မုန်းနေသူကိုချစ်စေလိုလျှင်

အရှင်ဘုရား၊တပည့်တော်ကို လူတစ်ယောက်ကမုန်းနေပါတယ်၊ အဲဒါပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ၊ နည်းလမ်းရှိပါသလားဘုရား။ အဲဒီလူကအရင်ကတော့ တပည့်တော်ကိုချစ်နှစ်သက်ပါတယ်။ အခုမှမုန်းသွားတယ်ထင်တယ်၊ နည်းလမ်းရှိတယ်ဆိုရင် ကူညီပါအုံးဘုရား။ ဒါကရန်ကုန်ကဒါယကာမတစ်ယောက်က ပြောပြအကူအညီတောင်းတဲ့စကားလေးပါ၊

လောကမှာလူတိုင်းလူတိုင်းအတွက် ကိုယ့်ကိုမုန်းတဲ့ရန်သူတွေ၊ ချစ်ခင်ပြီးမှစိမ်းကားရက်စက်သွားသူတွေ၊ ကိုယ်ကြီးပွားအောင်မြင်ကျော်ကြားနေတာကို မနာလိုသူတွေနဲ့ စီးပွားပြိုင်ဘက်အချင်းချင်း ပြိုင်ဘက်ကိုမကောင်းကြံပြီးအနိုင်ယူတာတွေ အားလုံးဟာမကြုံချင်လည်းကြုံရ၊ မဆုံချင်လည်းဆုံရတဲ့ လူ့ဘဝထဲကအဖြစ်အပျက်တွေပဲမဟုတ်လား။

စာရေးသူကဖြေလိုက်တယ်။ အော်ရှိပါတယ်၊ ဗေဒင်ယတြာတွေ အင်းအိုင်ခလှဲ့တွေတော့မတတ်ပါဘူး၊ ဒါပေမယ့်ဘုရားဟောထားတဲ့ နည်းလမ်းကိုပြောပြပါ့မယ်။ လူတော်တော်များများ အဆင်ပြေသွားကြတာဆိုတော့ ဒကာမလေးလဲပြေလည်နိုင်မယ်လို့ထင်တယ်။ ယုံယုံကြည်ကြည်နဲ့ ပြောပြထားတဲ့အစီအစဉ်အတိုင်းလုပ်ရင် တကယ်ပဲအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။

ဒကာမလေးကိုအကြောင်းပြုပြီး အားလုံးကိုသိစေချင်လို့ ဒီကနေပဲဖြေပေးလိုက်ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနည်းလမ်းကို နှလုံးသားအတွက်သက်သက်သာမဟုတ်ပဲ ကျန်တဲ့စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးစတာတွေမှာ နားလည်မှုလွဲပြီးစိတ်ဝမ်းကွဲနေရင်ဖြစ်စေ ရန်သူတွေလိုဆက်ဆံနေရရင်ဖြစ်စေ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းအချင်းချင်း မညီညွတ်ပဲစိတ်ညစ်သောကရောက်နေရင်ဖြစ်စေ အသုံးပြုနိုင်ပါတယ်။

ကဲကောင်းပါပြီ။ အောက်မှာဖော်ပြမယ့် နည်းလမ်းလေးကိုပေးလိုက်တာ (၁၅)ရက်တောင်မကြာလိုက်ဘူး။ အဲဒီဒကာမလေးဆီက ဖုန်းဆက်ပြောပြပါတယ်။ အရှင်ဘုရားအဆင်ပြေသွားပါပြီ၊ ကျေးဇူးအများကြီးတင်ပါတယ်။ တပည့်တော်ပြောတဲ့လူတစ်ယောက်ဆိုတာ အရှင်ဘုရားဒကာကြီးပါ။ သူကအိမ်ကိုပြန်မလာတော့လို့ အကူအညီတောင်းရတာပါတဲ့။

တကယ်တော့ဒီနည်းလမ်းကိုအသုံးပြုရင် ကိုယ့်အပေါ်မကောင်းကြံထားသူတွေတောင် လာပြီးဒူးထောက်တောင်းပန်တာမျိုးတွေ ရှိခဲ့ဖူးတယ်လို့ဆိုပါတယ်။ ဒါကြောင့်စာဖတ်ပရိသတ်များ သေသေချာချာမှတ်သားပြီး အကျိုးရှိရှိအသုံးပြုစေချင်ပါတယ်။

အစီအစဉ်များ၊ (၁) ဘုရားစင်ရှေ့မှာ သန့်စင်တဲ့ ဖန်ခွက်တစ်ခွက်ထဲကို သောက်ရေသန့်သန့်အပြည့်နီးပါးထည့်ပါ။ (၂) ပြီးတာနဲ့ကျောက်ခဲသေးသေးတစ်လုံးကိုဆေးကြောပြီး ဖန်ခွက်ထဲထည့်ရပါမည်။

(၃) ကိုယ့်ကိုမုန်းနေသူ မချစ်မနှစ်သက်သူကို ဓာတ်ပုံရှိကဓာတ်ပုံကို ဖန်ခွက်ဘေးမှာထောင်ထားရပါမယ်။ ဓာတ်ပုံမရှိလဲ သူ့ပုံရိပ်ကိုအာရုံပြုပြီး ပွားများနိုင်ပါတယ်။ တစ်ခါမှမမြင်ဘူးသူတစ်ယောက်ကိုပို့လိုရင်တော့ သူ့နာမည်ကိုပါးစပ်ကရွတ်ဆိုပြီးပို့နိုင်ပါတယ်။

ဆိုကြပါစို့၊မောင်ကျော်ကို ဥပမာအနေနဲ့ပို့ကြည့်ရအောင်။ ကဲမောင်ကျော်၊ မင်းကငါ့အပေါ်မုန်းတီးနေပေမယ့် ငါကတော့မေတ္တာမပျက်ချစ်ခင်နေလျက်ပါ။ ဒါကြောင့်မင်းအမုန်းတွေပြေပျောက်ပြီး ငါ့အပေါ်ချစ်ခင်စေချင်ပါတယ်။ ရေထဲမှာရှိတဲ့ကျောက်ခဲလေးဟာအေးမြနေသလို အခုမင်းကိုအေးမြတဲ့ရေထဲမှာစိမ်ထားလိုက်ပြီ။

မင်းရဲ့ဒေါသတွေပြေပျောက်ပြီး စိတ်ရောလူရောအေးချမ်းလာပြီး ငါ့အပေါ်မေတ္တာသက်ဝင်လာပါစေ။ ငါကတော့မင်းကိုအပြစ်မမြင်ပါဘူး၊ ဆက်လက်ချစ်ခင်နေမှာပါ။ လက်ထပ်ထားသူဖြစ်က အရင်လိုချစ်ခင်ပါစေ စသည်ဖြင့်ပါးစပ်က ရွတ်ဆိုရပါမယ်။

ကျောက်ခဲလေးကို လူအမှတ်နဲ့အာရုံပြုနိုင်အောင်ကြိုးစားပြီး တစ်နေ့နှစ်ကြိမ်သုံးကြိမ်လောက်ပို့ရပါမယ်။ အကြိမ်များစွာဆိုရင်တော့ အကောင်းဆုံးပေါ့။ (၄) တစ်ဦးတစ်ယောက်အပေါ် ရည်စူးမေတ္တာပို့ပြီးရင်တော့ သတ္တဝါအားလုံးနဲ့ နတ်ဗြဟ္မာတွေကိုတိုင်တည်ပြီး မေတ္တာပို့အမျှဝေရပါမယ်။

နည်းလမ်းလေးကတော့ဒီလောက်ပါပဲ။ မြန်မာနိုင်ငံသာသနာ့သမိုင်းမှာ မေတ္တာအရာမှာထင်ရှားကျော်ကြားတဲ့ တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရကိုယ်တော်တိုင် ပေးသနားထားခဲ့တဲ့အတွက် ယုံယုံကြည်ကြည်အသုံးပြုပြီး မုန်းသူမနာလိုသူရန်သူအားလုံးကို ချစ်ခင်ကြင်နာနိုင်ပါစေ။

မှတ်ချက် = ကိုယ်ကအမုန်းခံနေရမှ အသုံးပြုသင့်ပါတယ်။ ကိုယ်ကမုန်းနေသူဆိုရင်တော့ အချိန်ယူပြီးပွားများမှ သက်ရောက်ပါလိမ့်မယ်။ မေတ္တာဖြင့်လူအားလုံး ငြိမ်းအေးနိုင်ကြပါစေ။

Credit to အရှင်သုနန္ဒာလင်္ကာရ (ပန်းကမ္ဘာ)