အခြေခံပြည်သူလူထု အခက်တွေ့စေတဲ့ ကုန်ဈေးနှုန်း၊စက်သုံးဆီဈေး ကြီးမြင့်မှု ဂယက်

မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့တာကြောင့် အဓိကတင်သွင်းကုန်တွေ ဈေးတက်နေပြီး စက်ဆီကနေ စားဆီအထိ အခြေခံကုန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲနေရတဲ့ ပြည်သူအများစု အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ နောက်ဆုံးအပတ်မှာ အမေရိကန်ဒေါ်လာဈေးထိုးတက်ခဲ့ပြီး တဒေါ်လာကို ကျပ် ၂,၇၀၀ အထိ စံချိန်တင် တက်သွားခဲ့ပါတယ်။

အထူးသဖြင့် နိုင်ငံခြားကနေ တင်သွင်းရတဲ့ လောင်စာဆီနဲ့ စားသုံးဆီဈေးတွေ ထက်ဝက်နီးပါး ဈေး တက်သွားခဲ့ပါတယ်။

စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုတွေကြောင့် အငှားယာဉ်မောင်းလုပ်ကိုင်နေတဲ့သူတွေ ဝင်ငွေ သိသိသာသာ ထိခိုက်ခဲ့ရပါတယ်။တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ အငှားယာဉ်မောင်းသမားဖြစ်သူ ဦးဇင်ဖြိုးဟာ နေ့စဉ်ကားပိုင်ရှင်ကို ပေးသွင်းရတဲ့ အုံနာခနဲ့ ဆီဈေးကြီးမြင့်မှုတွေကြောင့် မိသားစုစီးပွားရေး ထိခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“အုံနာခက တစ်နေ့ကို ခုနှစ်ထောင်ပေးရတယ်။အရင်က တစ်သောင်းပေးရတာ။ ကိုဗစ်ကာလ ခရီးသည်တွေမရတဲ့တည်းက ခုနှစ်ထောင်ကို လျှော့ပေးထားတာ။အခုလည်း ဆီဈေးကြီးတာနဲ့ အရင်လို ကားငှားစီးမယ့်လူ နည်းသွားတာနဲ့ ဆိုတော့ အုံနာခလျှော့ပေးလည်း မကိုက်ပါဘူး။တနေ့တနေ့ကို ဆီဖိုးနဲ့ အုံနာခတောင် မနည်းရှာနေရတယ်။” လို့ သူက ပြောပါတယ်။

မိသားစုဝင်လေးဦးရှိတဲ့ သူတို့အိမ်မှာ အငှားယာဉ်မောင်းကရတဲ့ ဝင်ငွေတစ်ခုတည်းနဲ့ရပ်တည်နေရတာပါ။ သားတစ်ယောက်၊သမီးတစ်ယောက်ကလည်း ကျောင်းသားအရွယ်သာ ရှိသေးတာကြောင့် ဝင်ငွေရတဲ့ အလုပ်ကို မလုပ်နိုင်သေးပါဘူး။

“လကုန်ပြီဆိုရင် အိမ်ငှားခက ပေးရဦးမယ်။အခုလို အစစအရာရာ အဆင်မပြေ ရှားပါးနေတဲ့ အချိန်တွေ အမြန်ပြီးဆုံးနေချင်ပြီဗျာ။ “လို့ သူက ဆိုပါတယ်။

နိုင်ငံရေးအပြောင်းအလဲ မဖြစ်ပေါ်မီကာလက ဓာတ်ဆီတလီတာ ကျပ် ၆၀၀ကျော်ဝန်းကျင်ကနေ အခုချိန်မှာ ၁,၅၀၀ ကျော်ထိ တက်သွားတာကြောင့် အငှားယာဉ်မောင်းလုပ်ကိုင်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

“ဆီဈေးတက်ပေမယ့် ငှားစီးတဲ့ ခရီးသည်တွေကကျ သွားနေကျအတိုင်းပဲ ပေးတာ။တချို့ကျ နားလည်ပြီး အရင်ထက် တစ်ထောင်လောက် တိုးပေးတာရှိပါတယ်။ငှားစီးတဲ့သူတွေကလည်း မဖြစ်သာလို့သာ စီးနေကြရတာ။သူတို့လည်း အလုပ်အကိုင်တွေက ကောင်းတာမဟုတ်ပါဘူး။အားလုံးက ဒီကာလမှာ ခက်ခဲနေကြတာပါပဲ။”

အထွေထွေ ကုန်ဈေးနှုန်းတွေကို ထိန်းထားနိုင်ဖို့အတွက် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ စက်သုံးဆီ၊ တင်သွင်းဖြန့်ဖြူးရေးအသင်းတို့ ပူးပေါင်းပြီး စက်တင်ဘာ ၂၂ ရက်ကစလို့ စက်သုံးဆီကို ပြင်ပဈေးထက်နည်းတဲ့နှုန်းနဲ့ ရောင်းချပေးနေပေမယ့် ပြင်ပဈေးကွက်မှာ ဓာတ်ဆီတလီတာကို ငွေကျပ် ၁၅၀၀ ဝန်းကျင်ထိ ရှိနေတာ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဲ့ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များ အသင်းတို့ရဲ့ ပူးပေါင်းစီစဉ်မှုနဲ့ ရန်ကုန်တိုင်းအတွင်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၃၇၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၃၈၀၀၀ ကျော်ကို လေးရက်အတွင်း ရောင်းချပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၃၇၀၀ ကျပ်နှုန်းနဲ့ စက်တင်ဘာ၂၀ ရက်နေ့မှ စတင်ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ဒီလိုရောင်းချရာမှာ ရပ်ကွက်များအတွင်းသို့ ဈေးကားများနဲ့ လှည့်လည်ရောင်းချ ပေးလျှက်ရှိပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေတာကြောင့် စားသုံးဆီဈေးနှုန်း အဆမတန် လိုက်ပါမြင့်တက်ခြင်း မရှိစေအောင် ဗဟိုဘဏ်က စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို တိုက်ရိုက် ရောင်းချပေးခဲ့တဲ့ နိုင်ငံခြားငွေနဲ့ ညီမျှတဲ့ စားအုန်းဆီတွေကို လက်ကားဈေး တစ်ပိဿာလျှင် ၃၇၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

ဒီလို ရောင်းချရာမှာ လက်လီလက်ကား တစ်ဆင့်ပြန်လည် ရောင်းချသူတွေအနေနဲ့ အကျိုးအမြတ် ၂ ရာခိုင်နှုန်းထက်မပိုဘဲ စားသုံးသူပြည်သူကို ပြန်လည်ရောင်းချရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ၃၀ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်တွင်းမှာ ဒေါ်လာဈေးမြင့်တက်နေတာကို ဖြေရှင်းဖို့အတွက် ဗဟိုဘဏ်ကနေ ဒေါ်လာတွေ ထုတ်ရောင်း ပေးနေပေမယ့် လိုအပ်သလောက် ဖြည့်ဆည်းမပေးနိုင်သေးဘူးလို့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားထားပါတယ်။

ဒါ့အပြင်စက်တင်ဘာလ ၃ ရက်နေ့မှာလည်း ပို့ကုန်ရငွေတွေထဲက မသုံးတဲ့ နိုင်ငံခြားငွေကို လေးလအတွင်း ဘဏ်တွေကို မဖြစ်မနေ ပြန်ရောင်းဖို့ ဗဟိုဘဏ်က အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ စီးပွားရေး အထိခိုက်ဆုံး နိုင်ငံတွေထဲမှာပါပြီး အလုပ်လက်မဲ့နှုန်းနဲ့ ဆင်းရဲနွမ်းပါးသူတွေ ပိုများလာပြီး နိုင်ငံ့ စီးပွားရေးကလည်း ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

Myanma Platform