နှလုံးသားဝယ်ဘုရားတည်ကြမယ်(ဖတ်ကြည့်ပြီး အကျိုးရှိစေရမယ်လို့ အာမခံချက်ပေးပါတယ်)

နှလုံးသားဝယ်ဘုရားတည်ကြမယ်(ဖတ်ကြည့်ပြီး အကျိုးရှိစေရမယ်လို့ အာမခံချက်ပေးပါတယ်)

ဖိုးတုတ်ဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူကဘာလုပ်သလဲဆိုတော့ ဘုရားတည်ရန်ဆိုတဲ့ အတိတ်နဲ့ ထီတစ်စောင်ထိုးလာသတဲ့။ ထီဖွင့်တော့ ထီကပေါက်လာတယ်။ ဘယ်လောက်ပေါက်သလဲဆိုတော့ ငွေတစ်သောင်း ထီပေါက်လာတယ်။ တစ်သောင်းထီပေါက်တော့ သူ့ရည်ရွယ်ချက်ရှိတဲ့အတိုင်း ဘုရားတည်မယ်ပေါ့။ငါးထောင်နဲ့မြေနေရာ တစ်နေရာ ဝယ်လိုက်သတဲ့။ ကျန်တဲ့ငါးထောင်နဲ့ ဘုရားတည်မယ်ပေါ့။ အဲဒီငါးထောင်ပေးပြီးတော့ မြေနေရာဝယ်လို့ပြီးပြီလည်းဆိုရော လူရှုပ်တစ်ယောက်က အဲဒီမြေနေရာဟာ သူပိုင်ပါတယ် ဆိုပြီးတော့မှ

အမှုလာလုပ်တယ်။ အမှုလုပ်တော့ တစ်ခါတည်း ရှုပ်လိုက်တဲ့အလုပ်၊ ဖိုးတုတ်တစ်ယောက် အလုပ်ရှုပ်လိုက်တာ နောက်တော့ ဘုရားတည်မလို့ထားတဲ့ ငွေငါးထောင် အကုန်ပြုတ်တော့။ အကုန်ကုန်တော့ နောက်ထပ် လက်ထဲမှာရှိတဲ့

ပိုက်ဆံတစ်သောင်းခွဲတောင် ကုန်လိုက်သေးတယ်။အဲဒီတော့ ဖိုးတုတ်တစ်ယောက် စိတ်ဓာတ်ကျလိုက်တာ၊ စိတ်ညစ်လိုက်တာ၊ ငါကဘုရားတည်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ထီထိုး၊ ထီလည်းပေါက်တယ်။ တကယ်တည်မယ်ဆိုတော့လည်း ငါကြံစည်သလို ဘာတစ်ခုမှမဖြစ်။

အနှောက်အယှက်တွေနဲ့သာ တွေ့နေရတယ်ဆိုပြီး စိတ်ဓာတ်တွေကျ စိတ်ဆင်းရဲပြီး အဲလိုနေသတဲ့။တစ်နေ့သောအခါမှာ သူကဘုန်းကြီးကျောင်းရောက်သွား။ ဘုန်းကြီးကျောင်းရောက်တော့ ဘုန်းတော်ကြီး ဦးတိဿ၊ ဘုန်းတော်ကြီး ဦးတိဿအနား ရောက်သွားတော့ သူ့အကြောင်းအရာတွေကို လျှောက်ထားပြတယ်။

ဘုန်းကြီးဘုရား တပည့်တော် ဒီလိုဒီလို ရည်ရွယ်ချက်နဲ့ ထီးထိုးတာ ဘုရားတည်ဖို့၊ ထီလည်းပေါက်ပါတယ်။ ဘုရားတည်မလို့လုပ်တော့ အဲဒီလိုတွေ အဲဒီလိုတွေ အလုပ်တွေ ရှုပ်ကုန်တယ်ဘုရား။ တပည့်တော်ကတော့ စိတ်ဆင်းရဲနေပြီ။ စိတ်ဓာတ်တွေ ကျနေပြီလို့ ဒီလိုလျှောက်သတဲ့။

ဒီတော့ဘုန်းတော်ကြီး ဦးတိဿက ဖိုးတုတ်ဘာဖြစ်လို့ ဘုရားတည်ချင်တာလဲ။ ကုသိုလ်လိုချင်လို့ပါ ဘုရား။ အော်..ကုသိုလ်လိုချင်လို့ ဘုရားတည်ချင်တယ်ဆိုရင်လည်း ဖိုးတုတ်ရယ် လွယ်ပါတယ်ကွ။ ဘုရားတည်ချင်ရင်လေ ငွေလည်း မလိုဘူးကွ။ မြေလည်းမလိုဘူးကွ။ ငွေမပါဘဲ မြေမပါဘဲ ဘုရားတည်လို့ ရပါတယ်ကွဆိုတော့ ဖိုးတုတ်က အံ့အားသင့်သွားတယ်။

အာ…ဘုန်းကြီးဘုရား။ မြေမရှိဘဲ၊ ငွေမရှိဘဲ ဘယ်လိုလုပ်ပြီး ဘုရားတည်မှာလဲဘုရား။ အမိန့်ရှိပါဦး ဘုရား။အော်..မင်းမှာ နှလုံးသားရှိသားပဲကွ။ နှလုံးသားမြေကြီးရှိပြီးသား ဘယ်သွားဝယ်စရာ လိုသေးလဲ။ မင်းနှလုံးသားမြေကြီးကို ရှင်းလိုက်စမ်းပါ။

သဒ်ဓါတရားနဲ့၊ ပညာတရားနဲ့၊ သတိတရားနဲ့ ချက်ချင်းရှင်းလိုက်။ လွယ်လွယ်လေးရယ်။ မင်း`နမော တဿ` ရတယ်နော်။ ရပါတယ်ဘုရား။ ငယ်ငယ်ကတည်းကစပြီး ရနေတာပါ။ အေး..အဲဒီ `နမော တဿ`ကို ပါးစပ်ထဲတင် ထွက်သွားမယ့် `နမော တဿ` မဆိုရဘူးကွ။

အဲဒါကို လေးလေးနက်နက် ဘုရားအာရုံထိယူပြီးတော့မှ မင်းနှလုံးသားထဲမှာ ထည့်ပေးလိုက်စမ်း။ ချက်ချင်း ဘုရားတည်တာပဲ။အဲဒါနဲ့မင်း သရဏဂုံ သုံးပါးကော ဆိုတတ်သလား။ ဆိုတတ်တာပေါ့ဘုရား။ တပည့်တော် ငယ်ငယ်လေး ကလေးဘဝကစပြီး ရတာပဲ။ အေးအဲဒါကို ပါးစပ်ဖျားတွင် ထွက်သွားမယ့် သရဏဂုံ မဆိုရဘူးကွ။ သဒ်ဓါတရားနဲ့ ယုံယုံကြည်ကြည်၊ ပညာတရားနဲ့ လေးလေးနက်နက်၊ သတိတရားနဲ့ စူးစူးစိုက်စိုက်၊ နှလုံးသားထဲမှာ အာရုံယူပြီးကာမှ လုပ်ရတယ်။ အဲဒါဘုရားတည်တာပဲ ဖိုးတုတ်ရဲ့။ မင်း`ဣတိပိသော ဘဂဝါ`တော့ ရတယ်ထင်ပါရဲ့။

ရပါတယ်ဘုရား။ ကျောင်းသားလေးကစပြီး တပည့်တော်ရနေတာပဲ။ အေးအဲဒါလည်း မင်းပါးစပ်ဖျားတင် ထွက်သွားမယ့် ဣတိပိသော ဘဂဝါ အရဟံ ဆိုတာတွေ မဆိုရဘူးကွ။ ပါးစပ်ထဲတွင် ထွက်သွားရုံနဲ့ မဆိုရဘူး။ စိတ်နှလုံးထဲရောက်အောင် လေးလေးနက်နက် အာရုံယူပြီးတော့မှ အဲလို လုပ်ရတယ်။

မြေကြီးပေါ်မှာ ဘုရားတည်တာက အရင်အနှီးလည်း အများကြီး စိုက်ရတယ်။ ကိရိယာတန်ဆာပလာ အဆောက်အဦးတွေ အများကြီး စုရဆောင်းရ၊ ရှာရဖွေရတယ်။ အချိန်လည်း အများကြီး ပေးရတယ်။ နှလုံးသား ဘုရားတည်တာက ကိရိယာတန်ဆာပလာ ဘာမှမလိုဘူး။

တကယ်ယုံတဲ့ သဒ်ဓါတရားရှိဖို့ လိုတယ်။ တကယ်စွမ်းအားတည်ငြိမ်တဲ့ ပညာရှိဖို့လိုတယ်။ အာရုံကို တကယ်စူးစူးစိုက်စိုက် မိမိရရ ဖမ်းနိုင်တဲ့ သတိလိုတယ်။ ဒီလောက်အရင်းအနှီး ကိရိယာတန်ဆာပလာရှိရင် ဖိုးတုတ်ဘုရားတည်ဖို့ ဘာမှမခက်ဘူးကွ။

မြေကြီးပေါ် ဘုရားတည်ရတာက လနဲ့ရက်နဲ့ ချီပြီးတော့ အချိန်အများကြီးယူရတယ်။ နှလုံးသားထဲ ဘုရားတည်တာက စက္ကန့်ပိုင်း၊ မိနစ်ပိုင်းမှာ ချက်ချင်းပြီးသွားတာကွ။အဲလိုစသည်ဖြင့် ဘုန်းကြီးက စိတ်ဓာတ်ကျနေတဲ့ ဖိုးတုတ်တစ်ယောက်ကို ဘုရားတည်နည်း သေသေချာချာ ပြောပြတော့ ဖိုးတုတ်တစ်ယောက် ရွှင်လန်းတက်ကြွလာတယ်။

အာ..ဘုန်းကြီးဘုရား၊ ဒီလိုဘုရားတည်လို့ ဖြစ်မှန်းသိရင် တပည့်တော် ဘယ်လိုလုပ် စိတ်ဆင်းရဲခံနေမလဲဘုရား။ အပင်ပန်းခံနေမလဲ။ တပည့်တော် စောစောက ဒါမျိုးသိရင် ဒီပုံစံနဲ့ တည်မှာပေါ့။ ကဲ .. ဒါဖြင့် တပည့်တော် ယနေ့ကစပြီးတော့ နှလုံးသား ဘုရားတည်တော့မယ်ဘုရား ဆိုပြီးတော့ အချိန်မဆိုင်းပါဘူး။

ဖိုးတုတ်တစ်ယောက် ချက်ချင်း နှလုံးသားဘုရားတည်တာ သရဏဂုံသုံးပါးဆိုတော့လည်း လေးလေးနက်နက် စိတ်အစဉ်မှာ အာရုံယူလို့ဆိုတတ်လာတယ်။ နမောတဿ ဆိုတော့လည်းပဲ လေးလေးနက်နက် အာရုံယူပြီးတော့ ဆိုတတ်လာတယ်။

ဘုရားဂုဏ်တော် ပွားတဲ့အခါမှာလည်း လေးလေးနက်နက် အာရုံယူပြီးတော့ သက်တော်ထင်ရှား ဘုရားရဲ့ ဂုဏ်တွေ အာရုံပြုတတ်လာတယ်။ပြီးတော့မေတ္တာတရားပါ တွဲပြီးတော့ပွားများ၊ နှလုံးသားထဲ ဘုရားထည့်လိုက်တော့မှ ဖိုးတုတ်တစ်ယောက် တစ်ခါတည်း စိတ်အားတွေ တက်ပြီးတော့မှ ကြည်ပြီးတော့မှ လူကိုတစ်မျိုး ရွှင်လန်းတက်ကြွလာတယ်။

အဲဒါနဲ့ ရတနာသုံးပါးကျေးဇူး မေတ္တာကျေးဇူးကြောင့် အရှိန်အဝါတွေတက်၊ အလုပ်လုပ်ရတာကောင်း၊ ပတ်ဝန်းကျင်ကလေးစား၊ နောက်ဆုံးစောစောက အမှုလာလုပ်တဲ့ လူရှုပ်တစ်ယောက်၊ သူကကိုယ်တိုင် လာတောင်းပန်ရတယ်။ကိုဖိုးတုတ်ရယ် ဘုရားတည်မှာမှန်းသိရင် မြေကြီးပေးမှာပေါ့။ ကျွန်တော်ကဒီလိုမှန်းမှ မသိဘဲ။ ကိုင်းဘုရားတည်မှာဆို ယူပါဗျာ ကိုဖိုးတုတ်ကို ပြောသတဲ့။ ပြောတော့ကိုဖိုးတုတ်က `မလိုပါဘူးဗျာ၊ ဘုရားတည်ပြီးပါပြီ` အော်ကိုဖိုးတုတ် ဘယ်သွားတည်လဲ။ ကျုပ်နှလုံးသားထဲ တည်ပြီးပြီလေ။

နှလုံးသားထဲမှာ ဘုရားရှိတယ်၊ ရတနာသုံးပါးရှိတယ်။ နှလုံးသားထဲ တည်ပြီးပြီ။ သူတည်တဲ့ ဘုရားက နှလုံးသားထဲ တိုက်ရိုက်တည်တယ်ဆိုတော့ ချက်ချင်း စွမ်းအားက တက်တာကိုး။ မြေကြီးပေါ်တည်တဲ့ ဘုရားက အာရုံမပြုရင် ဘာမှတတ်နိုင်မှာမှ မဟုတ်ဘဲ။

နှလုံးသားထဲတည်တဲ့ ဘုရားက နှလုံးသားထဲ ရောက်နေတော့ စွမ်းအားက ချက်ချင်းတက်တာကိုး။ မြေကြီးပေါ်တည်တဲ့ ဘုရားက အာရုံမပြုရင်ဘာမှ လုပ်မပေးနိုင်ဘူး။ ဒါကြောင့် ဖိုးတုတ်ကပြောတာ `ကျွန်တော့်နှလုံးသားထဲ ဘုရားတည်ပြီးပြီတဲ့။ ခင်ဗျားမြေကြီး ကျုပ် မလိုတော့ဘူး`တဲ့။

ဟာ..မဟုတ်ပါဘူးဗျာ။ ကျွန်တော်လည်း ကုသိုလ်ရအောင် ယူပါခင်ဗျာ။ ကျွန်တော်မှားမိတာလည်း ခွင့်လွှတ်ပါ ဘာညာနဲ့ တောင်းပန်သတဲ့။ မြေကြီးကိုလည်း အတင်းလာပေးနေသတဲ့။အဲဒါနဲ့ ဖိုးတုတ်ကလည်း `မြေရတော့လည်း တည်ရမှာပေါ့` ဆိုပြီးတော့

သူ့ရည်မှန်းချက်အတိုင်း ဘုရားတည်လိုက်သတဲ့။ မြေကြီးပေါ်မှာ ဘုရားတည်နိုင်တာဟာ ဖိုးတုတ်က နှလုံးသား ဘုရားတည်လိုက်တဲ့ စွမ်းအားပါ။ အဲဒါကြောင့် အေးအေးချမ်းချမ်း ဘုရားတည်နိုင်တာ၊ နှလုံးသားထဲ ဘုရားမတည်ဘဲနဲ့ မြေကြီးပေါ်မှာ တည်မလို့ လုပ်တုန်းကတော့ အလုပ်မှ မဖြစ်ဘဲ။

အဲလိုသူများအကြောင်းကို ပြောပြနေခြင်းသည် မိမိအတွက် လမ်းညွှန်သင်ခန်းစာ၊ တရားနာတာဟာဒါပဲ၊ သူများအတွက် ပြောပြနေခြင်းသည် မိမိအတွက် လမ်းညွှန်၊ မိမိအတွက် သင်ခန်းစာလို့ အဲလိုယူရတာပဲ။

နှလုံးသား ဘုရားတည်ပြီလို့ဆိုရင် မိမိတို့စိတ်ဟာ ဘယ်လိုဖြစ်နေသလဲဆိုတော့ လမ်းဘေးမှာထားတဲ့ အမှိုက်ပုံးကြီးလို ဖြစ်နေတယ်။ လမ်းဘေးမှာထားတဲ့ အမှိုက်ပုံးတို့၊ အမှိုက်ပုံတို့ဆိုတာ ထားတာကလည်း လမ်းဘေး၊ ရည်ရွယ်ချက်ကလည်း အမှိုက်ထည့်ဖို့၊ တွေ့တဲ့လူတွေက အမှိုက်တွေ ထည့်သွားတာ၊ ပုံသွားတာပေါ့။

ကောင်းတာ တစ်ခုမှ မထည့်ပါဘူး။ အဲဒါမျိုးလိုပဲ။ မိမိတို့ စိတ်နှလုံးခန္ဓာ အစဉ်ကလည်းပဲ နှလုံးသားထဲ တရားထည့်မပေးရင်၊ ရတနာသုံးပါး ထည့်မပေးရင်၊ တရားအလုပ်ထည့်မပေးရင် တကယ်လမ်းဘေးက အမှိုက်ပုံးကြီးလို၊ အမှိုက်ပုံကြီးလို ဖြစ်နေတယ်။

အမှိုက်က ဘေးက လာမထည့်ဘူး။ ကိုယ့်ဟာကို လျှောက်ထည့်နေတာ၊ လမ်းဘေးမှာရှိတဲ့ အမှိုက်ပုံးဆိုတာက ဘေးကလူတွေ လာထည့်တာ၊ ကိုယ့်နှလုံးသား အမှိုက်က သူများတွေ လာထည့်တာ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ်ထည့်တာ လောဘက အမှိုက်တွေလာထည့်၊

ဒေါသက အမှိုက်တွေလာထည့်။ဣဿာ၊မစ္ဆရိယစတဲ့ ကိလေသာတွေက အမှိုက်တွေလာထည့်။ ဒီတော့တရားအလုပ်မလုပ်ရင် တရားထည့်မပေးရင် ကိလေသာအမှိုက်တွေ နှလုံးသားထဲ ပြည့်ကျပ်ပြီးတော့နေတော့ အမှိုက်တွေ ရှုပ်နေတော့ ရုပ်ပစ္စည်းတွေဘယ်လောက်ပဲပေါပေါ၊

ဘယ်လောက်ပဲရှိရှိ၊ ချမ်းလည်း မချမ်းသာ၊ငြိမ်းလည်း မငြိမ်းအေး၊ အကြောက်လည်းမပြယ်၊ ပြဿနာ အမျိုးမျိုးတွေတက်၊ နှလုံးသားက အမှိုက်ပုံကြီး၊ အမှိုက်ပုံးကြီးသာ ဖြစ်နေလို့ကတော့ ဘာတွေပဲရှိရှိ၊ မငြိမ်းအေး မချမ်းသာဘူးတဲ့။ဒါကြောင့်မို့လို့ အဖိုးတန်လှတဲ့ မိမိဘဝ စိတ်နှလုံးကိုတော့ ဘယ်နည်းနဲ့မှ

အမှိုက်ပုံးတော့ အဖြစ်မခံနိုင်ဘူးလေ။ ရတနာပုံး၊ ရတနာနှလုံး၊ ရတနာစိတ်၊ ရတနာ ခန္ဓာပဲဖြစ်အောင် မြှင့်တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နှလုံးသားမှာ ဘုရားတည်ပေးပါ။တိပိဋကဓရအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီရိန္ဒာဘိဝံသ ယော ဆရာတော်ကြီး (နှလုံးသားဝယ် ဘုရားတည် တရားတော်မှ ကောက်နှုတ်ပူဇော်ပါသည်)

Crd-Original Post