သမ္ဗုဒ္ဓေဂါထာတော်ရဲ့နောက်ခံအတိတ်ဇာတ်ကြောင်း

သမ္ဗုဒ္ဓေဂါထာတော်ရဲ့နောက်ခံအတိတ်ဇာတ်ကြောင်း

သမ္ဗုဒ္ဓေဂါထာတော်ကတော့ ဗုဒ္ဓဘာသာဝင်အများစုက ရွတ်ဖတ်ကြလို့ပါဠိ၊ အဓိပ္ပါယ်ပါရတဲ့ သူတွေများပါတယ်။ ဒီဘဒ္ဒကမ္ဘာကနေ နောက်ပြန်ရေတွက်ရင် ၂၀သင်္ချေနဲ့ကမ္ဘာတစ်သိန်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူတယ်။ ဒီပင်္ကရာဘုရားနှစ်ဆူရှိတယ်၊လွန်ခဲ့တဲ့၂၀သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကပွင့်ခဲ့တဲ့ ဒီပင်္ကရာကအရင်ပွင့်လို့ ပေါရာဏဒီပင်္ကရာလို့ခေါ်ကြတယ်။အဲဒီပေါရာဏဒီပင်္ကရာ ဘုရားရှင်လက်ထက်မှာ ရဟန်းငယ်တပါးက ဘုရားရှင်ရဲ့ကျောင်းဆောင်တော်မှာ ညဖက်ဆီမီးပူဇော်ဖို့အတွက် မြို့တော်ထဲမှာ ဆီအလှူခံတယ်။

အဲဒါကိုပေါရာဏဒီပင်္ကရာဘုရားရဲ့ ညီမတော်လည်းဖြစ်၊ ဘုရင့်သမီးတော်လည်းဖြစ်တဲ့ မင်းသမီးကမြင်သွားတော့ ရဟန်းငယ်ကိုလှမ်းပင့်ပြီး လိုအပ်တဲ့မုန်ညှင်းဆီတွေကို သပိတ်အပြည့်လှူလိုက်တယ်။ လှူလည်းပြီးရောမင်းသမီးက ဘုရားဖြစ်ချင်တယ်ဆိုပြီး ဆုပန်တယ်။

သပိတ်အပြည့်အလှူခံရထားတော့ ညဖက်ဆီမီးပူဇော်တဲ့အခါ ကျောင်းဆောင်တော်ကြီးက ဆီမီးတွေနဲ့မြိုင်နေရော။ ဒီတော့ဘုရားရှင်က ဆီမီးထွန်းတဲ့ ရဟန်းငယ်ကိုခေါ်မေးတယ်။ ရဟန်းငယ်ကလည်း အရှင်ဘုရားရဲ့ညီမတော်က လှူလိုက်တာဖြစ်ကြောင်း၊ ဘုရားဖြစ်ချင်တယ်လို့ ဆုတောင်းကြောင်းလျှောက်တင်တယ်။

အဲဒီအခါဘုရားရှင်က မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့မရဘူး၊ ယောက်ျားဘဝရမှ ဘုရားဆုပန်လို့ရမယ်၊ ဒီတော့ယောက်ျားဘဝရဖို့ အရင်ဆုပန်ခိုင်းပါလို့ မိန့်တော်မူတယ်။ တဆက်တည်းမှာပဲရဟန်းငယ်က သူလည်းဘုရားဖြစ်ချင်ပါတယ်ဆိုပြီး ဘုရားဆုပန်တယ်။

ဒီပင်္ကရာဘုရားရှင်ကို အားကျတာကတစ်ကြောင်း၊ သူကဆီမီးပူဇော်တဲ့ရဟန်းဖြစ်လို့ (ဒီပင်ဆိုတာဆီမီး၊ ကရောတိဆိုတာပူဇော်ခြင်း) တိုက်ဆိုင်တာကတစ်ကြောင်းကြောင့် ဒီပင်္ကရာဆိုတဲ့ဘွဲ့တော်နဲ့ပဲ ဘုရားဖြစ်ချင်ကြောင်းဆုပန်တယ်။

ဒီတော့ပါရာဏဒီပင်္ကရာဘုရားရှင်က အဘိဉာဉ်တန်ခိုးနဲ့ကြည့်တော်မူပြီး ရဟန်းငယ်ကိုနောင် ၁၆သင်္ချေကြာတဲ့အခါ ဒီပင်္ကရာဘွဲ့တော်နဲ့ပဲ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေးတယ်။နောက်တစ်နေ့ရဟန်းငယ်က ထုံးစံအတိုင်းဆီအလှူခံထွက်ရင်း

မင်းသမီးဆီရောက်တဲ့အခါ မြတ်စွာဘုရားမှာလိုက်တဲ့အတိုင်း မိန်းမဘဝနဲ့ဘုရားဆုပန်လို့မရကြောင်း၊ ယောက်ျားဘဝရအောင် အရင်ဆုပန်ခိုင်းကြောင်းပြန်မိန့်တယ်။မင်းသမီးကလည်းမုန်ညှင်းဆီတွေ သပိတ်အပြည့်လှူတယ်၊ နောက်နေ့တွေမှာလည်း

နေ့စဉ်သပိတ်အပြည့်လှူဖို့ကတိခံပြီး ဒီလိုလှူရတဲ့အကျိုးအားကြောင့် နောက်ဘဝမှာယောက်ျားဘဝရပါလို၏ ဆိုပြီးဆုတောင်းတယ်။ ဆုလည်းတောင်းတယ် ယောက်ျားဘဝရစေမယ့် အကျင့်အကြံတွေကိုလည်း တကယ်ကျင့်ကြံအားထုတ်တော့ နောက်ဘဝမှာယောကျာ်းဖြစ်သွားတယ်။အဲဒီယောက်ျားဘဝကနေစပြီး နောက်ပိုင်းဘုရားဖြစ်ချင်စိတ်အထုံကြောင့် ပါးစပ်ကထုတ်မပြောပေမယ့် စိတ်ထဲကနေဘုရားဆုပန်တာ ၇သင်္ချေကြာတယ်။ အဲဒီ၇သင်္ချေအတွင်းမှာ ဘုရားပေါင်း ၁၂၅၀၀၀ဆူပွင့်တော်မူခဲ့တယ်။

နောက်ပိုင်းဘဝတွေကျတော့ ဘုရားဖြစ်ချင်တဲ့အထုံအစွဲ ကြီးလွန်းလာတာရယ်ကြောင့် စိတ်ထဲကတင်မကတော့ပဲ နှုတ်ကပါဘုရားဆုပန်တယ်။ အဲဒီလိုနှုတ်ကနေဘုရားဆုပန်တာ ၉သင်္ချေရှိတယ်။ အဲဒီ၉သင်္ချေကာလအတွင်း ဘုရားပေါင်း၃၈၇၀၀၀ဆူပွင့်ခဲ့တယ်။

မိန်းမဘဝအပြီး ယောကျာ်းဘဝကို စရတဲ့အချိန်ကနေ စိတ်နဲ့ဘုရားဆုပန်တဲ့၇သင်္ချေရယ် နှုတ်နဲ့ဘုရားဆုပန်တဲ့၉သင်္ချေရယ် ပေါင်း၁၆သင်ချေတွင်းမှာ ဘုရားပေါင်း၅၁၂၀၀၀ဆူပွင့်တော်မူတယ်။၁၆သင်္ချေကြာတဲ့အခါဆိုတော့ ပေါရာဏဒီပင်္ကရာမြတ်စွာဘုရားဆီက

ဗျာဒိတ်တော်ရထားတဲ့ရဟန်းငယ်လေးက ဒီပင်္ကရာဆိုတဲ့ဘွဲ့တော်နဲ့ ဘုရားဖြစ်တော်မူတယ်။ ဒီပင်္ကရာမြတ်စွာဘုရား ကြွလာတဲ့လမ်းမှာတံတားခင်းတာ အချိန်မမီတဲ့အတွက် သုမေဓာရသေ့က ကိုယ်ကိုတံတားခင်းပြီးလှူတယ်။

ဒီပင်္ကရာဘုရားရှင်က ကြည့်တော်မူတဲ့အခါ သုမေဓာရသေ့က ပေါရာဏဒီပင်္ကရာဘုရားလက်ထက် သူရဟန်းငယ်ဘဝနဲ့ ဗျာဒိတ်တော်ရတဲ့ဘဝတုန်းက သူ့ကိုမုန်ညှင်းဆီလှူတဲ့ မင်းသမီးဖြစ်နေတာကိုမြင်တယ်။ အဲဒီမှာဘုရားရှင်က မင်းသမီးလေးဘဝဖြစ်စဉ်ကို ပြန်ပြောင်းဟောပြတယ်။

ပြီးတော့နောင်၄သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာတဲ့အခါ ဘုရားဖြစ်မယ်လို့ ဗျာဒိတ်တော်ပေးတယ်။ မုန်ညှင်းဆီလှူခဲ့တဲ့အကျိုးကြောင့် လူဖြစ်တဲ့နောက်ဆုံးဘဝနာမည်က သိဒ္ဓတ္ထမင်းသား ဖြစ်လိမ့်မယ်လို့ဟောတော်မူတယ်။ (သိဒ္ဓတ္ထဆိုတာမုန်ညှင်း၊ တေလဆိုတာဆီ၊ သိဒ္ဓတ္ထတေလဆိုတာမုန်ညှင်းဆီ)

သုမေဓာရသေ့ဘဝနဲ့ ဒီပင်္ကရာဘုရားဆီက ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင်ပွင့်တော်မူတဲ့အချိန်အထိ ကြားကာလ၄သင်္ချေနဲ့ ကမ္ဘာတစ်သိန်းအတွင်းမှာ ပွင့်ခဲ့တဲ့ဘုရားပေါင်းက ၂၈ဆူရှိတယ်။

အဲဒီတော့စိတ်နဲ့ဆုပန်တဲ့ကာလရယ်၊ နှုတ်နဲ့ဆုပန်တဲ့ကာလရယ်၊ ဗျာဒိတ်တော်ရတဲ့အချိန်ကနေ ကိုယ်တော်တိုင်ပွင့်တော်မူတဲ့ အချိန်အထိရယ်အတွင်းမှာ ဘုရားပေါင်း၅၁၂၀၂၈ဆူပွင့်တော်မူတယ်။

သမ္ဗုဒ္ဓေအဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စသဟဿကေ၊ ပဉ္စသတသဟဿာနိ၊ နမာမိသိရသာမဟံ။ အပ္ပကာ၊ဝါဠုကာ၊ ဂင်္ဂါ၊အနန္တာ၊ နိဗ္ဗူတာ၊ဇိနာ၊ တေသံ၊ဓမ္မဉ္စ၊သံဃဉ္စ၊ အာဒရေန၊နမာမဟံ။ နမက္ကာရာ၊နုဘာဝေန၊ ဟိတွာ၊သဗ္ဗေ၊ဥပဒ္ဒဝေ၊ အနေက၊အန္တရာယာပိ၊ ဝိနာဿန္တု၊အသေသတော။

အဋ္ဌဆိုတာ(၈) ဝီသဉ္စဆိုတာ(၂၀) အဋ္ဌဝီသဉ္စဆိုတော့(၂၈) ဒွါဒဿဆိုတာ(၁၂) သဟႆဆိုတာ(၁၀၀၀) ဒွါဒသဉ္စသဟဿကေဆိုတော့ (၁၂ x ၁၀၀၀ = ၁၂၀၀၀)

ပဉ်စဆိုတာ(၅) တသဆိုတာ(၁၀၀) ပဉ်စတသ ဆိုတော့ (၅ x ၁၀၀ = ၅၀၀) သဟဿဆိုတာ(၁၀၀၀) ပဉ်စတသသဟူနိဆိုတော့ (၅၀၀ x ၁၀၀၀ = ၅၀၀၀၀၀)

သမ္ဗုဒ္ဓေအဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စသဟဿကေ၊ ပဉ္စဿတသဟဿာနိဆိုတာ (၅၁၂၀၂၈)ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကို နမာမိ(ရှိခိုးခြင်း) သိရသာ(ဦးခေါင်းဖြင့်) အဟံ(ကျွန်ုပ်သည်) နမာမိသိရသာမဟံ (ကျွန်ုပ်သည်ဦးခေါင်းဖြင့်ရှိခိုးပါ၏)

ဦးခေါင်းဖြင့်ရှိခိုးတယ်ဆိုတာ လက်အုပ်ချီပြီး ခေါင်းပေါ်တင်ထားတာကိုခေါ်တယ်။ နတ်တွေဗြဟ္မာတွေက အဲဒီလိုပဲရှိခိုးကြတယ်။ သာမန်ရှိခိုးတာက ကိုယ်ရှေ့မှာလက်အုပ်ချီပြီး ဦးညွတ်ထားတာမျိုး။

အပ္ပကာ(နည်းသေး၏) ဝါဠုကာ(သဲ) ဂင်္ဂါ(ဂင်္ဂါမြစ်) အပ္ပကာဝါဠုကာဂင်္ဂါ (ဂင်္ဂါမြစ်အတွင်းရှိ သဲတို့သည်ပင်နည်းသေး၏) အနန္တာ(မရေမတွက်နိုင်အောင်များသော) နိဗ္ဗူတာ(နိဗ္ဗာန်ဝင်ခြင်း) ဇိနာ(မာန်ငါးပါးကိုအောင်မြင်သောဘုရားရှင်) အနန္တာ၊နိဗ္ဗူတာ၊ဇိနာ (မာန်ငါးပါးကိုအောင်မြင်၍ နိဗ္ဗာန်စံဝင်တော်မူပြီးသော ဘုရားရှင်တို့သည်) မရေမတွက်နိုင်အောင်များလှပြီ။

တေသံ(ထိုဘုရားရှင်တို့၏) ဓမ္မဉ္စ(တရားဓမ္မတို့ကို) သံဃဉ္စ(သံဃာတော်တို့ကို) အာဒရေန(ရိုသေစွာ) နမာမိ(ရှိခိုးပါ၏) အဟံ(ကျွန်ုပ်သည်) အာဒ‌ရေန၊နမာမဟံ (ကျွန်ုပ်သည်ရိုသေစွာရှိခိုးပါ၏)နမက္ကာရာ(ဤသို့ရှိခိုးရသော) နုဘာဝေန (အကျိုးအားကြောင့်) ဟိတွာ(ပယ်ပျောက်ခြင်း) သဗ္ဗေ(ခပ်သိမ်းသော) ဥပဒ္ဒဝေ (ဘေးရန်တို့သည်) ဟိတွာ၊သဗ္ဗေ၊ဥပဒ္ဒဝေ (ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ)

အနေကာ၊အန္တရာယာပိ (တစ်ခုမကသော အန္တရာယ်တို့သည်) ဝိနဿန္တု(ပျောက်ကွယ်ပါစေ) အသေသတော (အကြွင်းမရှိ) အနေကာ၊အန္တရာယာပိ ဝိနဿန္တု၊အသေသတော (တစ်ခုမကသောအန္တရာယ်တို့သည် အကြွင်းမရှိပျောက်ကွယ်ပါစေ)

သမ်ဗုဒ်ဓေ၊ အဋ်ဌဝီသဉ်စ၊ ဒွါဒသဉ်စ၊သဟဿကေ၊ ပဉ်စသတ၊သဟဿာနိ၊ နမာမိ၊သိရသာ၊မဟံ။ ၅၁၂၀၂၈ဆူသော သမ္မာသဗုဒ္ဓဘုရားရှင်တို့ကို ကျွန်ုပ်သည်ဦးခေါင်းဖြင့် ရှိခိုးပါ၏။

အပ်ပကာ၊ဝါဠုကာ ဂင်ဂါ၊အနန်တာ နိဗ်ဗူတာဇိနာ၊ တသေံဓမ်မဉ်စ၊သံဃဉ်စ၊ အာဒရနေန၊နမာမဟံ။ ဂင်္ဂါမြစ်အတွင်းရှိ သဲတို့သည်ပင်နည်းသေး၏။ မာန်ငါးပါးကိုအောင်မြင်ပြီး နိဗ္ဗာန်စံဝင်တော်မူပြီးသော ဘုရားရှင်တို့သည် မရေမတွက်နိုင်အောင်များလှပြီ။

ထိုဘုရားရှင်တို့နှင့် ထိုဘုရားတို့၏ တရားဓမ္မတို့ကိုလည်းကောင်း၊ သံဃာတော်တို့ကိုလည်းကောင်း ကျွန်ုပ်သည်ရိုသေစွာရှိခိုးပါ၏။

နမက္ကာရာ၊နုဘာဝေန၊ဟိတွာ၊ သဗ္ဗေ၊ဥပဒ္ဒဝေ၊ အနေက၊အန္တရာယာပိ၊ ဝိနာဿန္တု၊အသေသတော။ ဤသို့ရှိခိုးရသောအကျိုးအားကြောင့် ခပ်သိမ်းသောဘေးရန်တို့ ပယ်ပျောက်ပါစေ၊ တစ်ခုမကသောအန္တရာယ်တို့သည်လည်း အကြွင်းမရှိပျောက်ကွယ်ပါစေ။

(ဗန်းမော်ဆရာတော်ဘုရားကြီး၏ တရားတော်နှင့် သာသနာရေးဦးစီးဌာနထုတ် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်စာအုပ်တို့မှ ထုတ်နှုတ်၍ပြန်ရေးထားခြင်းဖြစ်ပါသည်)

Crd-Original Post