ဗုဒ္ဓဘာသာဝင် ရွှေမြန်မာတို့ သိထားသင့်တဲ့ ဘုရားဆွမ်းတော် အမှန်ကပ်လှူနည်း

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ အိမ်တိုင်းမှာ မိမိတို့ယုံကြည်ကိုးကွယ်ရာ မြတ်စွာဘုရားကျောင်းဆောင်လေးတွေ ရှိကြပါတယ်…ဗုဒ္ဓဘာသာဝင်အပေါင်းတို့ဟာ နံနက်ဆို သောက်တော်ရေချမ်းလဲ၊ ဘုရားပန်းလဲ၊ ဆွမ်းတော်ကပ် စသဖြင့်

လှူဒါန်းပူဇော်မှုတွေ လုပ်ကြပြီး ဘုရားရှိခိုးကြတာ ဓလေ့တစ်ခုပါ…ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်တို့ ဘုရားဆွမ်းတော်ကပ်ရာမှာ သတိမထားမိတဲ့ အမှားလေးတွေ ရှိကြပါတယ်…စေတနာသဒ္ဓါတရားထက်သန်ပေမဲ့ မမှားသင့်တဲ့ အမှားလေးတွေမို့

ရှောင်ကြဉ်သတိထားပြီး ဆွမ်းတော်ကပ်မယ်ဆို ပိုပြီးတော့ ကုသိုလ်ရနိုင်တာကြောင့် ဒီစာလေးကို မျှဝေလိုက်ပါတယ်…ဘုရားဆွမ်းတော်ကပ်ရင် ဘယ်လိုကပ်ရလဲဆိုတာ အောက်မှာ ဆက်ဖတ်ကြည့်ပါ….

ဗုဒ္ဓဘာသာအများရဲ့ အလွဲတွေထဲက နောက်ထပ်အလွဲတစ်ခုက ဘုရားဆွမ်းတော် ကပ်တာလေးပါ။ နတ်တင်သလိုမျိုး ဘုရားဆွမ်းတော်တင်တာမျိုး မဟုတ်ပါဘူး။ ဆွမ်းတော်ကပ်ရင် သက်ရှိထင်ရှား ဘုရားရှင်ကို ရည်ရွယ်အာရုံပြုပြီး ကပ်ဖို့လိုပါတယ်။

ဗုဒ္ဓဘာသာဝင် အချို့ရဲ့ အိမ်မှာဘုရားဆွမ်းတော် ကပ်တာလေးတွေ တွေ့ဖူးပါတယ်။ ထမင်းပန်းကန်လေးပေါ်မှာ သကြားလေးဖြူ၊ ထန်းလျှက်လေးနဲ့ တင်ထားတာကိုပါ။ အိမ်မှာ စားစရာမရှိလို့၊ သူတို့ကိုယ်တိုင် ဒီသကြား၊

ထန်းလျက်တွေနဲ့ စားနေရလို့ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ကိုယ်စားနိုင်တာ၊ ကိုယ်ရှိတာလေးနဲ့ ကိုယ်နဲ့ထပ်တူထားပြီး ဘုရားရှင်ကိုလည်း မရှိရှိတာ ကပ်တဲ့သဘောပါ။ခုဟာက အဲလိုမဟုတ်ပါဘူး။ မကပ်နိုင်လို့ မဟုတ်ပါဘူး။

ကိုယ်စားတဲ့အခါ ဟင်းသုံးလေးမျိုးနဲ့ စားနေပြီး ဘုရားဆွမ်းတော် ကပ်တဲ့အခါမှာသာ အဲလိုတင်တာပါ။ တမင်တကာ ရည်ရွယ်ပြီး တင်တာတော့ မဟုတ်လောက်ပါဘူး။ မသိလို့ ဖြစ်မှာပါ။ဒီလိုပဲ တင်ရတယ်ထင်လို့ ထမင်းပန်းကန်လေးအပေါ်မှာ

သကြားထန်းလျက်လေး ပုံပြီးတင်တာ ဖြစ်မှာပါ။ရှေးအစဉ်လာကတည်းက ဒီလိုတင်ရတယ်လို့ သိနေခဲ့လို့ တင်တာလည်း ဖြစ်ကောင်းဖြစ်မှာပါ။ အဲဒီလို ပုံပြီးတင်တာဆိုရင်တော့ ဘုရားဆွမ်းတော်ကပ်တယ်လို့ ပြောလို့မရဘဲ နတ်တင်သလို တင်တယ်လို့ပဲ ပြောရပါလိမ့်မယ်။

ဗုဒ္ဓဘာသာ အချို့ရဲ့ ဘုရားကျောင်းဆောင် မှာ ဒီလိုနတ်တင်သလို ဘုရားဆွမ်းတော် တင်တာတွေ ခုချိန်ထိ ရှိနေပါသေးတယ်။တကယ်တော့ ဒီလိုမဖြစ်သင့်ပါဘူး။ ဆွမ်းတော်မတင်ဘဲ ဆွမ်းတော်ကပ်သင့်ပါတယ်။ ကပ်တယ်ဆိုကတည်းက

သက်တော်ထင်ရှား ဘုရားကို အာရုံပြုပြီး ဘုရားရှင်ကို အိမ်မှာပင့်ပြီး ကပ်သလိုမျိုး သေချာကျနစွာ ကပ်သင့်ပါတယ်။ နည်းတာများတာက အဓိကမကျပါဘူး။ဆွမ်းတော်ကို ဆွမ်း၊ ဆွမ်းဟင်းစသည် သီးသန့်စီပြင်ပြီး ကိုယ်စားသလိုမျိုး ဦးဦးဖျားဖျား ရိုရိုသေသေ ကပ်လှူသင့်ပါတယ်။

အများကြီး ဝိုင်းလိုက်ပြင်ပြီး ကပ်လှူဖို့မဟုတ်ပါဘူး။ ကိုယ်စားတဲ့အထဲက မစားခင် အဦးအဖျား လှူတဲ့သဘောနဲ့ စေတနာရှေ့ထားပြီး ကပ်လှူစေချင်တာပါ။ ကပ်ပြီးရင်လည်း မေ့မေ့ပျောက်ပျောက် မထားသင့်ပါဘူး။

နောက်နေ့ တစ်ခါကပ်ခါနီးမှ စွန့်ပြီးကပ်တာမျိုး မဖြစ်သင့်ပါဘူး။ သူ့အချိန်လေးနဲ့သူ ကပ်ပြီး စွန့်သင့်ပါတယ်။ အရုဏ်ကပ်ပြီး တစ်ခါစွန့် နေဆွမ်းမှာလည်း မွန်းမတည့်မီကပ်ပြီး မွန်းတည့်၁၂နာရီ မကျော်မီ စွန့်သင့်ပါတယ်။

ဆွမ်းမှမဟုတ်ပါဘူး။ တစ်ခြား ပန်း၊ သစ်သီး၊ သောက်တော်ရေ စတာတွေကိုလည်း သေသေချချာ ကျကျနန ပြင်ဆင်ကပ်သင့်ပါတယ်။သောက်တော်ရေကတော့ အချိန်ပြည့် ကပ်ထားလို့ ရပါတယ်။ ကပ်တဲ့ သောက်တော်ရေခွက်တော့

ကိုယ့်အိမ်မှာ ပုံမှန်သောက်နေတဲ့ သောက်ရေခွက် အနေအထားတော့ ရှိသင့်ပါတယ်။ တစ်ချို့ ဘုရားသောက်တော်ရေကို အရက်ခွက်အရွယ် အသေးလေးတွေနဲ့ တစ်နေကုန် တစ်ခါပဲ ကပ်တာတွေ ရှိပါသေးတယ်။

အလကား ရတဲ့ရေကိုတောင် နဲနဲသေးသေးလေးပဲ ကပ်တော့ ပြောစရာဖြစ်တာပေါ့။ကိုယ်ကိုယ်တိုင်လည်း အဲဒီလောက် သေးသေးလေးကို တစ်နေကုန်သောက်ပြီး နေနိုင်မနေနိုင် ဆင်ခြင်သင့်ပါတယ်။ ပန်းကပ်တာလည်း ရှိသေးတယ်။

ကြာကြာခံအောင်၊ နောက်မလဲရအောင် ဆိုပြီး ကပ်လှူကြတယ်လေ။ ဇော်စိမ်းဇော်ကြားတဲ့။ ကပ်ပြီးပန်းအိုးထဲမှာ အမြစ်ပါ ပေါက်လာတော့ ပိုခံတာပေါ့တဲ့။ အဲဒါဆိုလဲ ကပ်မနေနဲ့တော့ပေါ့။ ပန်းလည်းလှပြီး အနံ့အသက်ရှိတဲ့ ပန်းဆို ဘုရားရှင်ကို ပိုပြီးပူဇော်လို့ ကောင်းတာပေါ့။

ပြီးတော့ သစ်သီးကပ်တာတွေ ရှိပါသေးတယ်။ ဈေးသွား ငှက်ပျောသီး၊ သရက်သီး အစိမ်းအလုံး လှလှလေးတွေ ဝယ်လာပြီ ဘုရားကျောင်းဆောင် ပေါ်တင်ကပ်ထား၊ မှည့်တဲ့အခါကျတော့ စွန့်ပြီး ကိုယ်စားပစ်လိုက်တာတွေ ရှိပါတယ်။ ဒီတော့ ဘုရားကျောင်းဆောင် က သစ်သီးအုပ်တဲ့နေရာလို ဖြစ်နေပြန်ပါတယ်။

အဲဒီလို မဖြစ်သင့်ပါဘူး။ သစ်သီးအစိမ်းအလှတွေ ဝယ်လာလို့ ဘုရားကျောင်းဆောင်မှာ ကပ်လှူထားဖြစ်ရင်လည်း မှည့်တဲ့အခါမှာ သေချာကျကျနန ခွဲပြီးဇွန်းလေး၊ ခရင်းလေးတွေထည့်ကာ အချိန်ကာလကြည့်ပြီး ကပ်လှူသင့်ပါတယ်။

ဒါမှ သစ်သီးဆွမ်းကပ်ရာ ရောက်မှာပေ့ါ။ ခုတော့ အစိမ်းဝယ်တင်ထားပြီး ကိုယ်တော်အဆင်ပြေသလို ဘုဉ်းပေးဆိုတာမျိုး ဖြစ်နေပါတယ်။မထူးပါဘူး။ ဓားနဲ့ဇွန်းခရင်းပါတင်ပြီး မှည့်ရင်အရှင်ဘုရား ကိုယ်တိုင်ပဲ ခွဲစားပါဘုရားလို့ တစ်ခါတည်း ကပ်ထားလိုက်ပေါ့။

ပိုသက်သာတာပေါ့။ ထားပါလေ။ ပြောချင်တာက ဘာပဲကပ်ကပ် သက်တော်ထင်ရှား ဘုရားကို ရည်မှန်းပြီး ကိုယ်တတ်နိုင်သမျှကို နည်းသည်များသည်မဟုတ်ဘဲ သေချာကျကျနန ကိုယ်နဲ့ထပ်တူ စဉ်းစားကာ ဦးဦးဖျားဖျား ကပ်လှူကြဖို့ ပြောတာပါ။

ဘုရားရှင်ရဲ့ အလုပ်အကျွေး အရှင်အာနန္ဒာ မထေရ်လို့ပေါ့။ အရှင်အာနန္ဒာမထေရ်ဟာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး နောက်ပိုင်းမှာလည်း ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်တုန်းကလိုပဲ မပျက်မကွက် ပြင်ဆင်ကာ “အရှင်ဘုရား ဒီအချိုန်က

မျက်နှာသစ်ရေ သုံးဆောင်ရမယ့်အချိန်၊ ဒီအချိန်က အရုဏ်ဆွမ်းဘုဉ်းရမယ့် အချိန်၊ ဒီအချိန်က နေ့ဆွမ်းဘုဉ်းပေးရမယ့် အချိန်ပါဘုရား“ စသည်ဖြင့် သက်တော်ထင်ရှား ဘုရားရှင်ကို လုပ်ကျွေးနေတဲ့ ပုံစံအတိုင်း ကပ်လှူလုပ်ကျွေးတယ်လို့ ဆိုပါတယ်။

အရှင်အာနန္ဒာမထေရ်လောက် မလုပ်နိုင်ကြပေမယ့် ဗုဒ္ဓဘာသာများဟာ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာလေးနဲ့ ကိုယ်စားတဲ့အရာလေးတွေကို တတ်နိုင်သမျှ ကျကျနနပြင်ဆင်ကာ ရိုရိုသေသေ ကပ်လှူကြစေချင်တာပါ။

ဒါကြောင့်မို့ ဘုရားဆွမ်းတော်ကပ်တာကို နတ်တင်သလိုမျိုး ဖြစ်သလို မတင်ကြဘဲ နည်းများမဆို စေတနာ သဒ္ဓါတရားအပြည့်နဲ့ သေချာကျကျနန ပြင်ဆင်ကပ်လှူကြဖို့ အလွဲလေးတွေကို မလွဲအောင် သတိပေးတင်ပြခြင်း ဖြစ်ပါတယ်။

ခုဆိုရင် ဗုဒ္ဓဘာသာဝင် မြန်မာတို့လည်း ဘုရားဆွမ်းတော်ကပ်နည်းအမှန်လေးကို သိကြပြီ ထင်ပါတယ်…စေတနာသဒ္ဓါတရားထက်သန်တဲ့ ချစ်ပရိသတ်ကြီးတို့ ကုသိုလ်တွေအများကြီး ရကြပါစေနော်…တခြားသူတွေ သိအောင်လည်း မျှဝေနိုင်ပါတယ်…

Crd-Original Post