ဒီမျိုးဆက်မှာ အဆုံးသတ်ပစ်ရမယ့် ဘာသာရေးဂျင်းများ

ဒီမျိုးဆက်မှာ အဆုံးသတ်ပစ်ရမယ့် ဘာသာရေးဂျင်းများ

ကျွန်တော်ငယ်ငယ်တုန်းက အဖေနဲ့ ရွာကဂေါပကလူကြီးတစ်ယောက်နဲ့ စကားများနေတာကို ကြုံဖူးတယ်။ ဘာကိစ္စ စကားများတာလဲဆိုတော့ အသံချဲ့စက်ကို အသံတိုးပေးဖို့ပြောတဲ့ကိစ္စကြောင့် စကားများကြတာပါ။

အိမ်မှာ အမေ့ရဲ့အမေ (ကျွန်တော့်အဖွား) နေမကောင်းဖြစ်နေတဲ့အချိန်၊ အလှူအိမ်တစ်ခုကနေ ဉာဉ့်နက်သန်းခေါင်အထိ အသံချဲ့စက်ကို အကျယ်ကြီးဖွင့်ထားလို့ အဖေက အသံလေးတိုးပေးဖို့သွားပြောရင်း စကားများကြတာ။

အဲဒီ့ဂေါပကလူကြီးက ‘သူများ ကုသိုလ်ကောင်းမှုလုပ်နေတာပဲ ကျောင်းဆရာရယ်၊ မုဒိတာပွားစမ်းပါ။ အလှူရှိလို့ ဖွင့်တဲ့ဉစ္စာပဲ’ ဆိုပြီး ကိုယ်ချင်းမစာမနာပြောလို့အဖေက ‘ ခင်များတို့ဖာသာ ကုသိုလ်ပဲလုပ်လုပ် ဘာပဲလုပ်လုပ် ဘေးပတ်ဝန်းကျင်မထိခိုက်အောင်လုပ်ဖို့ အရေးကြီးတယ်၊ လူမမာရှိနေတဲ့အတွက် အသံလေးတိုးပေးဖို့ပဲ ပြောတာ၊ ပိတ်ခိုင်းတာလည်း မဟုတ်ဘူး။

ခင်ဗျားတို့ ကိုယ်ချင်းစာနာစိတ်လေးထားဖို့ပဲ ပြောတာ’ ဆိုပြီး ပြန်ပြောတော့ စကားများကုန်ကြရော။ အမှန်တော့ ဟိုးအရင်းကတည်းက အလှူခံပြီး အလှူငွေရှင်းတမ်းတွေမထုတ်တဲ့ကိစ္စ၊ အလှူခံခွက်ထဲကပိုက်ဆံတွေကို

လက်လွတ်စပယ်ယူသုံးနေကြတာတွေ တွေ့လို့ အဖေက ထောက်ပြဖူးတော့ အဖေ့ကို အမြင်မကြည်တာကြောင့်လည်း ပါပါတယ်။ဘာသာရေးဂျင်းတွေအများကြီးထဲကမှ အဓိက(၃)ခုကို တင်ပြပါ့မယ်

(၁) ဂုဏ်တုဂုဏ်ပြိုင်အလှူ ဘာသာရေးဂျင်း

တကယ်တော့ ဗုဒ္ဓဘာသာဝင်တချို့မှာ အယူအဆလွဲနေတာတစ်ခုက ကုသိုလ်ကောင်းမှုပြုတဲ့အခါ ဂုဏ်တုဂုဏ်ပြိုင် လုပ်ချင်ကြတာပါပဲ။ သူ့အလှူထက် ငါ့အလှူက ပိုမိုက်တယ်၊ ငါ့အလှူပိုမိုက်တယ် ဆိုတာမျိုးပါ။

ဝက်သားအချိန် ဘယ်နှစ်ပိဿာ၊ လူဘယ်နှစ်ယောက်ကျွေးနိုင်တယ်၊ ဘုန်းကြီးဘယ်နှစ်ပါးပင့်နိုင်တယ်၊ ဘယ်လောက်ကြီးကျယ်ခမ်းနားတယ်ဆိုတာမျိုး ပြချင်ကြတာများပါတယ်။ ဉာဏ်ပညာနဲ့ယှဉ်တဲ့ အလှူမဟုတ်ဘဲ ပကာသနအလှူက ခပ်များများပါ။

အသံချဲ့စက်တွေ၊ ဆောင်းဘောက်တွေ အသံကုန်ဖွင့်၊ အသားကုန်ပျော်ရွှင်မြူးတူးကြတာများပါတယ်။ အခုနောက်ပိုင်းဆိုရင် အလှူနဲ့အပျော်က တွဲလျက်ဖြစ်ပြီး၊ အလှူလုပ်ပြီဆိုရင် ထမီမနိုင်၊ ပုဆိုးမနိုင်ဖြစ်တဲ့အထိ ပျော်ကြတော့တာပါပဲ။ အသောက်အစားက မပါမဖြစ်ပါ။

ပတ်ဝန်းကျင်ကို အားနာရကောင်းမှန်းမသိ၊ ဘေးအိမ်မှာ လူမမာ ရှိ/မရှိတောင် စိတ်မဝင်စားကြတော့ပါဘူး။ ပိုပြီးစိတ်ပျက်စရာကောင်းတာက ကုသိုလ်လုပ်တယ်ဆိုပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့အထာနဲ့ ကိုယ်ချင်းစာနာစိတ်ကင်းမဲ့ကုန်ကြတာပါပဲ။ ငယ်ငယ်တုန်းက အဖေကြုံဖူးတဲ့အဖြစ်အပျက်လိုမျိုးပါ။ သွားပြောတဲ့သူကတောငအပြစ်ဖြစ်တာမျိုး ဖြစ်ပါတယ်။

တာဝန်ရှိတဲ့သူ (ဥပမာ ဘုရားဂေါပကဆိုတဲ့သူ) တွေက ပြေလည်အောင် မရှင်းပေးတဲ့အပြင် အကျိုးသင့် အကြောင်းသင့် ပြောတဲ့သူကို ပတ်ဝန်းကျင်နဲ့လှည့်တိုက်ပေးတာမျိုး ဖြစ်ပါတယ်။

အဲဒီ့မှာ Gen Lee တွေက ‘ကုသိုလ်ကောင်းမှုလုပ်နေတာ၊ ဘယ်သူ့ဂရုစိုက်ရမှာလဲ၊ ဗုဒ္ဓဘာသာဝင်မဟုတ်ဘူးလား၊ ဘာသာမဲ့လား၊ ဘုရားတရားသံကြားရတာ မကောင်းဘူးလား’ စသည်ဖြင့် ပြန်ရန်တွေ့ပါတော့တယ်။ အများနဲ့တစ်ယောက်ဖြစ်နေတာ၊ ဘာသာရေးနဲ့ကိုင်ပေါက်ခံရတာကြောင့် အမှန်ပြောပြတဲ့သူက အမှားဖြစ်သွားရပါတယ်။

တကယ်တော့ ဗုဒ္ဓဟာ တိတ်ဆိတ်ငြိမ်သက်တာကို သဘောကျသူပါ။ အဲဒါကြောင့်လည်း သူတော်စင်တွေဟာ တိတ်ဆိတ်အေးချမ်းတဲ့နေရာတွေကို ရှာဖွေနေထိုင်ပြီးတရားအားထုတ်ကြတာဖြစ်ပါတယ်။ လူတွေကိုပဲ ကြည့်ကြည့်လိုက်ပါ။ ပညာပြည့်ဝတဲ့သူတွေဟာ စကားကိုဟောင်ဖွာဟောင်ဖွာ မပြောကြပါဘူး။

အော်ကြီးဟစ်ကျယ်အပြုအမူတွေကို မလုပ်ပါဘူး။ တိတ်တိတ်ဆိတ်ဆိတ်နေပြီး ပတ်ဝန်းကျင်ကို ဒုက္ခမပေးမိအောင် နေထိုင်ကြတာများပါတယ်။ကျွန်တော် ကိုရီးယားမှာကျောင်းတက်တုန်းက စာကြည့်တိုက်တွေ၊ စာကြည့်ခန်းတွေ၊

တချို့ကော်ဖီဆိုင်တွေမှာ ကိုရီးယားလိုရော အင်္ဂလိပ်လိုပါ ရေးသားထားတဲ့စာသားလေးကို အင်မတန်သဘောကျမိပါတယ်။ စာသားလေးက ‘တိတ်ဆိတ်ငြိမ်သက်စွာနေထိုင်ခြင်းဖြင့် ပတ်ဝန်းကျင်ကို ကူညီပါ’ တဲ့ ။

ဂုဏ်တုဂုဏ်ပြိုင်အလှူတွေ၊ ကုသိုလ်လုပ်ရင် ဘယ်သူ့မှဂရုစိုက်စရာမလိုဘူးဆိုပြီး ပတ်ဝန်းကျင်ကို ဒုက္ခပေးတာတွေ၊ တခြားဘာသာဝင်တွေ နှာခေါင်းရှုံ့ချင်စရာကောင်းတဲ့ အပြုအမူတွေကို ဒီမျိုးဆက်မှာ အဆုံးသတ်ပစ်ရမှာပဲဖြစ်ပါတယ်။

(၂) လှူတာနဲ့ သူတော်ကောင်းဖြစ်တဲ့ ဘာသာရေးဂျင်း

ကျွန်တော် အရာရှိဖြစ်ပြီး အား/ကာရောက်တော့ အလတ်အလယ်အဆင့်ရှိတဲ့ အရာရှိတစ်ယောက်က သူ့အောက်ကဝန်ထမ်းတွေကို ဆုံးမနေတာကို သတိထားမိတယ်။

‘ များများလှူကြ၊ လှူမှ နောက်ဘဝချမ်းသာမှာ၊ ငါတို့အခုဆို သိပ်မလှူနိုင်ဘူး၊ အဘတို့များ ကံကောင်းလိုက်တာ၊ လှူချင်တိုင်းလှူနိုင်တယ်၊ နောက်ဘဝ ဒီ့ထက်ချမ်းသာသွားဖို့ပဲရှိတယ်၊ တကယ့်သူတော်ကောင်းကြီး ’ တဲ့။

ကျွန်တော့်မှာ အဲဒီ့စကားကိုကြားပြီး ခေါင်းနပန်းကြီးသွားရတယ်။ ခက်တော့ ခက်နေပြီ။ ဒီဝန်ထမ်းအငယ်တွေ အယူအဆလွဲကုန်ရင်တော့ ဒုက္ခပဲလို့။ လူကြားထဲမှာတော့ ‘ ခင်ဗျား မှားနေပြီ၊ ဒါကဒီလိုရှိတယ်’ လို့ မပြောခဲ့ပါဘူး။ ပြောရင်လည်း လက်သင့်ခံမယ့်သူမဟုတ်သလို၊ စကားများတာပဲ အဖတ်တင်မှာမို့ပါ။

အဲဒါနဲ့ပဲ သူမရှိတော့မှ ဝန်ထမ်းအငယ်တွေကို အခုလို ရှင်းပြရပါတယ် –

‘ဒါန၊ သီလ၊ ဘာဝနာ အလုပ်ဟာ ဘုရားဟောဖြစ်သလို လက်တွေ့မှာလည်း အင်မတန်ကောင်းတဲ့အလုပ်ပါ။ လှူရင် လက်ရှိဘဝရော၊ နောင်သံသရာပါ အကျိုးကျေးဇူးအမှန်ပါပဲ။ ဒါပေမယ့် လှူတဲ့အခါ လှူဖွယ်ပစ္စည်းတွေဟာ မွန်မြတ်သန့်စင်နေဖို့တော့ လိုမယ်၊

ဥပမာ – ပိုက်ဆံလှူမယ်ဆိုပါစို့၊ အဲဒီ့ပိုက်ဆံဟာသမ္မာအာဇီဝကျကျနဲ့ ရှာဖွေထားတဲ့ပိုက်ဆံဖြစ်ရမယ်။ ခိုးထားတဲ့ပစ္စည်း၊ သူများဆီက မတော်မတရားနည်းလမ်းနဲ့ရထားတဲ့ပစ္စည်း မဖြစ်ရဘူး။ ဒီလိုမှမဟုတ်ရင် လှူလို့ချမ်းသာတာက နည်းနည်း၊ ခိုးလို့ငရဲကြီးမှာက ခပ်များများဖြစ်လိမ့်မယ်။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဖြစ်လိမ့်မယ်။

အဲဒါကြောင့် အဓိကက သီလစင်ကြယ်အောင်လုပ်၊ သီလစင်ကြယ်ဖို့သည် နံပါတ်တစ်၊ ဒါနကို နံပါတ် ၂ မှာထား။ သမ္မာအာဇီဝကျကျ ရှာဖွေပြီး ရလာတဲ့ ပိုက်ဆံ ၁ထောင်ကို လှူတာဟာ ခိုးပြီးရထားတဲ့ သိန်း ၁ ထောင်ကိုလှူတာထက် ပိုပြီး မွန်မြတ်တယ်၊ အကျိုးရှိတယ်’ ဆိုပြီး ရှင်းပြခဲ့ရပါတယ်။

တချို့ဗုဒ္ဓဘာသာဝင်တွေဟာ အလှူအတန်းလုပ်တဲ့သူဆိုရင် သိပ်အထင်ကြီးကြပါတယ်။ သူ ဘယ်ကရတဲ့ပိုက်ဆံနဲ့လှူတာလဲ၊ ဘာကြောင့် ဒီလောက်လှူနိုင်တာလဲဆိုတာကို စိတ်မဝင်စားကြပါဘူး။

တချို့ဆိုရင် အဲဒီ့မတရားနည်းလမ်းနဲ့ ရထားတဲ့ပိုက်ဆံတွေကို ကိုယ့်ကို လာပေးရင်တောင် ကျေးဇူးတင်လို့မဆုံးပါဘူး။ ‘ အဘက အရမ်းသဘောကောင်းတာပဲ၊ ဆရာက သိပ်စေတနာကောင်းတာ၊ ဗိုလ်ကြီးက တော်တော်ရက်ရောတာနော်’ ဆိုတာမျိုးတောင် ထုတ်ပြောကြပါတယ်။

အရေးတော်ပုံကာလမှာ Non CDM တွေကို ဆန်(၄) ပြည်၊ ဆီ (၅၀) သား၊ ကုလားပဲကြမ်း(၅၀) သားဆိုပြီး ပေးတော့ လောက်တွေခင်မျာ ပျော်နေလိုက်ကြတာ။အလှူပေးပုဂ္ဂိုလ်ဟာ မဖြူစင်ဘူး၊ လှူဖွယ်ဝတ္ထုတွေဟာ မစင်ကြယ်ဘူးလို့ မတွေးမိကြဘူး။

ဘယ်ကရတဲ့ပိုက်ဆံတွေနဲ့ ငါတို့ကိုပေးသလဲဆိုတာကိုလည်း စိတ်ဝင်စားပုံမရပါဘူး။ ရာထူးတွေ တိုးပေးတော့ မိုးမမြင်လေမမြင် ပျော်ရွှင်နေလိုက်ကြတာ။ ကိုယ်ဟာ အဓမ္မကိုအားပေး၊ ဓမ္မကိုဆန့်ကျင်နေတယ်ဆိုတာကို သဘောပေါက်ပုံမရပါဘူး။

ဗုဒ္ဓဟာ မဂ္ဂင်(၈)ပါး အကျင့်တရားမှာ သမ္မာအာဇီဝ (ကောင်းမွန်စွာအသက်မွေးခြင်း) ဆိုပြီး အတိအကျ ဟောကြားခဲ့ပါတယ်။ ခိုးဆိုးလုနှိုက်လုပ်ဖို့ မဟောခဲ့ပါဘူး။ ငါဘုရားကို လှူဖို့သာ အဓိကပဲ၊ ဘယ်ကရရ ဘယ်လိုနည်းလမ်းနဲ့ရှာရှာ အရေးမကြီးဘူးဆိုပြီး မပြောခဲ့ပါဘူး။

ဟီရိဩတ္တပ ဆိုတဲ့ မကောင်းမှုပြုရမှာရှက်ဖို့၊ မကောင်းမှုပြုရမှာကြောက်ဖို့ကိုလည်း အတိအလင်း ဟောကြားခဲ့ပါတယ်။မွေးနေ့မှာ သက်သက်လွတ်လေးစားပြ၊ အခါကြီးရက်ကြီးမှာ ဘုရားသွား ကုသိုလ်ကောင်းမှုလုပ်ပြရုံနဲ့ သူတော်ကောင်းမဖြစ်ပါဘူး။ လူကောင်းလို့ သတ်မှတ်လို့မရပါဘူး။

သူ့ရဲ့ အကျင့်သီလ ဘယ်လောက်အထိကောင်းသလဲ၊ ငါးပါးသီလ ဘယ်နှစ်ပါးလုံသလဲ ဆိုတာနဲ့သာ လူကောင်း/လူဆိုး ခွဲခြားရမှာဖြစ်ပါတယ်။ ဘုရားဟောနဲ့ ဆန့်ကျင်တာတွေကို လုပ်ချင်တိုင်းလုပ်ပြီး နည်းနည်းလောက်လှူပြတန်းပြရင်ကို သူတော်ကောင်းထင်နေတဲ့ ဘာသာရေးဂျင်းတွေကို ဒီမျိုးဆက်မှာ အဆုံးသတ်ပစ်ရမှာ ဖြစ်ပါတယ်။

လှူတာက သက်သက်၊ ခိုးတာက သက်သက်၊ လူတစ်ဖက်သားကို ဒုက္ခပေးတာက သက်သက်၊ ဖွန်ကြောင်တာက သက်သက် ခွဲခြားမြင်ဖို့လိုအပ်ပါတယ်။ ဒါမှသာအရေခြုံဘာသာရေးသမားတွေအတွက် နေရာမရှိမှာဖြစ်ပါတယ်။

(၃) ဘုရားစာရွတ်ရုံနဲ့ တရားသမားဖြစ်နေတဲ့ ဘာသာရေးဂျင်း

တချို့ ဗုဒ္ဓဘာသာဝင်တွေရှိတယ်။ ရွတ်လိုက်ရတဲ့ ဘုရားစာဆိုတာ။ မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်ရင် စရွတ်ပြီ။ အိမ်မှာနေရင်းလည်း ရွတ်တယ်။ ရုံးသွားရင်း ဖယ်ရီကားပေါ်မှာလည်း တရားစာအုပ်ကိုင်ပြီးရွတ်တယ်။

ရုံးမှာလည်း ရွတ်ချင်ရွတ်နေတာမျိုး။ တချို့ အကြောင်းမသိတဲ့သူတွေဆိုရင် ချက်ခြင်း လက်အုပ်ချီပြီး ရှိခိုးရမယ့်ကိန်းမျိုးပါ။ မသိတဲ့သူတွေဆိုရင် သူ့တို့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေကို ဝင်ကြည့်လိုက်ရင် အနည်းဆုံး ဦး (၃) ကြိမ်ချပြီးမှ ပြန်ထွက်လာရတဲ့ပုံစံမျိုးပါ။

အင်မတန်ဘာသာရေးကိုင်းရှိုင်းတဲ့သူလိုလို၊ ဘုရားသမား တရားသမားလိုလိုပါ။ ခက်တာက ဘုရားစာတွေဆို၊ တရားစာတွေရွတ်ရုံရွတ်ပြီး ဘုရားဟောတွေနဲ့ဆန့်ကျင်ဘက်တွေလုပ်၊ တရားဓမ္မနဲ့မညီတာတွေ လုပ်တာပါဘဲ။

ဝန်ထမ်းတွေ၊ ကိုယ့်ထက်အခြေအနေ နိမ့်ပါးသူတွေကို နင်ပဲငဆပြောတယ်၊ မောက်မောက်မာမာ ဆက်ဆံတယ်။ ကိုယ်ချင်းစာနာစိတ်မထားဘူး။ ကိုယ်ချင်းစာနာရကောင်းမှန်းမသိဘူး။ သားသမီးချင်း ကိုယ်ချင်းမစာဘူး။ ခေါင်းပုံဖြတ်တယ်။

ရုံးကပစ္စည်းတွေကို ခိုးတယ်။ ဌာနဘတ်ဂျက်တွေကို ခိုးတယ်။ အခွင့်အရေးဆိုရင် ထိပ်ဆုံးကပြေးယူတယ်။ အထက်ကိုဖားတယ်၊ အောက်ကိုဖိတယ်။ ကိုယ့်သားသမီးကိုယ်မှ လူထင်တယ်၊ ကိုယ့်မိဘကိုမှ ကျွေးချင်တယ်။

အဲ့လိုလူမျိုးတွေကို ဘယ်လိုလုပ်ပြီး ဘုရားသမား တရားသမားလို့ သတ်မှတ်မလဲ။ ဘာကိုကြည့်ပြီး သတ်မှတ်ကြတာလဲ။ တကယ်တော့ အဲ့လိုလူတွေဟာ တရားစာတွေရဲ့ အနက်အဓိပ္ပာယ်ကို မသိဘဲ၊ လက်တွေ့မကျင့်ဘဲ ရွတ်ရင်း ရွတ်ရင်းနဲ့ တုံးသွားတဲ့ အရွတ်တုံးတွေပါ။

နောက်မျိုးဆက်သစ်တွေကို မေတ္တာသုတ်ရဖို့ထက် လူအချင်းချင်းနဲ့ သတ္တဝါတွေအပေါ် မေတ္တာထားတတ်ဖို့၊ ကိုယ်ချင်းစာနာတတ်ဖို့ အဓိက သင်ကြားပေးရပါမယ်။

လူအချင်းချင်း မေတ္တာထားနိုင်ပြီး၊ မေတ္တာသုတ်ကိုလည်း ရွတ်ဖတ်ပွားများနိုင်ရင်တော့ ပိုကောင်းတာပေါ့။

အဓိကအရေးကြီးတာ ဘုရားစာတွေကို ရွတ်ဖို့ထက် ကျင့်ဖို့က ပိုအရေးကြီးပါတယ်။ နို့မိုဆိုရင် မေတ္တာသုတ်တော့ ရွတ်ပါရဲ့၊ အိမ်သားတွေနဲ့ မတည့်ဘူး၊ အိမ်နီးချင်းတွေနဲ့ အဆင်မပြေဘူးဆိုရင်တော့ လူအထင်မကြီးဘဲ လူရယ်စရာကြီးဖြစ်နေမှာပါ။

တကယ်တမ်းက ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတွေက သဘာဝတရားတွေကိုပဲ ဟောကြားခဲ့တာပါ။ လုပ်ရမှာနဲ့ မလုပ်ရမှာ၊ ဆောင်ရန်နဲ့ ရှောင်ရန်ကိုပဲ ဟောကြားခဲ့တာဖြစ်ပါတယ်။

အဓိကက ကျင့်ဖို့ပါ။ ရွတ်ရုံ ရွတ်ဖို့မဟုတ်ပါဘူး။ အခုဟာက ဗုဒ္ဓဘာသာဝင်အများစုဟာ ရွတ်ရုံရွတ်တဲ့ အရွတ်တုံးတွေဖြစ်နေကြတာ ဝမ်းနည်းစရာပါပဲ။ ဒီမျိုးဆက်မှာ ဘုရားစာရွတ်ရုံနဲ့ တရားသမားဖြစ်နေတဲ့ ဘာသာရေးဂျင်းတွေကို အဆုံးသတ်ပစ်ရမှာပဲဖြစ်ပါတယ်။

အနှစ်ချုပ်ရရင် စစ်အာဏာရှင်စနစ်ရဲ့ ဆိုးမွေတွေထဲမှာ ကျန်းမာရေး၊ပညာရေး၊ စီးပွားရေးတွေ အဖက်ဖက်က နိမ့်ကျသွားရုံတင်မကဘဲ ဘာသာရေးမှိုင်းတွေတိုက်၊ဘာသာရေးဂျင်းတွေ အတောင့်လိုက်အတစ်လိုက် ထည့်သွားတာလည်း ပါဝင်ပါတယ်။

ဦးနေဝင်းလက်ထက်၊ ဦးသန်းရွှေလက်ထက်မှသည် မအလ လက်ထက်အထိ ခေတ်အဆက်ဆက်မှာ ခိုးချင်တိုင်းခိုး၊ လူသတ်ချင်တိုင်းသတ်၊ လုပ်ချင်တာလုပ်ပြီးဘာသာရေးလေးဟန်ပြလုပ်၊ ဘုရားတည်

ကျောင်းဆောက်ပြပြီး ဘုရားဒါယကာ အမည်ခံနေတာတွေကို ဒီမျိုးဆက်မှာ အဆုံးသတ်ပစ်ရမှာပဲဖြစ်ပါတယ်။ဒီဘာသာ‌ရေးဂျင်း‌တွေကို နွေဦးတော်လှန်ရေး‌အောင်ပွဲနဲ့အတူ ဒီမျိုးဆက်မှာ အဆုံးသတ်ပစ်ရမှာပဲဖြစ်ပါတယ်။

Crd-Original Post