ကိုယ်စောင့်နတ်တကယ်ရှိ၊မရှိနဲ့ လူတို့ကိုစောင့်ရှောက်ကြပုံ

ကိုယ်စောင့်နတ်တကယ်ရှိ၊မရှိနဲ့ လူတို့ကိုစောင့်ရှောက်ကြပုံ

ကိုယ်စောင့်နတ်က တကယ်စောင့်ရှောက်ပါသလား။ လူတိုင်းသိထားသင့်တဲ့ ကိုယ်စောင့်နတ်အကြောင်းနှင့် လူကိုကိုယ်စောင့်နတ် စောင့်ရှောက်ပုံအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။(မေး)ဦးဇင်းဘုရား ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလားဘုရား။ လူကိုနတ်ကစောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာနဲ့ကိုက်ညီမှုရှိပါသလား။တကယ်လို့ကိုယ်စောင့်နတ်ဆိုတာရှိခဲ့ရင် ဘယ်လိုမျိုးပုံစံနဲ့ လူကိုစောင့်ရှောက်ပေးပါသလဲ။ သူဟာလူ့ခန္ဓာကိုယ်ထဲမှာနေတာပါလား။ ပြင်ပမှာသီးခြားနေတာပါလားဆိုတာကို ဘုရားတပည့်တော်ကို သနားစောင့်ရှောက်ချီးမြှောက်သောအားဖြင့် ဖြေကြားပေးတော်မူပါဘုရား။

(ဖြေ)မေးခွန်းတွေကများလိုက်တာ။ ဦးဇင်းခပ်တိုတိုနဲ့ လိုရင်းပဲဖြေပေးလိုက်ပါတယ်။ ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါတယ်။ မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပထမဦးစွာသိ၏။ ထို့နောက်သူ၏ကိုယ်စောင့်နတ်သိ၏။

ထို့နောက်သူတစ်ပါး၏ စိတ်ကိုဖောက်ထွင်းပြီးသိမြင်နိုင်တဲ့ တန်ခိုးရှင်များသိကြ၏လို့ ပါရာဇိကဏ်အဋ္ဌကထာ သုဒိန္ဒကဏ္ဍအဖွင့်မှာပါတဲ့ ဒီစကားရပ်ကိုထောက်ပြီးတော့ ကိုယ်စောင့်နတ်တကယ်ရှိတယ်ဆိုတာ သိရပါတယ်။

ဒီစကားရပ်ကိုထောက်ပြီးတော့ လူကိုနတ်စောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာနဲ့လည်း ကိုက်ညီမှုရှိပါတယ်။ အခြားသောအထောက်အထား ကျမ်းကိုးကျမ်းကားထုတ်ပြစရာတွေ အများကြီးရှိပေမယ့် သိသာရုံမျှဒီလောက်နဲ့ပဲ ကျေနပ်တော်မူပါ။

နောက်မေးခွန်းတစ်ခုက လူကိုဘယ်လိုမျိုးစောင့်ရှောက်သလဲဆိုတာနော်။ ဘုန်းကံကြီးမားတဲ့လူကို တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်းနတ်များက စောင့်ရှောက်ပါတယ်။

ဘုန်းကံမွဲမွဲလူများကိုတော့ တန်ခိုးသေးနုပ်တဲ့ စိတ်ဓာတ်အင်အားခိုင်မာတောင့်တင်းမှုမရှိတဲ့ နတ်သေးနတ်မွှားလေးတွေကသာ စောင့်ရှောက်ပါတယ်။ တန်ခိုးအာနုဘော်ကြီးမားလေ လုပ်နိုင်တဲ့အရာတွေ လုပ်ပိုင်ခွင့်တွေပိုရှိလေမို့ သူလုပ်နိုင်တဲ့ ပမာဏ သူလုပ်ပိုင်ခွင့်ရှိတဲ့ အတိုင်းအတာထဲကနေ ကူညီစောင့်ရှောက်ပေးလေ့ရှိပါတယ်။

ဗာရာဏသီမင်းဟာ ကောသလမင်းကိုသတ်ပြီးတော့ တိုင်းပြည်ကိုသိမ်းပိုက်ပြီးတော့ ကောသလမင်းရဲ့ မိဖုရားကြီးကိုတော့ သူရဲ့မိဖုရားကြီးအဖြစ် ဗာရာဏသီမင်းက သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီမိဖုရားကြီးမှာ သွားလေသူကောသလမင်းနဲ့ရထားတဲ့ ကိုယ်ဝန်ကျန်နေခဲ့တယ်။ အချိန်တန်တော့ သားယောကျားလေးမွေးဖွားခဲ့တယ်။

အရွယ်ရောက်တော့ ဗာရာဏသီမင်း အခြားမိဖုရားနဲ့ရထားတဲ့ ကုရုင်္ဂဒေဝီဆိုတဲ့ မင်းသမီလေးနဲ့ ချစ်ကြိုက်သွားကြပါတယ်။ ဗာရာဏသီမင်းကြီးကသိလို့ မင်းသာလေးကိုသတ်ဖို့လုပ်တယ်။ မင်းသားလေးကိုသေဘေးကနေ လွတ်အောင်ကယ်တင်ပေးခဲ့တယ်။

ကယ်တင်ပေးသူကတော့ မင်းသားလေးရဲ့ ကိုယ်စောင့်နတ်ဖြစ်တယ်။ (မဟာဏုဏာလဇာတက) ဒါကြောင့်သူလုပ်ပိုင်ခွင့်ရှိတဲ့ပမာဏ သူလုပ်ပေးနိုင်တဲ့ပမာဏအားလျော်စွာ စောင့်ရှောက်ပေးတယ်လို့ မှတ်သားစေချင်ပါတယ်။နောက်မေးခွန်းတစ်ခုက လူ့ခန္ဓာကိုယ်ထဲမှာ နေတာလားအပြင်ဘက်မှာ နေတာလားဆိုတာနော်။

အပြင်ဘက်မှာနေပါတယ်။ ကိုယ်စောင့်နတ်ဆိုတာ ကိုယ်ပတ်ဝန်းကျင်မှာရှိနေတဲ့ ဘုမ္မစိုး၊ရုက္ခစိုး စတဲ့နတ်တွေပါ။လူ့ခန္ဓာကိုယ်ထဲမှာနတ်ရှိရင် အဲဒီလူကိုမြန်မာလူမျိုးတွေက စုန်းလို့သတ်မှတ်ကြပါတယ်။ အဲဒီအကြောင်းကို ဦးဇင်းသီးခြားပို့စ်တစ်ခုတင်ပြီးတော့ ရှင်းပြပေးမယ်နော်။အခုတော့ပို့စ်သိပ်ရှည်သွားမှာမို့ ရှင်းမပြတော့ဘူး။ သူ့မေးခွန်းကဒီလောက်ဆိုရင် ပြီးသွားပါပြီနော်။ ဒါပေမယ့်မေးခွန်းမှာမပါလို့ အများသိသင့်သိထိုက်တယ်ထင်လို့ အကြောင်းအရာတစ်ခုကို ဦးဇင်းဘာသာမေးပြီးတော့ ဦးဇင်းဘာသာပဲဖြေပေးလိုက်တယ်။

လူတိုင်းမှာကိုယ်စောင့်နတ်ရှိပါသလား။ လူတိုင်းမှာသဘာဝအားဖြင့် ကိုယ်စောင့်နတ်ရှိပါတယ်။ ဘုန်းကံကြီးမားတဲ့လူကို တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်းနတ်များက စောင့်ရှောက်ပါတယ်။

ဘုန်းကံမွဲမွဲလူများကိုတော့ တန်ခိုးသေးနုပ်တဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်လို့ အထက်မှာလဲဦးဇင်းပြောခဲ့တယ်နော်။

ကိုယ်စောင့်နတ်တွေဆိုတာ လူစောင့်ရှောက်တဲ့လူရဲ့ အလိုကိုလိုက်ပြီးတော့ ပြောင်းလဲတတ်ကြတယ်။ များသောအားဖြင့် ဒီလိုမျိုးလူ့ရဲ့အလိုကိုလိုက်ပြီးတော့ ပြောင်းလဲတတ်တာဟာ တန်ခိုးသေးနုပ်ပြီးတော့ စိတ်ဓာတ်အင်အားခိုင်မာတောင့်တင်းမှုမရှိတဲ့ ကိုယ်စောင့်နတ်တွေပေါ့။

ဒီလိုနတ်တွေကတော့ သူစောင့်လျှောက်တဲ့လူကကောင်းရင် သူကကောင်းပြီးတော့ လူကဆိုးရင် သူလဲဆိုးသွားတတ်တယ်။ တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းတဲ့ ကိုယ်စောင့်နတ်များကတော့ သူတို့မကြိုက်တာကိုလုပ်ရင် အဲဒီလူကိုစွန့်ပစ်ပြီးတော့ ထွက်သွားတတ်ကြပါတယ်။

လူပြောင်းလဲတိုင်း သူတို့ကလိုက်ပြီးတော့ မပြောင်းလဲတတ်ကြပါဘူး။ ဥပမာအားဖြင့် စေတီယမင်းရဲ့ အဖြစ်အပျက်ကိုကြည့်ပါ။ စေတီယမင်းဟာ တန်ခိုးကြီးမားတဲ့နတ်သားလေးယောက်က စောင့်ရှောက်ပါတယ်။

စေတီယမင်းမုသားစကားပြောတော့ နတ်သားလေးယောက်ဟာ စေတီယမင်းကို တစ်ခါထဲစွန့်ပစ် ထွက်ခွါသွားခဲ့ကြပါတယ်။ (စေတီယဇာတက) ဒါကြောင့်လူတိုင်းမှာ သဘာဝအားဖြင့်တော့ ကိုယ်စောင့်နတ်ရှိကြပါတယ်။

သို့သော်အချို့သူများကတော့ ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့ ကိုယ်စောင့်နတ်ရဲ့စွန့်ပစ်ခြင်းကိုခံကြရလို့ ကိုယ်စောင့်နတ်မရှိတာမျိုးတွေလည်း ရှိပါတယ်နော်။ အရှင်ခေမာနန္ဒ (မိုးသုမန္တလေး)

Crd-Original Post