ထိပ်သီး အစည်းအဝေးတက်ခွင့်ရဖို့ မျှော်လင့်နေတဲ့ မင်းအောင်လှိုင်

ထိပ်သီး အစည်းအဝေးတက်ခွင့်ရဖို့ မျှော်လင့်နေတဲ့ မင်းအောင်လှိုင်

မြန်မာ စစ်အာဏာရှင်များသည် ပြည်ပ မှ လုပ်သင့်လုပ်ထိုက်သည်ဟု ပြောဆိုနေမှု မှန်သမျှ အား ၎င်းတို့ကို ဖိအား ပေးနေမှု အဖြစ် အာဏာ ရယူခဲ့သည့် သက်တမ်း နှစ် ၆၀ လုံးလုံး မလွှဲမသွေ ခံယူခဲ့ကြသူများ ဖြစ်သည်။

ယခု အခါ မင်းအောင်လှိုင်သည် လုံးဝ ထင်မထားခဲ့သည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်အဖြစ် အသိ အမှတ် ပြုရန် ငြင်းဆန်လိုက်သည့် ကိစ္စ အပေါ် လုံးဝ တုန်လှုပ် ချောက်ချားသွားခဲ့ပြီ ဖြစ်သည်။

ထို့အတွက် ယခင်ကတည်းက လုပ်သင့်သော အပြစ်မရှိဘဲ နေအိမ်များ မှ ညအချိန် မတော် တရွတ်တိုက် ဖမ်းဆီး ခေါ်ဆောင်သွားသူများကို ပြန်လွှတ်ပေးရမည့် ကိစ္စသည် ပုံမှန် စဉ်းစားတတ်သူများ ဆိုက လုပ်မည်ဆိုလျှင်

အာဆီယံ အစည်းအဝေး မတိုင်မီ ပါးပါးနပ်နပ် လုပ်သင့်လှသည် မဟုတ်ပါလား။

ယခုအခါ အာဆီယံ အစည်းအဝေးမှ ထုတ်ပယ်ခြင်း ခံလိုက်ရသည့်အခါတွင်တော့ ငယ်ထိပ်မြွေပေါက်ခံရသလို ပြူးတူး ပြဲတဲ မျက်နှာဖြင့် ရုပ်မြင်သံကြား ရှေ့ထွက်လာပြီး တရကြမ်း ဖမ်းဆီးခဲ့သူများအား ပြန်လွှတ်ပေးပါမည် ဟု ပြောဆိုလာခဲ့ခြင်း ဖြစ်သည်။

ထို့အတွက် ပစ္စည်းတခုကို မည်သို့ မည်ပုံ တပ်ဆင် သုံးစွဲရမည် ဆိုသည့် လမ်းညွှန်စာအုပ်ကို နောက်ကနေ စပြီး လုပ်ကြသူများ ဟု ပြောဆိုလိုက်ရခြင်းပင်။

သူ၏ စကားထဲတွင် အာဆီယံသည် ပဋိညာဉ် စာတမ်းပါ ပြဠာန်းချက်များ နှင့် အညီ ထိပ်သီး အစည်းအဝေးကို ကျင်းပသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပါရှိလာပြန်သဖြင့် အစည်းအဝေးသို့ ပြန်၍ ဖိတ်ကောင်း ဖိတ်နိုင် သည်ဟူသော မျှော်လင့်ချက် ရှိနေသည်မှာ သိသာနေပေသည်။

၁၃ မိနစ်ကြာ မိန့်ခွန်းထဲတွင် သူ့ကိုယ်သူ အိမ်စောင့် အစိုးရ ဖြစ်နေသည်ဟု ပြောဆိုထားသည်များနှင့် လူပေါင်း ထောင်ချီ သတ်ဖြတ် ခဲ့သည်များကို မေ့နေပုံ ရသည့်အပြင် ၎င်း၏ ပါးစပ်မှလည်း ငြိမ်းချမ်းရေး စကား တလုံးတပါဒမျှလည်း ကမ်းလှမ်းခဲ့ဖူးခြင်း မရှိပါပဲလျက် နိုင်ငံတကာ နှင့် အာဆီယံ သည် PDF များ၏ အကြမ်းဖက် လုပ်ရပ်များ ရပ်တန့်အောင် တခွန်းတပါဒမျှ မပြောဟု နတ်သံနှော ပြောဆိုသွားပြန်သည်။ သူ ပြောသည်က လည်း မှားတော့ မမှားပေ။ သူ၏ အစိုးရ ဆိုသည်ကလည်း နိုင်ငံတကာ အနေနှင့် တရားဝင် အစိုးရ အဖြစ် လက်ခံထားခြင်း မရှိ၍ အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် စင်ပြိုင် အဆင့်တွင်သာ ရှိပေသေးသည်။

မည်သို့ပင် ဆိုစေ အာဆီယံ ၏ လုပ်ရပ်သည် မင်းအောင်လှိုင်အား အကြီးအကျယ် အရှက်တကွဲ ဖြစ်ခဲ့ရုံမက စစ်ကောင်စီဝင်များ အကြား ၎င်းအပေါ် ယုံကြည်မှုများ ကျဆင်းလာပြီ ဆိုသည်မှာ အထင်အရှား ဖြစ်နေသည်။ ထို့အတွက်လည်း တခုခု လုပ်မှ ဖြစ်တော့မည် ဆိုကာ သိက္ခာဆယ်ရန် အပြင်းအထန် လုံးပမ်းလာခြင်း ဖြစ်သည်။

လုံးပမ်းလာပြန်တော့လည်း စစ်အာဏာသိမ်း အဖွဲ့ အဆက်ဆက် လုပ်ရိုးလုပ်စဉ် ဖြစ်သည့် မိမိ၏ ယုံကြည်ချက် ကြောင့် ဖမ်းဆီး နှိပ်စက် အကျဉ်းချ ခံထားရသူများ ကို ပြန်လွှတ်ပေးခြင်း ဆိုသည့် တခါလာလည်း မွဲပြာပုဆိုး ဇတ် ကို စင်တင် ကပြ ခြင်းမျိုးထက် မပိုပြန်ပေ။ တဖက်တွင် အဖမ်းအဆီးများမှာ လျော့သွားပြန်သည်ဟူ၍ မရှိပေ။

မည်သို့သော ရည်ရွယ်ချက်ဖြင့် ပြန်လွှတ်စေကာမူ ဥပဒေဟူ၍ မြူတမှုန်မျှပင် ကျူးလွန်ခဲ့ခြင်း အလျဥ်းမရှိပါဘဲ လျှက် မတရား ဖမ်းဆီးခံထားရသူ ၅,၆၀၀ အဖို့ ကာကယံ ရှင်များ မဆိုထားဘိ၊ သူတို့ ၏ မိဘ ညီအကို မောင်နှမ များ အပြင် ပြည်သူတရပ်လုံးက လှိုက်လှဲ ဝမ်းသာစွာ ကြိုဆိုနေကြမည်ကား မလွဲဧကန်ပင် ဖြစ်ပေတော့သည်။

မိမိတို့သည် မည်သည့်ပြစ်မှုမှ ကျူးလွန်ခဲ့ခြင်း မရှိ၊ မတရားမှုကို ဆန့်ကျင်ခဲ့ကြခြင်းသာ ဖြစ်သည် ဆိုသည့် တောက်ပြောင်ခဲ့ပြီးသော သမိုင်းကို အစွန်းအထင်း မခံရန်သာ ဂရုတစိုက် နေထိုင်သွားကြရမည်လည်း ဖြစ်သည်။

နိုင်ငံတကာ ဖိအားပေးမှု များကို ဂရုမစိုက်ဆိုသော စကား ကလည်း နင်လားငါလား ဖြစ်လာလျှင် ပါးစပ်ပြောသာ ရှိနေပေသည်။

နိုင်ငံ၏ အချုပ်အခြာ အာဏာ နှင့် လွတ်လပ်ရေးကို ထိန်းသိမ်း ရမည် ဆိုသော တပ်မတော်၏ မူလ အဓိက တာဝန် ဝတ္တရားအား လုံခြုံရေး အတွက် တိုင်းပြည်စည်းရိုးကို ကာကွယ် ရမည်ဆိုသည်ထက် ၎င်းတို့ တက်၍ အုပ်ချုပ်မှ ခိုင်မြဲမည်ဟု ဦးနှောက် ဆေးကြောခံထားရသူ ဖြစ်သည်။ ထိုသို့ အုပ်ချုပ်ရန် တက်လာကြသူများက ကုလ နှင့် အာဆီယံ သည် Nations များ နှင့် ဖွဲ့စည်းထား၍ country နိုင်ငံ အဆင့် မရှိကြဟု ပြောဆိုကာ ဘူးလုံး နားမထွင်း ဖြစ်နေသူများ သာ ဆိုသည် ကို ပြည်သူများ တအံ့တဩ တွေ့လာ ကြရသည်။

မင်းအောင်လှိုင်ကို အာဆီယံ အစည်းအဝေး မှ ထုတ်ပယ်လိုက်ခြင်းအတွက် အမျိုးသား ညီညွတ်‌ရေး အစိုးရမှ ၎င်းအား ဆန့်ကျင်တော်လှန်နေသည့် ပြည်သူတို့၏ အောင်ပွဲတရပ် အဖြစ် ကြိုဆိုလိုက်ပြီ ဖြစ်သည်။

နိုင်ငံကို ငြိမ်းငြိမ်း ချမ်းချမ်း နှင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်ပါသည် ဆိုသော အပြောနှင့် ၎င်းတို့၏ လုပ်ရပ် များကြောင့် ဆရာ ဗန်းမော်တင်အောင်၏ စကား ငှားသုံးရလျှင် “နို့စို့အရွယ် ကလေးသူငယ် တဦးက မိန်းမလို ချင်ပါသည်ဟု ပူဆာနေသကဲ့သို့ပင်” ဖြစ်ပေတော့သည်။

ဤနေရာတွင် အလျဥ်းသင့်၍ ဆရာ ဗန်းမော် တင်အောင်၏ “အညတြ” စာအုပ်ထဲမှ ကြားနေ ဂိုဏ်းသားများ အကြောင်းကို ပြန်လည် ကူးယူ တင်ပြလိုက်ပါသည်။

“တနေ့တခြား ကြီးမားပြင်းထန်သည်ထက် ပြင်းထန်လျက် ရှိနေသော ပြည်သူတို့၏ ရုန်းကန် တွန်းလှန်နေသော တိုက်ပွဲကြီးကို တွေ့မြင် ခံစား၍ သိရှိနေပါလျက် ထိုတိုက်ပွဲသည် မိမိနှင့် ဘာမျှ မဆိုင်၊ သူတို့ဘာသာ မီးပွင့် အောင် တိုက်၍ ဘယ်သူသေသေ ငါ့ဘာသာ ငါ အနေသာဘိခြင်းဟူသော ကြားနေရေး ဝါဒသမားများလည်း ရှိနေတတ်ကြ၏၊ အထူးသဖြင့် စာပေနှင့် အနုပညာသည်များထဲ၌ ထိုကြားနေရေး ဝါဒသမား များသည် အံ့ဩ လောက်အောင် တွေ့နေရပေသည်။

“အနုပညာသည် အနုပညာ သက်သက်မျှ ဖြစ်သည်” ဟူသော ကြွေးကြော်သံ နှင့် ကြားနေရေးဝါဒသမားများ အပြင် ဇာစ်မြစ်နှင့် အကြောင်းရင်းကို ရိုးသားစွာ ဘာမျှ မသိရှာကြသေးသဖြင့် ကြားနေရေး လေသံပေးနေ သူများ အား “ကြားနေရေး တတိယ အုပ်စု”တွင် အပိုင်း နှစ်ပိုင်း သတ်မှတ်ဖို့တော့ လိုအပ်ပေသည်။

ယနေ့ လူ့ဘောင်အတွင်း မှ လူတန်းစား တိုက်ပွဲသည် တို့နှင့် ဘာမျှ မဆိုင်၊ အနုပညာသည် အနုပညာ သက်သက် မျှ ဖြစ်သည် ဟူ၍ ကြွေးကြော်နေကြသော ကြားနေရေး သမားများသည်ကား လူ မဟုတ်တော့ဘဲ အနုပညာ သတ္တဝါ သက်သက်မျှ ဖြစ်နေကြပြီ ဖြစ်သောကြောင့် ထိုသတ္တဝါများအား လူ့ဘောင်ကြီး အတွင်း မှ ခွဲထုတ်၍ အနုပညာဘောင်သို့ သွားရောက် ပို့ဆောင်ထားဖို့သာ ကောင်းပေသည်။ ဤတတ်ယောင်ကားများသည် စိတ္တဇ ဆေးရုံမှ ခေါမပညာရှင်များ နှင့် ဆွေမျိုးနီးစပ်တော်ကြသောကြောင့် တံတားလေး ဆေးရုံ၌ ထားနိုင်က သာ၍ ကောင်းပေသည်။ သို့သော် အရူးထောင် တံခါးကိုတော့ လုံလုံခြုံခြုံ ပိတ်ဆို့ သော့ခတ်ထားဖို့ လိုပေလိမ့်မည်။

“ကြားနေရေး တတိယ အုပ်စု” ဂိုဏ်းကြီး အတွင်းမှ အနုပညာသက်သက် သတ္တဝါများကို ဤကဲ့သို့ ရှင်းလင်းပြီး နောက်တွင် ဇာစ်မြစ် နှင့် အကြောင်းရင်းကို ရိုးသားစွာ ဘာမျှ မသိရှာကြသေးသဖြင့် “ကြားနေရေး အုပ်စု ဂိုဏ်းထဲ၌ ကျရောက်နေသူများ အား စိတ်ရှည်လက်ရှည် နှင့် ရှင်းပြရန် လိုအပ်ပေလိမ့်မည်။ သည်းညည်းခံ၍ သဘောပေါက်အောင် ဆွေးနွေးပေးဖို့ လိုအပ်ပေလိမ့်မည်။ တနေ့တခြား ပြင်းထန်သည်ထက် ပြင်းထန် လာနေ ပြီ ဖြစ်သော လူ့ဘောင်အတွင်းမှ ပဋိပက္ခ၏ သဘောနှင့် သဘာဝ ကို ကောင်းစွာ သိရှိနားလည် လာကြသော တနေ့သ၌ ထိုကြားသမားများသည် သူတို့ရပ်တည်နေသော အရပ်နှင့် သက်ဆိုင်သော ဘက်ကို ရွေးချယ်လာ တတ်ကြမည်သာ ဖြစ်ပေသည်”

သို့သော် ယခု ဖြစ်ပွားနေသော ပဋိပက္ခကြီးသည် ဆရာဗန်းမော်တင်အောင် ကြုံခဲ့ရသည့် လူတန်းစား ပဋိပက္ခ ထက် ပို၍ ရှင်းလင်း ပြတ်သားသည့် ဓမ္မနှင့် အဓမ္မ ကြား တိုက်ပွဲကြီးပင် ဖြစ်ပေသည်။ ထိုကဲ့သို့သော ကလေး သူငယ် တဦးပင် သိနားလည်လောက်သည့် ပဋိပက္ခကြီးတွင် ကြားနေကြသူများကို တွေ့လာရပါက မည်သို့များ ပြောဆိုပေဦးမည် မသိ၊ သူ့အဖို့ ကြားနေရေး ဂိုဏ်သား သတ္တဝါ အားလုံးကို နှစ်ပိုင်းပင် ခွဲမနေတော့ဘဲ အရူး ထောင်သို့ တန်းပို့ရန် တိုက်တွန်း နှိုးဆော် ပေဦးတော့မည်သာ ဖြစ်ပေသည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soe Wai