မြန်မာနိုင်ငံမှာ ပထမဆုံး တိပိဋကစာမေးပွဲ အောင်မြင်ခဲ့သူ အရှင်ပညာသာရ

မြန်မာနိုင်ငံမှာ ပထမဆုံး တိပိဋကစာမေးပွဲ အောင်မြင်ခဲ့သူ အရှင်ပညာသာရ

အရှင်ပညာရသည် ပဲခူးတိုင်း သာယာဝတီမြို့နယ် သုံးဆယ်မြို့ သစ်ရာကုန်းဇာတိဖြစ်ပါသည်။ သုံးဆယ်မြို့ မောင်းထောင်ကျောင်းတိုက်မှ ၁၃၀ဝပြည့်နှစ်တွင် လူဝတ်ဘဝဖြင့် ပထမငယ်တန်းကို အောင်မြင်ခဲ့ပါသည်။

ပထမငယ်အောင်ပြီး ၁၃၀၁ခုမှာ မောင်းထောင်တိုက်ဆရာတော်ကြီးထံမှာ ရှင်သာမဏေပြုခဲ့၍ ခေတ္တသာနေကာ လူဝတ်လဲခဲ့ပါသည်။ ထို့နောက် ညောင်တုန်းမြို့ ရွှေဟင်္သာတောရကျောင်းတိုက်သို့ ရောက်ရှိလာကာ ဆရာတော့်ဒကာကို

ဆရာတော်မှတိုက်တွန်းသောကြောင့် ထိုဒကာမှ ရှင်ဒကာခံကာ ရှင်ပြုပေးခဲ့ပါသည်။ ထိုနှစ်၁၃၀၁ခုနှစ်မှာ ပထလတ်တန်း, ၁၃၀၂ခုနှစ်မှာ ပထမကြီးတန်းဖြေဆိုခဲ့သော်လည်း ဒုတိယကမ္ဘာစစ်ကြီးကြောင့် အောင်စာရင်းမထုတ်ပြန်နိုင်ပါ၍ အောင် မအောင် မသိရှိခဲ့ရပါပေ။

၁၃၀၄ခုနှစ်မှာ ရှင်ဒကာများမှပင် ဒကာခံကာ ရဟန်းဖြစ်ခဲ့ပါသည်။ ရဟန်းဖြစ်စမှာပင် ရွှေဟင်္သာတောရကျောင်းမှာ ကျင်းပသည့် ဝိနည်းစာပြန်ပွဲတွင် ဝိနည်းပါဠိတော်ငါးကျမ်းကို အထောက်အမလွတ် အာဂုံပြန်ဆိုနိုင်ခဲ့ပါသည်။

ထို့နောက် ပရိယတ္တိကို ရပ်တန့်ကာ ပဋိပတ္တိကို သထုံမြို့ မင်းကွန်းဇေတဝန်ဆရာတော်ကြီးထံ နည်းခံ၍ (၂)နှစ် အားထုတ်ခဲ့ပါသည်။၁၃၀၆ခုနှစ်မှာ ဖခင်၏ကျန်းမာရေးကြောင့် သုံးဆယ်သို့ပြန်လာကာ ဖခင်ကြီးကို အနီးကပ်ပြုစုဖို့ရာ ရဟန်းသိက္ခာချ၍

သာမဏေဘဝသို့ ပြောင်းလဲခဲ့ပါသည်။ ဖခင်ကြီးကိုပြုစုရင်း ဖခင်ကြီးကွယ်လွန်သွားသည့်အခါ ပင်ကိုယ်ကပင် နေက္ခမ္မဓာတ်ကြီးသူပီပီ သံဝေဂများစွာ ဖြစ်ခဲ့လေသည်။ ၁၃၀၇ခုနှစ်မှာ ရွှေဟင်္သာတောရသို့ ပြန်ရောက်လာပြီး ပထမရှင်ရဟန်းဒကာကပင် ဒုတိယအကြိမ် ရဟန်းဒကာခံ၍ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပြန်ပါသည်။

ဒုတိယအကြိမ် ရဟန်းဘဝရပြီးသောအခါ တရားအားထုတ်ရန် ရွှေဟင်္သာဆရာတော်ကြီးထံ ခွင့်ပန်ကာ ရန်ကုန်အင်းစိန်ရှိ မင်းကွန်းဇေတဝန်ကျောင်းတိုက်မှာ ခေတ္တမျှ တရားအားထုတ်၍ နာရဏီသိမ်ရှိရာ ပဲခူးတောထဲသို့ ဦးနန္ဒဝံသနှင့်အတူကြွရောက်ကာ တဲကျောင်းလေး၌ တရားအားထုတ်တော်မူခဲ့ပါသည်။

၁၃၁၀ခုနှစ် ပထမအကြိမ် တိပိဋကစာပြန်ပွဲ ကျင်းပသောအခါ အောင်မြင်သူ တစ်ပါးမျှ မရှိခဲ့ပါချေ။ ထိုစဉ်က တိပိဋကစာမေးပွဲကို ဦးဆောင်ကျင်းပသည့် ဆာဦးသွင်ဦးဆောင်သော ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်တွင် အဖွဲ့ဝင်အဖြစ်

အရှင်ပညာသာရ၏ရဟန်းဒကာ ဦးပွင့်ကောင်းမှ ဆောင်ရွက်ခဲ့ပါသည်။ ဦးပွင့်ကောင်း၏ “မိမိ၏ရဟန်းတော် အရှင်ပညာရသည် ဝိနည်းငါးကျမ်းကို ရဟန်းဖြစ်ကတည်းက အာဂုံဆောင်နိုင်ခဲ့သည် ”ဟူသော သတင်းပေးချက်အရ သမ္မတ ဝန်ကြီးချုပ် ဆာဦးသွင်တို့မှ

အပင့်ခိုင်းသဖြင့် ဦးပွင့်ကောင်းသည် ပဲခူးတောထဲသို့ ဂျစ်ကားဖြင့်လာရောက်ပြီး ပင့်ဆောင်ခဲ့လေသည်။ ပရိယတ္တိကို ဖြတ်၍ ပဋိပတ္တိကိုသာ ကြိုးစားရန် အဓိဋ္ဌာန်ပြီးဖြစ်၍ စာမပြန်လိုသော်လည်း ရဟန်းဒကာနှင့် အတူနေဦးနန္ဒဝံသကပါ ဝိုင်းဝန်းပြောဆိုပေးသောကြောင့် ရန်ကုန်သို့ လိုက်ပါခဲ့ရပါသည်။

ရန်ကုန်ရောက်လာသော အရှင်ပညာသာရကို သမ္မတအမှူးပြု ဆာဦးသွင်တို့အဖွဲ့မှ ခရီးဦးကြိုဆိုကာ ဖလ်ယဉ်ဓမ္မာရုံမြေနေရာဝယ် ဆောက်လုပ်ထားသည့် မဏ္ဍပ်တွင်းရှိ ပလ္လင်ပေါ်သို့ ပင့်ဆောင်ဖူးမြော်ခဲ့ကြပါသည်။

ထို့နောက် ဆာသွင် သမ္မတကြီးနှင့်တကွ

ကျန်ခေါင်းဆောင်များမှ ပရိယတ္တိမလုပ်တော့ဘူးဟု ဆုံးဖြတ်ထားပါသော အရှင်ပညာသာရကို အထပ်ထပ်အခါခါ စာပြန်ပွဲဝင်ဖို့ရန် (ဤနှစ်မှာ အောင်မြင်သူမရှိပါက နောင်နှစ်တွင် စာပြန်ပွဲ ဖျက်သိမ်းတော့မည် စသည်) တိုက်တွန်းပါသော်လည်း

အရာမထင်ခဲ့ပါပေ။ ရဟန်းဒကာကြီးမှ အနူးညွတ် တောင်းပန်ပါမှ “ ဒီတစ်ခါတော့ ဝင်ပြန်ဆိုပေးမည်။ နောက်ထပ် ဘာအကြောင်းကြောင့်မှ ပြန်ဆိုဖို့ မခိုင်းပါနှင့်” ဟု မိန့်ကြားကာ ရက်(၅၀)မျှ ကျင်းပဖို့ရန် လိုတော့သော စာပြန်ပွဲကို လက်ခံခဲ့လေသည်။

ပထမဆုံး ဝိသိဋ္ဌဝိနယဓရထို့နောက် အရှင်ပညာရသည် မဟာစည်သာသနာ့ရိပ်သာမှ ဗဟန်းညောင်တုန်းကျောင်းတိုက် ဆရာတော် ဦးဓမ္မသေနထံ (၇)ရက် စာလိုက်ခဲ့၍ မဟာစည်ဆရာတော်ကြီးထံ(၂၁)ရက် စာလိုက်ပြီး မေးမြန်းခြင်း

မှတ်သားခြင်းတို့ဖြင့် စာလိုက်ခြင်းကိစ္စ ပြီးဆုံးသောအခါ စတင်၍ စာကျက်ခဲ့ပါသည်။ ဣရိယာပထလေးဖြာ အချိန်ကိုက်စေကာ အသံမထွက် စိတ်နှင့်သာ စာကျက်ခဲ့လာရာ ဒုတိယအကြိမ် တိပိဋကစာပြန်ပွဲကြီးသို့ပင် ရောက်ရှိလာခဲ့ပေသည်။

၁၃၁၁ခုနှစ် ပြာဆိုလဆန်း (၇)ရက်နေ့မှစတင်၍ ကျင်းပသော ဒုတိယအကြိမ် တိပိဋကရွေးခြယ်ရေး စာမေးပွဲတွင် ဝိနည်းပိဋကအာဂုံပြန်(၃)ပါး, ဒီဃနိကာယ်ပြန်(၁)ပါး, အဘိဓမ္မာပြန်(၁)ပါးအားဖြင့် ပိဋကသုံးပုံစုံလင်စွာ

ပြန်ဆိုသူ(၅)ပါးအနက် သက်တော်(၂၆)နှစ်ရှိ အရှင်ပညာသာရတစ်ပါးတည်းသာ ဝိနည်းငါးကျမ်းကို အထူးဖြင့်အောင်မြင်ခဲ့ပါ၍ “ ဝိသိဋ္ဌဝိနယဓရဘွဲ့” ကို ပထမဆုံး ရရှိတော်မူခဲ့လေသည်။မဟာဂန္ဓာရုံကျောင်းဒုတိယကမ္ဘာစစ်အတွင်းဖြစ်၍

ရောင်စုံသူပုန်များ သောင်းကျန်းနေသောကြောင့် ဦးပွင့်ကောင်း၏ တောင်းပန်ချက်အရ ပဲခူးတောထဲသို့ မကြွဖြစ်တော့ဘဲ ဆိတ်ငြိမ်သည့်မြေနေရာမှာ ဦးပွင့်ကောင်း ဆောက်လုပ်လှူဒါန်းသည့် သစ်သားကျောင်းလေး၌ သီတင်းသုံးတော်မူခဲ့လေသည်။

ထိုကျောင်း၏ အမည်မှာ “ (အပြည်ပြည်ဆိုင်ရာ) မဟာဂန္ဓာရုံ” ဖြစ်လေသည်။မင်းကွန်းဆရာတော်ကြီး၏ မိန့်စကားတော်အရှင်ပညာသာရနှင့်စပ်လျဉ်း၍ မင်းကွန်းဆရာတော်ကြီး၏ မိန့်ကြားချက်မှာ—-“ ဘုန်းကြီးတို့ တိပိဋကဓရဖြစ်ရတာ ဦးပညာသာရကြောင့်ဘဲ။

ဦးပညာသာရ တိပိဋကစာပြန်ပွဲမှာ ဝင်ပြန်မပေးရင် အဲဒီနှစ်ကတည်းက စာပြန်ပွဲကြီးကို ဖျက်ပစ်လိုက်ရမှာဘဲ။ ဦးပညာသာရ ဝင်ရောက်ဖြေဆိုရာမှာ အောင်မြင်သွားလို့ စာမေးပွဲကြီး ဆက်လက်ကျင်းပနိုင်ပြီး တိပိဋကဓရပုဂ္ဂိုလ်များနဲ့

အခြားနှစ်ပုံအောင် တစ်ပုံအောင်ပုဂ္ဂိုလ်တွေ ပေါ်ထွက်လာရတာပ။ ဦးပညာသာရဟာ ပိဋကသုံးပုံ မပြန်ဆိုသော်လည်း ပိဋကသုံးပုံပြန်နိုင်တဲ့ လမ်းကြောင်းကြီးကိုတော့ သူက ဖောက်ပေးသွားဘဲ” ဟူ၍ ဖြစ်ပေသည်။

( ရွှေရတု တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသရေးသား “ ပထမ ပုဂ္ဂိုလ်ထူးများ ပထမတွဲ” စာအုပ်မှ အကျဉ်းချုပ်ကောက်နှုတ်ကာ မျှဝေပေးပါသည်။ )

Crd-Original Post