက်စာတွင်“ဤအနှစ်မောင်နှံပြုသော ကောင်းမှုခပ်သိမ်းသောကို။အနှစ်ကိုယ်စားအခါမြင့်မြဲ

ပြုရစ်ပါရစ်စိမ့်သောငှာ။တလင်းလှည့်စိမ့်သောငှာ။ ဘုရားတရား၌ သင်ပုတ်ဆီမီး ကွမ်းပန်းမပြတ် တင်ရစိမ့်သောငှာ။ သည်းခံသောအရိယာသံဃာတို့ကို ကွမ်းပန်းကျွေးစိမ့်သောငှာ။ အနှစ်မောင်နှံလှူသော ပုဂံကျွန်ကား”ဟူ၍၎င်း။

စားပွဲမှောက်ဘုရားကျောက်စာတွင်“ဤမျှသောကျွန်ကား အရိယာသံဃာတို့ကို ခြေဆေးလက်ဆေးရေ။ချိုးရေ။ သောက်ရေခပ်သိမ်းသောငှာ ဝတ်ချစိမ့်သောငှာ တမျက်ချေးကျုံးစိမ့်သောငှာ လှူသတည်း”ဟုရေးသားပြီး ဘုရားကျွန်အလုပ်တို့ကိုခွဲခြားပေးအပ်ထားပါတယ်။များသောအားဖြင့် ဘုရားကျွန်များမှာ မုဆိုးဖို မုဆိုးမ အသက်အရွယ်ကြီးသူများကိုလှူတာများပါတယ်။

ဘုရားရိပ်တရားရိပ်တွင် သက်သက်သာသာ လုပ်ကိုင်နေထိုင်ပြီး အေးချမ်းစွာ မပူမပင်စားသောက်နေထိုင်နိုင်စေလိုတဲ့ သဘောသက်ရောက်နေသလို ကုသိလ်လဲများစွာရ ဝမ်းလဲဝသလို မြန်သောလူတန်းစားအဖြစ် ရောက်ရှိနေသဖြင့် ထိုခေတ်ပုဂံပြည်မှာ အမတ်, သူဌေး ချမ်းသာတဲ့သူတွေကိုယ်တိုင် မိမိကိုယ်တိုင်ရော ဇနီးနဲ့သားသမီးတွေကိုပါ ရေစက်ချ ဘုရားလှူတဲ့ ဓလေ့တွေရှိနေပါတယ်။အခြားသူများထက် ပိုမိုမြတ်သည် ဘုရားကျွန်ဖြစ်ရတာနိဗ္ဗာန်ကိုပိုမိုလွယ်စွာရောက်နိုင်သည့်နည်းလမ်း ဝေသန္တရာမင်းကြီးထုံးနှလုံးမူကြသူ အများအပြားပုဂံခေတ်မှာ ရှိခဲ့ကြပါတယ်။

သက္ကရာဇ် ၅၄၁ ခုနှစ်ထိုးတိုင်းချွတ်ဘုရားကျောက်စာမှာ“သင်ကြီးအဘိနန္ဒသူအမည် ငါကြီးကိုယ်လှူ ၏ မယားကိုလည်းလှူ ၏ သမီးကြီးကိုလည်းလှူ ၏ သမီးငယ်မောင်းမကိုလည်းလှူ ၏”ဒါကိုကြည့်ခြင်းအားဖြင့် ဘုရားကျွန်အဖြစ်ပြုလုပ်ခြင်းလှူ ဒါန်းခြင်းအလုပ် ခံယူသောအလုပ်သည် ယုတ်ညံ့မှုမဟုတ် မြင့်မြတ်သောအလှူ အလုပ်ဖြစ်ကြောင်း ထင်ရှားစေပါတယ်။

နောက်တခုကလဲ ဘဝဆက်တိုင်းကျွန်ဘဝမှလွတ်မြောက်စေခြင်းငှာ ကျွန်တို့ကိုလှူ ခဲ့ကြောင်းစေတနာပေါ်လွင်စေတဲ့ သက္ကရာဇ် ၅၅၂ ခုနှစ်ထိုး တောင်ဂူနီဘုရားကျောက်စာမှာတွေ့ ရပါတယ်။ အဲ့ဒီကျောက်စာမှာဘဲ”ဘုရားမဖြစ်သောကြား ပဉ္စင်္ဂတုရ်မည်သော စည်ညင်းဖြင့် နိုးထ ထသောစည်းစိမ်ကို လိုရကား စည်ကြီးပန်တျာပြု၏”လို့ရေးထားချက်အရ ရဟန်းသင်္ဃာတွေမနက်ခင်းနိုးထတဲ့အခါ သာယာသောစည်သံကြားစေခြင်သောဆန္ဒဖြင့် သာယာသောစည်တီးရန် ပြုလုပ်ထားကြောင်းသိရသလို မြန်မာပန်တျာ, ကုလားပန်တျာသည်တို့ကိုပါလှူဒါန်းတဲ့ဓလေ့ရှိပါတယ်။

“ရမက်ကျွန်အဖြစ်မှ တော်လှန်လိုရကား ဘုရားသခင်နှင့်သင်္ဃာတို့ ကပ္ပိယဝါ မူစိမ့်သောငှာ လှူသောကျွန် ၁၀၀” ဟုရေးသားထားပါတယ်။ ကျွန်တရာကိုကျွန်ဘဝမှလွတ်မြောက်စေရန် ဘုရားနဲ့သင်္ဃာတို့အလုပ်အကျွေးအဖြစ်လှူတယ်လို့ဆိုပါတယ်။မိမိတို့ရဲ့ဘုရားကျွန်များကို လှူဒါန်ူထားသောဒေသမှ ထွက်ခွာသွားလျင် ဒုက္ခရောက်စေရန် ကြိမ်စာတိုက်သောစကားရပ် ပုဂံကျောက်စာများမှာမတွေ့ရှိတာက ထူးခြားမှုဖြစ်ပါတယ်။ အတင်းအကြပ် မိမိတို့လှူဒါန်းထားသော ဘုရားကျွန်များကို ထိပါးတေားမြစ်ပိတ်ပင်ထားခြင်းမရှိပေမဲ့နှောက်ရှက်ပါက ထိုသူတို့ ဘေးဒုက္ခအမျိုးမျိုးတွေ့ကြုံစေရန်ကာကွယ်ထားတဲ့ ကြိမ်စာတွေကတော့ အများကြီးတွေ့ရပါတယ်။ကျွန်ဘဝမှ လွတ်မြောက်ရန် အခြားနည်းလမ်းတွေလဲရှိပါတယ်။အသက်အရွယ်ကြီးလို့ အလုပ်တွေမလုပ်ကိုင်နိုင်တော့တဲ့အခါမျိုး။ မိမိဆွေမျိုးများက ငွေဖြင့်ရွေးယူတဲ့အခါမျိုး။ မိမိကိုယ်စား အခြာသူတစ်ယောက်ကလူစားထိုးတဲ့အခါမျိုး။အခြားကျွန်တယောက်ကိုငွေဖြင့်ဝယ်ပြီး လူစားထိုးခြင်း။

အလုပ်တာဝန်ကို ထူးခြားစွာအောင်မြင်အောင်လုပ်ဆောင်လို့ ပိုင်ရှင်က လွတ်လပ်ခွင့်ပေးတဲ့အခါမျိုး။ ပိုင်ရှင်က ရွေးခြယ်ပြီး ဇိဝိတဒါနအဖြစ် လွတ်မြောက်စေသူ။ပိုင်ရှင်သေသောအခါ မသာအခေါင်းပေါ်မှာ ပရိက္ခရာငါးပါးတင်ထားပြီးမသာကိုမြေတွင်းနဲ့ မီးရှီု့စင်ရောက်သောအခါ ရဟန်းပြုရသော တလားစီးကျွန်နဲ့ အမြတ်ဆုံး ဘုရားကျွန်ဖြစ်ခြင်းတို့ကြောင့်လွတ်မြောက်ရပါတယ်။

ထိုကျွန်ပြုဓလေ့ဟာဘုရင်အဆက်ဆက်ရှိနေခဲ့ ပြီးခေတ်အဆက်ဆက်ပုံစံမျိုးစုံ ဆက်ရှိနေခဲ့ပါတယ်။တကောင်းခေတ်မှနေ၍ လွတ်လပ်ရေးရရှိတဲ့ခေတ်အထိ ရှိနေခဲ့သော ကျွန်စနစ်ကြီးကို အမြစ်ဖြတ်လိုက်သူကတော့ ၁၃၀၉ ခုနှစ်, ပြာသိုလပြည့်ကျော် ၉ ရက်တနင်္ဂနွေနေ့မှာ နိုင်ငံတော်သမတကြီး စပ်ရွှေသိုက်ကတိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးမှာအောက်ပါအမိန့်နဲ့ ကျွန်စနစ်ကိုအမြစ်ဖြတ်လိုက်ပါတော့တယ်။

“မြန်မာသမတနိုင်ငံတော်ကြီးသည်လွတ်လပ်သောတိုင်းပြည်ဖြစ်သည်နှင့်အညီ တဦးနဲ့တဦးနှိပ်စက်ခြင်း ကြောက်ရွံ့ရအောင်ပြုလုပ်ခြင်းအလေ့ဆိုးများကို လုံးဝပပျောက်စေရန်ရည်ရွယ်သည်။ ရာဇဝင်တွင် ရှေးအခါကစ၍ရှေးမင်းများ အာဏာစက်ကြောင့် ဒွန်းဏ္ဍား သူတောင်းစား ဘုရားကျွန် ကျောင်းကျွန် သင်ချီစသည်တို့ကို ယနေ့မှစ၍ ရှေးမင်းများ

အာဏာစက်ကိုပါယ်ဖျက်၍ ထိုသူတို့၏ သဘောဆန္ဒအတိုင်း လုပ်ကိုင်လိုသောအလုပ်မျိုးစုံကို လွတ်လပ်စွာလုပ်ကိုင်နိုင်စေဟု ကျွနု်ပ်အမိန့်ချမှတ်လိုက်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံစာတမ်းပါအတိုင်း ပြည်သူများသည် တဦးနဲ့တဦးတန်းတူ ညီမျှ အခွင့်အရေးရှိကြစေ”ထိုအမိန့်နောက်ပိုင်းတွင် တဖြည်းဖြည်း တစစပျောက်ကွယ်လာသော စကားလုံးများဖြစ်သွားကြပြီး ဘုရားကျွန်ဆိုသောစကားလုံးအစား ယခုခေတ်တွင် ပြန်လည်ထွန်းကားလာသော စကားလုံးများအောက်မှာလူပေါင်းများစွာရောက်ရှိသွားတာကတော့ အာဏာကျွန် ပါဝါကျွန်အသပြာကျွန် ဆိုတာ ဖြစ်ပေါ်လာပါတော့တယ်။

Crd-Original Post