ဆွမ်းကပ် ရာမှာ လူတိုင်းသိထားသင့်တဲ့ သိမှတ်စရာများ

ဆွမ်းကပ် ရာမှာ လူတိုင်းသိထားသင့်တဲ့ သိမှတ်စရာများ

မြို့ရွာထဲကို ဆွမ်းဘုဉ်းပေးကြွတဲ့အခါတိုင်း “သံဃာတွေကို ကပ်ထားတဲ့ စားပွဲ ကို သွားမကိုင်နဲ့-မထိနဲ့ ” လို့ ဒကာ-ဒကာမတွေက တခြားသူတွေကို တားမြစ်တဲ့စကားကိုအမြဲလိုလိုကြားရပါတယ်။သံဃာတော် တွေကိုဆက်ကပ်ထားတဲ့စားပွဲကိုထိမိရင်အကပ်ခံပျက်သွားတယ်လို့ထင်လို့ပြောနေတဲ့စကားပါ။သံဃာတော် တွေကို ဆွမ်းကပ် တဲ့အခါမှာ ဆွမ်း၊ဆွမ်းဟင်းပုဂံ၊စားပွဲနဲ့ အခြားအကပ်ခံထားတဲ့ ပစ္စည်းတွေကို ဒကာ၊ဒကာမတွေက မထိရဘူး၊သွားထိလို့ရှိရင် ကပ်ထားတာပျက်လို့ သံဃာတော် တွေက မဘုဉ်းပေး မသုံးဆောင်ကောင်းဘူးလို့ အထင်ရှိနေကြပါတယ်။တချို့ဆိုရင်ဆွမ်းဟင်းလိုက်ရင်တောင်အကပ်ခံပျက်သွားတယ်ထင်ပြီးထပ်ခါထပ်ခါကပ်တာတောင်ကြုံဖူးပါတယ်။တကယ်တော့ဒကာ၊ဒကာမတွေကသံဃာတော်တွေကိုဆက်ကပ်ထားတဲ့ပစ္စည်း ဝတ္ထု အစုစုဟာတစ်ယောက်ယောက်က ထိရုံ၊ကိုင်တွယ်ရုံနဲ့ ကပ်ထားတဲ့အာနိသင် ပျက်မသွားပါဘူး။

သံဃာတော် တွေကို ပစ္စည်း ဝတ္ထုအစုစုဆက်ကပ်တဲ့အခါမှာ “အကပ်ခံမြောက်တဲ့အင်္ဂါ နဲ့ အကပ် ခံပျက်တဲ့အင်္ဂါတွေအသီးသီးရှိကြပါတယ်”အကပ်ခံမြောက်တဲ့အင်္ဂါက(၅)ပါးရှိပြီး၊အကပ်ခံပျက်တဲ့အင်္ဂါက (၆)ပါးရှိပါတယ်။ရဟန်းတော်များဟာ မိမိပိုင် ပစ္စည်းကို ဖြစ်စေ၊ သူတစ်ပါးပိုင် ပစ္စည်းကို ဖြစ်စေ လူ, သာမဏေ, တိရစ္ဆာန် တစ်ဦးဦးက ဆက်ကပ်မှသာ ဘုဉ်းပေးသုံးဆောင် ကောင်းပါတယ်။အကပ်မခံဘဲနဲ့ကိုယ်ပိုင်ပစ္စည်းကောတပါးသူပိုင်ပစ္စည်းပါမသုံးဆောင်ကောင်းပါဘူး။ရေနဲ့ဒန်ပူအခုခေတ်အခေါ် သွားတိုက်တံ(၂)ခုသာ ချွင်းချက်အနေနဲ့ အကပ်မခံဘဲ သုံးဆောင်မှီဝဲကောင်းပါတယ်။ တခြားအရာတွေကတော့အကပ်ခံပြီးမှသာသုံးဆောင်ကောင်းပါတယ်။ရှင်သာမဏေများအနေနဲ့ကတော့ ဘယ်ဝတ္ထုပစ္စည်းမဆိုအကပ်ခံစရာမလိုအပ်ဘဲ ဘုဉ်းပေးနိုင် သုံးဆောင်နိုင်ပါတယ်။ဗုဒ္ဓဘာသာဝင် ဒကာ၊ဒကာမများအနေနဲ့အကပ်ခံမြောက်တဲ့အင်္ဂါနဲ့အကပ်ခံပျက်တဲ့အင်္ဂါတွေကို မဖြစ်မနေသိထားသင့်ပါတယ်။အကပ်ခံမြောက်တဲ့အင်္ဂါက (၅)ပါးရှိပါတယ်- ကပ်မည့် ကပ္ပိယကာရက ဒကာ၊ဒကာမသည် သံဃာတော်ကိုကပ်လှှုမည့် ပစ္စည်းဝတ္ထုကို ဦးစွာရှေးရှုယူဆောင်၍လာရပါမယ်။ပြီးလျှင် ကပ်လှှုမည့်ပစ္စည်းကို လက်ဖြင့် ရှေ့တိုးပေးကာ ဆက်ကပ် လှှုဒါန်းရမှာဖြစ်ပါတယ်။

ဦးခေါင်း စသည်ဖြင့် ရွက်ထားသော လှူဖွယ်ကို လှူဒါန်းလိုက ဦးခေါင်း အနည်းငယ် စောင်းပေး၍ ဆက်ကပ်လှူဒါန်းရပါမယ်။အလှူခံ သံဃာတော်နှင့် လှူဒါန်းဆက်ကပ်သည့် ဒကာ၊ဒကာမဟာ အကွာအဝေးအားဖြင့် နှစ်တောင်တစ်ထွာဟတ္တဘသ် (၄၅-လက်မ) အတွင်း ရှိရပါမယ်။သာမာန် အင်အားရှိသူ တစ်ယောက် မြှောက်ချီမ,နိုင်သော ဝတ္ထုပစ္စည်း ဖြစ်ရပါမယ်။စားပွဲခုံ အကြီးကြီးများဖြင့် ဆက်ကပ်ရာမှာ အလွန်လေးလံ၍ မကြွနိုင်လျှင် ဟင်းခွက်များကို တစ်ခွက်ချင်း ဆက်ကပ်ရမှာဖြစ်ပါတယ်။တစ်ခွက်ချင်း အကပ်ခံပြီးသောအခါ မိသားစုအားလုံး (သို့) အဖွဲ့ဖြင့် ကပ်လိုပါက စားပွဲခုံကြီးကို ညီညာစွာမ,ပြီး ထပ်မံ ကပ်နိုင်သည်။စားပွဲလိုက်ဆက်ကပ်ရာမှာ စားပွဲကြွနိုင်လျှင်ကား စားပွဲလိုက်မကပ်နိုင်ပါတယ်။ဆက်ကပ်သူဒကာ-ဒကာမနှင့် အကပ်ခံသူ သံဃာတော်သည် နှစ်တောင့်တစ်ထွာ ဟတ္တဘသ်အကွာအဝေးအတွင်းတည်းရှိပြီး ကြားတွင် နံရံ၊တံတိုင်းစသည်ခြားနေ၍ ကိုယ်ထိလက်ရော က်ကပ်လှူရန်လုံးဝမဖြစ်နိုင်သည့်အခြေအနေမျိုးတွင် ပစ်မြှောက်၍ ဆက်ကပ်နိုင်ပါတယ်။သို့သော် ထို့သို့သောကပ်လှူနည်းမျိုးသည် လုံးဝမဖြစ်သာသည့်အခါမှသာကပ်လှူခွင့်ရှိတာဖြစ်ပါတယ်။

ကိုယ်ရဲ့အစိတ်အပိုင်း၊ လက်- စသည်ဖြင့် ဖြစ်စေ၊ ကိုယ်နှင့်ထိစပ်နေသော ကိုင်ထား သည့် ခွက်၊ တုတ်၊ ခုံ – စသည်ဖြင့် ခံ၍၊ ထိ၍ ဖြစ်စေ ထို(၂)မျိုးတွင် တစ်မျိုးမျိုးဖြင့် အကပ်ခံသော ရဟန်းက ခံယူလို့ရပါတယ်။နှစ်တောင်တစ်ထွာအတွင် တစုံတရာလာကပ်ခဲ့သော် အကပ်ခံသည့်သံ ဃာတော်အနေနဲ့ လက်ထဲမှာ တောင်ဝှေး၊ဒုတ်စသည်နဲ့ တဆင့်ထိတို့၍ အကပ်ခံလို့ရပါတယ်။အထက်ပါအင်္ဂါ(၅)ချက်ကတော့ ဆွမ်းစသည် ဝတ္ထုပစ္စည်းလှူဒါန်းဆက်ကပ်တဲ့အခါမှာ ပြည့်စုံရတဲ့ အင်္ဂါရပ်တွေပဲဖြစ်ပါတယ်။ထိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံမှာသာ ဆက်ကပ်တဲ့ပစ္စည်းဟာ အကပ်ခံမြောက်ပြီး သံဃာတော်များအနေနဲ့ဘုဉ်းပေးသုံးဆောင်ကောင်းတာဖြစ်ပါတယ်။

သံဃာတော်များအနေနဲ့ အပင်ပေါက်နိုင်သော အစေ့၊ အမြစ်၊ အဆစ်ပါသော သစ်သီး၊ သစ်မြစ်များကို မဘုဉ်းပေးမသုံးဆောင်အပ်ပါဘူူး။ကပ္ပိယကာရက ဒကာ၊ဒကာမတို့အနေနဲ့ သံဃာတော် တို့နဲ့အပ်စပ်အောင် ကပ္ပိပေးရမှာဖြစ်ပါတယ်။မျိုးစေ့ဗိဇဓါတ်မသေတဲ့ အစေ့၊အမြစ်၊ အဆစ်ကို ဓါးနဲ့ဖြစ်စေ၊လက်သည်းနဲ့ဖြစ်စေ၊မီးနဲ့ဖြစ်စေ ထိုးဆိတ်ပေးပြီး မှကပ်ရမှာဖြစ်ပါတယ်။

အကယ်၍ ထိုးဆိတ်ပြီး မကပ္ပိရသေးဘူးဆိုရင် သံဃာတော်တို့က ကပ္ပိယဒကာ၊ဒကာမတို့ကို “ကပ္ပိယံ ကရောဟိ” (ရဟန်းတော်တို့အား အပ်စပ်အောင် ပြုလော့) ဟု ဆိုပြီးနောက် ကပ္ပိယတို့က “ကပ္ပိယံ ဘန္တေ” (အရှင်ဘုရားတို့အား အပ်စပ်သည်ကို ပြုပါ၏) ဟု ဆိုလျှက် ပါးစပ်ကဆိုတုန်းဖြစ်စေ၊ဆိုပြီး ချက်ချင်းဖြစ်စေ မီးဖြင့်သော်လည်းထိုး၊ ဓားဖြင့်သော်လည်းခုတ်၊ လက်သည်းဖြင့်သော်လည်း ဆိတ်လိုက်ရမှာဖြစ်ပါတယ်။ ဓားရာ၊ လက်သည်းရာ၊ အပေါက်ရာ-အဖြစ် ထင်ရှားဖြစ်လျှင် အပ်စပ်သွားပြီဖြစ်ပါတယ်။အကပ်ခံပျက်တဲ့တွေအနေနဲ့ကတော့ “စွန့်,ချ,ပေး,လု, မစ္စု, လိင်ပြန်, ဤခြောက်တန်၊ ကပ်ခံပျက်ကြောင်းတည်း” ဆိုတဲ့လင်္ကာအတိုင်း အင်္ဂါ(၆)ပါးရှိပါတယ်။စွန့်- ဆိုတာက အကပ်ခံထားတဲ့ ဆွမ်းစသော လှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို သံဃာတော်ကမသုံးဆောင် မဘုဉ်းပေးတော့လို့ အာလယပြတ်စွန့်လိုက်တာကိုဆိုလိုတာပါ။ ထိုသို့စွန့်လိုက်ပြီဆိုရင် သံဃာတော်တို့အနေနဲ့ သုံးဆောင်ရန်မအပ်စပ်တော့ပါဘူး။ချ- ဆိုသည်မှာ ရဟန်းဘဝမှသိက္ခာချလိုက်ပြီး လူဝတ်လဲလိုက်တာကို ဆိုလိုတာပါ။ အကပ်ခံထားသောရဟန်ဟာ သိက္ခာချ- လူထွက်သွားပြီးဆိုရင် ထိုသံဃာအကပ်ခံထားသော ဆွမ်းစသည့်လှူဖွယ်ရာဟာအလိုအလျောက်အကပ်ခံပျက်သွားပါပြီး။ကျန်သံဃာတော်တို့အနေနဲ့ဘုဉ်းပေဒသုံးဆောင်လိုလျှင် ထပ်မံအကပ်ခံပြီးမှသာ အပ်စပ်တာဖြစ်ပါတယ်။ ပေး- အကပ်ခံထားသည့် လှူဖွယ်ဝတ္ထုကို တစ်စံတစ်ယောက်ကို ပေးလိုက်လျှင်းလည်း အကပ်ခံပျက်ပါတယ်။ ထိုသို့ပေးရာမှ နှုတ်မှပေးလျှင်ပေးချင်း အကပ်ခံမပျက်သေးပါဘူး။ လက်ကလွှတ်လိုက်သည့်အခါမှသာ အကပ်ခံပျက်တာဖြစ်ပါတယ်။

လု- သံဃာတော်တို့အားကပ်လှူဒါန်းထားသည့်လှူဖွယ်ပစ္စည်းကို လူစသည့်တစ်စုံတစ် ယောက်က လုယူသွားလျှင်လည်း အကပ်ခံပျက်၍ ထိုပစ္စည်းကို သံဃာတော်တို့အနေနဲ့ မသုံးဆောင်အပ်တော့ပါဘူး။မစ္စု- အကပ်ခံထားသည့် သံဃာတော်ပြန်လွန်တော်မူလျှင်လည်းဘုဉ်းပေးဖို့ မအပ်စပ်တော့ပါဘူး၊ ကပ်ထားတဲ့အာနိသင်ပျက်ကွယ်သွာပြီဖြစ်ပါတယ်။လိင်ပြန်- အကပ်ခံထားသည့် သံဃာသည် ယောင်္ကျားလိင်အဖြစ်မှ မိန်မလိင်အဖြစ်သို့ လိင်ပြောင်း၊လိင်ပြန်သွားလျှင်လည်း ထိုလိင်ပြောင်သူ အကပ်ခံထားသည့် လှူဖွယ်ဘောဇဉ်ကို မသုံးဆောင်မဘုဉ်းပေးကောင်းတော့ပါဘူး။ရေ-ဒန်ပူမှ လွဲ၍ အခြား သူတပါးပိုင် မိမိပိုင် မည့်သည့်သုံးဆောင်ဖွယ်မဆို အကပ်မခံဘဲဘုဉ်းပေးလျှင်ဖြစ်စေ၊ အကပ်ခံပျက်သည့် ဘောဇဉ်ကို ဘုဉ်းပေးသည်ဖြစ်စေ ဘုဉ်းပေးသည့်ရဟန်းမှာ “ဒန္တပေါဏ သိက္ခာပုဒ်”အရ ပါစိတ်အာပတ်သင့်ပါတယ်။သံဃာတော်များကို ဆွမ်းဆက်ကပ်ရာတွင် အချို့ဒကာ၊ဒကာမတို့ဟာ စေတနာလွန်ကဲပြီး သံဃာတော်များက“ပြည့်စုံပြီ၊ တော်ပါပြီ” လို့တားတဲ့ကြားက ဆွမ်း၊ဆွမ်းဟင်းတို့ကို သဒ္ဒါပိုကာ ဒီတဇွန်လေးတော့ ထည့်ပါဦးဘုရား ဆိုပြီး ထည့်ထပ်ပေးလေ့ရှိပါတယ်။သံဃာတော်များအနေနဲ့ “ပြည့်စုံပြီး၊တော်ပြီ၊တန်ပြီ” လို့ပြောပြီးသား ဘောဇဉ်ကို မဘုဉ်းပေးကောင်းးတော့ပါဘူး ဘုဉ်းပေးရင်အာပတ်သင့်ပါတယ်။ ဒါ့ကြောင့် ဆွမ်းဆက်ကပ်တဲ့အခါမှာ ဒကာ၊ဒကာမတို့အနေနဲ့ သတိထားရမှာဖြစ်ပါတယ်။နောက်ထပ်သတိထားစရာ အချက်ကတော့ “ဂိလာန သံဃာဆိုရင် မွန်းလွဲချိန်နောက်ပိုင်းမှာ ဆေးအမှတ်နဲ့ ခဲဖွယ်ဘောဇဉ်ကို ဆက်ကပ်ကောင်း ဘုဉ်းပေးကောင်းတယ်ဆိုတဲ့ အချက်ပါပဲ။ဆေးအမှတ်နဲ့ သဘောထားဘုဉ်းပေးလိုက်ဆိုပြီး နေလွဲကာလနဲ့မအပ်စပ်သည့် ခဲဖွယ်တို့ကို ဆက်ကပ်လေ့ရှိကြပါတယ်။ဝိကာလဘောဇနသိက္ခာပုဒ်အရ ဂိလာနပုဂ္ဂိုလ်ဆိုပြီး အားပတ်က ကင်းလွတ်ခွင့်ပေးမထားပါဘူး။ သီလဝံသဖြစ်တော်မူသော ရှေးဆရာတော်မထေရ်ကြီးများမှာ ဆေးသောက်ရန်အတွက်ပင် နေ့လွဲညစာမသုံးဆောင်ဘဲ ရောဂါဒဏ်ကို မငဲ့ကွက်ဘဲ သီလဝိသုဒ္ဓိဖြစ်ရန် ကျင့်ဆောင်တော်မူခဲ့သည့် ထုံးများကို သတိချပ်သင့်ပါတယ်။ဗုဒ္ဓဘာသာဝင်များအနေနဲ့ တနေ့မဟုတ်တနေ့မှာ သံဃာတော်အရှင်မြတ်တို့ကို ဆွမ်းဆက်ကပ်ခြင်းကို ဆက်ကပ်လှူဒါန်းကြမှာဖြစ်ပါတယ် ။

ဆွမ်းကပ်ရာမှာ အကပ်ခံအာနိသင်ပျက်သွားလျှင်လည်း ကပ်လှူသည့်၊ဒကာ၊ဒကာမတို့မှာ အပြစ်မဖြစ်ပါဘူး၊ ကုသိုလ်ကတော့ရမြဲရပါတယ်။ဒီလိုဆက်ကပ်တဲ့အခါမှာ နည်းစနစ်ကျစွာဆက်ကပ်လှူကြမှသာ သံဃာတော်အရှင်သူများ အပြစ်အာပတ်လွတ်ကင်းပြီး မျှတချမ်းသာစွား ဘုဉ်းပေးသုံးဆောင်၍ ဓူရနှစ်ဖြာကို မပင်မပန်းဆောင်ရွက်နိုင်မှာဖြစ်သလို မိမိတို့ကိုယ်တိုင်လည်း အကျိုးတရားကြီးမား၍ လောကီ၊လောကုတ္တရာအကျိုးထူးတရားများနဲ့ ပြည့်စုံမှာဖြစ်ပါတယ်။(ကိုယ့်အကျိုး၊သူအကျိုး၊မျှတစွာ သည်ပိုးနိုင်သူများ ဖြစ်ကြပါစေ)

Credit : ဓမ္မဝီရ အရှင်တေဇနိယ