သိသူနည်း တဲ့ မဟာယာန နှင့် ထေရဝါဒ ကွာခြားမှု အကြောင်း

သိသူနည်း တဲ့ မဟာယာန နှင့် ထေရဝါဒ ကွာခြားမှု အကြောင်း

ခေါင်းစဉ် ဖတ်ရုံနှင့် အင်မတန် စိတ်ဝင်စားဖွယ် ကောင်းမည့် အကြောင်းအရာ ဖြစ်မှန်း စာဖတ်သူတို့ သိရှိမည်ဟု ယုံကြည်ပါသည်။ယင်းသို့ ဗုဒ္ဓဘာသာ မှ ခွဲထွက်လာသော ထိုလမ်းနှစ်သွယ် ကို ရေးသား သုံးသပ်ရန်မှာ အင်မတန် ခက်ခဲလှသည်။အကြောင်းမှာ- တစ်ဖက်စောင်းနင်း ဖော်ပြမိလျှင် မိမိဘာသာ သာ အမှန်၊ အခြားဘာသာ မှားယွင်းသည်ဟု မှားမှား ယွင်းယွင်း သိမြင်စေသော အတ္တဝါဒီ သမား ဖြစ်နိုင်ခြင်း၊ ကွဲလွဲမှုများ ဖော်ပြရာ စာဖတ်သူတို့ အား အမြင်လွဲမှား မှုများ ဖြစ်ပေါ်စေခဲ့လျှင် သံဃာ သင်းခွဲသည်ဟူသော ကံကြီး တစ်ခုပါ ထိုက်ချေ အုံးမည်။

သို့ဖြစ်ရာ မှန်ကန်သော အထောက်အထားများ ရရှိစေရန် စာအုပ်များ ဖတ်ရှု လေ့လာရပါသည်။ ထို့ကြောင့် စာရေးသူ တင်ပြသော မဟာယာန နှင့် ထေရဝါဒ အယူဖော်ပြချက် များမှာ ဗုဒ္ဓအဆုံးအမနှင့် ကျမ်းဂန်လာ များ သာ ဖြစ်ကြောင်း သိစေလိုပါသည်။ထေရဝါဒကို များများစားစား တင်ပြနေစရာမလို စာရေးသူတို့မြန်မာလူမျိုး အများစု ကိုးကွယ်နေသည့် ဘာသာဖြစ်ရာ သိရှိပြီးဟု ယုံကြည်သဖြင့် အကျဉ်းချုပ် အဓိပ္ပါယ်ကိုသာ ဖော်ပြလိုပါသည်။ ထို့နောက် မဟာယာန ကို အကျယ် တစ်ပွင့်ဖော်ပြပါမည်။ထေရဝါဒဟူသည် ထေရ နှင့် ဝါဒ ပေါင်းစပ် ထားသော မြင့်မြတ်သည့် အယူ (သု့ိ) ရဟန်း မထေရ်တို့၏ ဝါဒ (အယူ) ဟုဖြစ်သည်။ ထေရဝါဒ အယူအရ ခန္ဓာ၏ ဖြစ်ပျက် ကိုရှုပြီး သစ္စာလေးပါး သိမြင်ကာ မဂ်ဖိုလ် နိဗ္ဗာန်သို့ ဆိုက်ရောက် စေသော အယူဖြစ်ပါသည်။

(ဒီထက် ပိုမိုကျယ်ပြန့်စွာ လည်း ဖော်ပြနိုင် ပါသည်။) ဤသည် အများက သိမြင်ထားသော အကျဉ်းချုပ် အဓိပ္ပါယ်ဖြစ်သည်။ သာဝက လမ်းစဉ်ဖြစ်ပြီး သောတပန်၊ သကဒါဂန်၊ အနာဂန်၊ ရဟန္တာ စသည့် အရိယာ အဆင့်ဆင့်ဖြင့် လောကီမှ နိဗ္ဗာန်သို့ ကျွတ်တမ်းဝင်စေ သော လမ်းစဉ်ဖြစ်သည်။မဟာယန ဟူသည်ကား ဗောဓိ သတ္တယာန ခေါ် ဘုရားအလောင်း လမ်းစဉ်ကို ဦးစားပေးသော ဗုဒ္ဓဘာသာ ဂိုဏ်းဖြစ်သည်။ မဟာ (ကြီးကျယ်မြင့်မြတ်သော) ယာန (ဝါဒ)(လမ်းစဉ်) ဟုခေါ်ဆိုရသည့် အကြောင်းနှစ်ချက်ရှိသည်။၁။ သတ္တဝါအများကို ကယ်တင်နိုင်သဖြင့် ကြီးကျယ် များပြားသော အနက်၊၂။ သမာရိုးကျ ဗုဒ္ဓဘာသာ (ထေရဝါဒနှင့် ဟိနယာန) တု့ိထက် သာလွန်မြင့်မြတ်သည့် ရည်မှန်းချက် ရှိသော အနက်…



ကလေးငယ်များကို ပုထုဇဉ် လူသားများ၊ကယ်တင်သူ ဖခင်ကို ဘုရားလောင်း၊ကယ်တင်ရာ ယာဉ်ကို ဘုရားအလောင်းကျင့်စဉ် (ဗောဓိသတ္တယန) စသည့် ဥပမာများဖြင့် ဖော်ပြထားလေသည်။

ကလေးငယ်များ ကစားနေသော ကစားစရာ ယာဉ်များတွင် လူတကယ် စီးနိုင်လောက် သော လှည်းရုပ်များလည်း ရှိမည်ဖြစ်သော်လည်း ထိုလှည်းကလေးများသည် ထကယ့်အရေးအကြောင်းရှိလာပါ မူကား အကူအညီရနိုင်လိမ့်မည် မဟုတ်ကြောင်း ရှင်းပြထားသည်။ထို့ကြောင့် မဟာယန အယူအရ တစ်ဦးတစ်ယောက်တည်း နိဗ္ဗာန်သို့ရောက်ရန် ကျင့်ခြင်းသည် မမြင့်မြတ်၊ မိမိကိုယ်တိုင် ဘုရားဖြစ်မှသာ လောကကို ကယ်တင်နိုင်ပြီး အားလုံး ကျွတ်အောင်ပြုနိုင်အပ် ပေသည်ဟု ယုံကြည်ကြသည်။

နိဗ္ဗာန်သို့ရောက်ရန် ကျင့်စဉ် သုံးနည်း (ဝါဒ ၃ ဝါဒ) ရှိသည်။၁။ သာဝကယာန ( သာဝက ရဟန်းဘဝဖြင့် နိဗ္ဗာန်ဝင်ခြင်း)၂။ မစ္စေကဗုဒ္ဓယာန (ပစ္စေက ဗုဒ္ဓဘဝဖြင့် နိဗ္ဗာန်ဝင်ခြင်း)၃။ ဗောဓိယာန (ဘုရားအဖြစ်မှ နိဗ္ဗာန်ဝင်ခြင်း) (ယင်းလမ်းစဉ်ကို နောက်ပိုင်း ဘုရားလောင်းကျင့်စဉ် (သမ္မာသမ္ဗောဓိ) ဟုလည်းခေါ်သည်။) စသည်တို့ဖြစ်သည်။

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး နှစ် ၁၀၀ ခန့်တွင် ပထမ သံဃာယနာ တင်ပြီး နောက်ပိုင်း ဟိနယာန ဂိုဏ်းတစ်ခု ထေရဝါဒ မှ ခွဲထွက်လာသည်။ ဒုတိယ သံဃာယနာ ကာလတွင်း ဝိနည်း ဆယ်ပါး တီထွင် ပြဋ္ဌာန်းမှုကြောင့် မူလ ထေရဝါဒဂိုဏ်း ရဟန္တာမထေရ်ကြီး တို့က မိမိတို့အား သံဃာကံထားပြီး သာသနာတော် သန့်စင်ခဲ့သည် ကို အငြိုးထားကာ ရဟန္တာ ဆိုသည်မှာ ကိလေသာ မကုန်သေး။ သံယောဇဉ် မကုန်သေး။

ထို့ကြောင့် ဘက်လိုက်မှု ပြုတတ်သေးသည်။ အမှားကိုလည်း ပြုတတ်သေးသည်။ ထို့ကြောင့် အရိယာ ဂုဏ်ယုတ်လျော့ အောင်ပြောဆိုဝေဖန်ပြီးလျှင် မိမိတို့သည် ထို ပထမသံဂါယနာတင် ရဟန္တာအိုကြီးများ ၏ သာဝက လမ်းစဉ်ကို မလိုက်လိုကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။ထို့ကြောင့် အစဦးပိုင်းတွင် ဟိနယာန ဂိုဏ်းဝင်တို့သည် ပစ္စေက ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံအား ထုတ်ရာ နောက်ပိုင်း ၎င်းထက် ပိုမြင့်မြတ်သော ဘုရား လမ်းစဉ် (ဝါ) ဘုရားလောင်း လမ်းစဉ် (သမ္မာသမ္ဗောဓိ) သဖြင့် မဟာယန အဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ ထို့ကြောင့် ဟိနယာန ဂိုဏ်းပျောက် ကွယ်ခဲ့သည်။

ဤတွင် စိတ်ဝင်စားဖွယ် တစ်ချက်ဝင်လာသည်။ မြတ်စွာဘုရားရှင် သည် လူ့ပြည်၌ သာဝက လမ်းစဉ်ကို သာ ဟောကြားခဲ့သည်။ အတိအကျ ဆိုရသော် ဓမ္မက္ခန္ဓာ(တရားအစု) အားဖြင့် ၈၄၀၀၀ သာဖြစ်သည်။ ထို့ကြောင့် မဟာယန လက်စွဲ ကျင့်ကြံသော သမ္မာသမ္ဗောဓိ လမ်းစဉ်ကို မည်သို့ ရရှိသနည်းဖြစ်သည်။မဟာယန ကျမ်းဂန်အရ မြတ်စွာဘုရားသည် သမ္မာသမ္ဗောဓိ (ဘုရားအလောင်း) လမ်းစဉ်ကို နဂါးပြည်တွင် ဟောခဲ့သည်။ အေဒီ ၁၀၀-၂၀၀ တွင် နာဂါရ်ဇုန ရဟန္တာသည် လောကီ ပညာရပ်တွင် သိဒ္ဓိပေါက်ပြီး နဂါးပြည်သို့ တက်ရောက်ကာ ဗောဓိသတ္တ လမ်းစဉ်နှင့် သုည သဝါဒကို သင်ယူခဲ့သည်။

ထို့ကြောင့် သင်ယူထားသော ဝါဒကို ပြန်လည်ပြန့်ပွားစေရာ မာဓျမိက ဝါဒ ဟုသာ အမည်တွင်သည်။ အေဒီ(၂၇၀-၃၅၀)တွင် ယောဂစာရဂိုဏ်း အယူဝါဒတည်ထွင်သူ မေတ္တေယျနာထ မှ မာဓျမိက ဝါဒကို ဆက်လက် ထိန်းသိမ်းပြန့်ပွား ခဲ့သည်။ယခုအခါယင်း မေတ္တေယျသည် သုတိသာနတ်ပြည်တွင် စံမြန်းနေသော နောင်ပွင့်မည့် မေတ္တေယျ ဘုရားဟု မဟာယန တို့မှ ယုံကြည့်ထားကြသည်။ မာဓျမိကဝါဒ သည် အလယ်အလတ်ဖြစ်သော ပစ္စေကာဗုဒ္ဓါ ယာနအယူကို လက်ခံသဖြင့် ထိုထက် ပိုမြင့်မြတ်သော သမ္မာသမ္ဗောဓိ အယူသို့ ကူးပြောင်းရာ မဟာယန ပီပြင်လာခဲ့သည်။

မဟာယနတွင် ဒသဘူမိက ဆယ်ဆင့်တရား၊ ဗောဓိသတ္တ၏ အဓိဋ္ဌာန်၊ ပါရမီခြောက်ပါး ကျင့်စဉ်တရား စသည်ဖြင့် စသည်ဖြင့် ခိုင်မာသော တရားအုတ်မြစ်များ ရှိနေရာ ယနေ့တိုင် တည်မြဲရသော အကြောင်းအရင်း တစ်ရပ်ဖြစ်ပေသည်။ဥပမာ- အတ္တနှင့် အနတ္တ အစွန်းနှစ်ဖက်၏ အလယ်ဗဟိုကျင့်စဉ်၊ အစွန်းတရား ပယ်နည်း၊ ပတ်လည်ငြင်းပယ်နည်း ၈မျိုး၊ (Negation of Negation) နောက်ဆုံးတွင် အစွဲအားလုံးကင်းသော နိဗ္ဗာန်အစစ် (သုညတာ) သို့ သိမြင်ရသည်ဟု ဆိုထား၏။သို့သော် မဟာယနတွင် အများဝေဖန်စရာ အချက်များရှိနေသေးသည်။ ၎င်းမှာ ဘုရားလောင်း ကိုးကွယ်ခြင်းဖြစ်သည်။ မဟာယန၏ အယူမှာ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး လူ့ပြည်သို့ ဆင်းပြီး တရားဟောခဲ့ ပုံရိပ်၊ ကာယအတု တို့ဖြင့် သာဖြစ်ပြီး ဘုရားလောင်းများကို တစ်ဆင့်ပါးပြီး လည်း ဟောတော်မူကြောင်း ယုံကြည်ကြသည်။ ထိုသို့ယုံကြည်ခြင်းသည်လည်း အကြောင်းမဲ့မဟုတ်။ ဗုဒ္ဓကို ကာယသုံးပါးဖြင့် ခွဲပြထားပြီး ထိုကာယ တို့အား လူတို့ မဖူးတွေ့ရပုံ တို့ပါ တိတိကျကျညွန်းဆို ထားကြသည်။

ထို့ကြောင့် အရေးအကြောင်း တစ်ခုခုလျှင် မြတ်စွာဘုရားမှ မကယ်။ ဘုရားလောင်းများသာ လာရောက် ကယ်တင်ကြသည်ဟု ယုံကြည်သည်။ ဘုရားလောင်းများ သည် နတ်သား၊ နတ်သမီးအဖြစ် လည်းကောင်း ဘဝအမျိုးမျိုးဖြစ်သည် ဟု ယုံကြည်ကြသည်။ လက်ရှိ တရုတ်တို့ ကိုးကွယ်နေသာ ကွမ်ယင်မယ်တော်မှာ ဘုရားလောင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ မဟာယန တို့သည် အရိမေတ္တေယျ မပွင့်မီ ကာလ ကြားကာလမှ ဘုရားလောင်းများကို ဘေးဒုက္ခများမှ လွတ်မြောက်ရန် ကယ်တင်ပေးစေလိုခြင်း ငှာ ကိုးကွယ် ဆည်းကပ်ကြလေသည်။

ထိုသို့ ဘုရားလောင်း ကိုးကွယ်ခြင်းသည် မဟာယနတွင် အင်မတန် ခေတ်စားပြီး အိန္ဒိယ မှ ဗြိဿနိုး ကိုပင် အမည်ပြောင်းလဲ ခေါ်ဆိုကာ ဘုရားအလောင်းတော် အဖြစ်ကိုးကွယ်သည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာပြီး ဘုရားအလောင်းတော် ကို ကိုးကွယ်ရာတွင် ဘုရားအလောင်းတော်၏ မိဘုရား နတ်သမီးကိုပါ ကိုးကွယ်ခြင်း အထိ ဖြစ်လာသည်။ယင်းကိုးကွယ်မှု သည် မြန်မာ သု့ိ ပုဂံခေတ် ကတည်းက စီးဝင်ပြီး ဂေါတမမြတ်စွာ ဘုရားအား ထုလုပ်ရာ ဘေးတွင် နတ်သားနှင့် နတ်သမီးပါနေသည် ကို တွေ့မြင်ရမည် ဖြစ်သည်။ ထို့မှ ကာမုဂုဏ်မွေ့လျော်မှုကို ဦးစားပေးလာကြရာ အယုတ်အညံ့ဆုံး လောကီ ရှုပ်ထွေးပွေလီမှုများ ပေါဝင်ဆက်စပ်လာတော့သည်။ ဘုရားအလောင်းများစွာ ကို နတ်ဘုရားမ များဖြင့် စုံတွဲလိုက် ကိုးကွယ်တတ်အောင် ဘေးမှနေပြီး သွန်သင်ပေး သူတို့မှာ ဟိန္ဒူတန္တြဆရာများ ပင်ဖြစ်သည်။

အမှန်လျှင် ဗုဒ္ဓ အယူဝါဒအရ ဘုရားလောင်းဟူသည် ဘုရား မဖြစ်သေး။ ကိလေသာ မကုန်စင်သေး။ ထို့ကြောင့် ကိုးကွယ်ရန် မသင့်မြတ်ဟု ယူဆထားကြသည်။ ဤတွင်လည်း ထေရဝါဒနှင့် မဟာယနကွဲလွဲချက်ကိုလည်း တွေ့နိုင်သည်။မဟာယန ယုံကြည် ကိုးကွယ်မှုကို နတ်ဘုရား ကိုးကွယ်မှုဖြင့် အဆုံးသတ် ထားခြင်းကြောင့် အထင်အမြင် မသေးသင့်ပေ။ မဟာယနတွင်လည်း အခြား ငြင်းမရသော မှန်ကန်သည့် အချက်များ လည်းရှိနေသည်။ ကျင့်စဉ်အားဖြင့် ကွဲလွဲမှုများ ရှိသော်လည်း ကိလေသာ ကုန်စဉ်ရန် ရည်မှန်းချက် တူညီကြသည်။ အခြားခြားသော တူညီမှုများလည်း ရှိနေသည်။

သို့ရာတွင် အနောက်တိုင်းနို င်ငံသားများသည် ဗုဒ္ဓဘာသာကို လေ့လာ စမ်းစစ်ပြီး မဟာယနသို့ ကူးပြောင်းသူများရှိ သကဲ့သို့ ထေရဝါဒသို့ ကူးပြောင်းသူများ လည်းရှိနေသည် ကိုတွေ့သည်။စာဖတ်သူုတို့ အနေဖြင့် မိမိတို့ကိုးကွယ်သော ထေရဝါဒ၏ အနှစ်အရသာနှင့် သစ္စာလေးပါးကို ပိုင်းခြားသိမြင်ပြီး မဂ္ဂင်ရှစ်ပါး တရားအားဖြင့် ပွားများကျင့်ကြံကာ နိဗ္ဗာန်လမ်းသို့လျှောက်လှမ်းနိုင်ကြပါစေ။စာရေးဆရာ ဦးအောင်မြတ်မွန် ရေးသားသော ‘နောင်ပွင့်မည့် အရိမေတိယျ ဘုရား’ စာအုပ်မှ ကောက်နုတ်၍ ရေးသား ပူဇော် အပ် ပါသည်။Credit – အောင်ခမ်း

Crd-Original Post