လာပြန်ပါပြီ နောက်တစ်မျိူး။ ဘုရားဖူးထွက်ကြသတဲ့

အလွန်အကျွံဆိုတာ ဘယ်အရာမှ မကောင်းပါဘူး ။ ဗုဒ္ဓဘာသာကို ဆွစ်ဇာလန်နိုင်ငံက အကောင်းဆုံးဘာသာဆုပေးတယ်ဆိုပြီး အလွန်အကျွံ မျှဝေကြတယ် ။ ဗုဒ္ဓဘာသာဝင်ဖြစ်ရတာ ဂုဏ်ယူစရာတဲ့ တချို့တင်ကြသေးတယ် ။

ဒီလိုဆိုရင် အခြားဘာသာဝင်တွေရဲ့ စိတ်ထဲမှာရော ဒီလိုအတွေးမျိူး မရှိဘူးလား ။ ရှိပါတယ် ။ အလ္လာရှင်မြတ်သည်သာ အားကိုးရာ တဲ့ ။ အစ္စလာမ်ဘာသာဝင်တွေ ပြောကြတယ် ။ ရေရှု့ခရစ်ကသာ လောကရဲ့ ဖန်ဆင်းရှင် အစစ်ဖြစ်တယ်တဲ့ ။ ကာလိမာကသာ စကြာဝဠာရဲ့ တန်ခိုးရှင်တဲ့ ။ ဘာသာအသီးသီးမှာ မိမိတို့ကိုးကွယ်ရာ ဘုရားရှင်သည်သာ အကောင်းဆုံးလို့

ယုံကြည်ထားကြတာပါ ။ ဒါဟာ အငြင်းအခုံလုပ်ရမယ့် ကိစ္စမဟုတ်ပါဘူး ။ လူတကာသိအောင် အွန်လိုင်းမှာ ခဏ ခဏ တင်မနေသင့်ဘူးလို့ ထင်ပါတယ် ။ ဘာ့ကြောင့်လည်းဆိုတော့ မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ ဘာသာစုံရှိပါတယ် ။ ” ငါ့ဘုရားသည်သာ အကောင်းဆုံး ” ဆိုတာက မိတ်ဆွေပျက်စေပါတယ် ။ မယုံလို့မရဘူးလားဆိုတော့ ယုံလို့ရပါတယ် ။

ရင်ထဲမှာထားပြီး ယုံနေပါဗျာ …၊ ဘယ်သူကမှ ဝေဖန်မှာမဟုတ်ပါဘူး ။ဘာသာဝင်အသီးသီးက ဘုရားရှင်အသီးသီးအပေါ်မှာ ယုံကြည်မှု့ကိုယ်စီရှိပေမယ့် ဗုဒ္ဓဘာသာဝင်အချို့ကတော့ အလွန်အကျွံဖြစ်နေသလိုပါပဲ ။

ဟော … ၊ ကြည့်လိုက်ဗျာ ။ စိတ်ထားကောင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေတဲ့ ။ သူတို့ကိုယ်သူတို့ တင်စားတာနော် ။ တိုင်းပြည်က ပျက်နေပြီ ။ အဲ့ဒီ စိတ်ထားကောင်းပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင်အချို့ကပဲ ဖျက်စီးနေတာပါ ။

စိတ်ထားကောင်းတယ်သာပြောတာ ၊ တိုင်းပြည်သံယံဇာတကို ရောင်းစားပြီး သားသမီးကို ကုမ္မဏီထောင်ပေးတာတော့ ငါးပါးသီလနဲ့ မဆိုင်သလိုနေကြပြန်ရောဗျာ ။ တိုင်းပြည်ကို မတရားသိမ်းပိုက်ချင်နေတာလည်း စိတ်ထားကောင်းတယ်ဆိုတဲ့ ဗုဒ္ဒဘာသာဝင်တွေပါပဲ ။

တိရိစ္ဆာန်တွေကို သတ်တာဟာ ပါနာတိပါတာကံထိုက်တယ်လို့ ဟောကြားခဲ့တာတောင် ၊ လူအရှင်လတ်လတ်ကို မီးရှို့သတ်တာ ၊ ငရဲမီးနဲ့ပက်တာတွေကလည်း စိတ်ထားကောင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေပါပဲ ။

လာပြန်ပါပြီ နောက်တစ်မျိူးခင်ဗျ ။ ဘုရားဖူးထွက်ကြသတဲ့ ။ နိုင်ငံတကာက အလွန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေလို့ သတ်မှတ်ခံထားရတဲ့ နိုင်ငံမှာ ဘုရားဖူးထွက်ကြသတဲ့ ။ အောင်မယ် ၊ ထမင်းထုပ်တွေ လမ်းဘေးထိုင်စား ၊ ကားတွေလမ်းဘေးမှာရပ်လို့ဗျ ။ ရွှေစက်တော်ဘုရားပွဲ သွားရတဲ့အချိန်များ ထင်နေကြသလား မသိပါဘူး ။ ပြောလိုက်မယ်ဗျာ …။

အသက်ကို ဥာဏ်စောင့်သတဲ့နော် ။ မျိူးဆက်သစ်တွေအတွက် အရှင်းလုပ်နေတဲ့အချိန်မှာ မကူညီချင်လည်း ငြိမ်ငြိမ်နေကြပါဗျာ ။

မြန်မာပြည်သားအချို့ လုပ်ပေါက်ဆိုးပုံတွေများ ၊ ခေတ်ဟောင်းမင်းသမီးကြီးလို ” ပြောကို မပြောချင်ဘူး ” ဆိုသလိုပါပဲ ။ ဒယ်အိုးဆရာတော် ငြိမ်နေလို့နော် ။ ဟိုခေတ်က ပြောထားတာလေး ပြန်အသိပေးမယ် ။

” ခင်ဗျားတို့တစ်တွေ ဘုရားဖူးထွက်တယ် ထွက်တယ်နဲ့ …၊ ကျိူက်ထီးရိုးဘုရား ၊ မဟာမုနိဘုရား ၊ ရွှေတိဂုံဘုရား ၊ ပုဂံဘုရား ..၊ အို စုံလို့ဗျာ ..၊ ဒီမယ် …၊ ကြိူက်တဲ့ဘုရားတွေ ကြိူက်သလိုသွားဖူး …၊ ခင်ဗျားတို့ရင်ထဲမှာ ဘုရားမပွင့်သရွေ့ ကုသိုလ်မရဘူး ” တဲ့ ။ မှတ်ကရော ။ အလွန်အကျွံတွေလေ ။

အာဆီယံက NUG နဲ့ ဆွေးနွေးတော့မယ် ။ အာဏာသိမ်းတာ ၈ လကျော် ။ ကမ္ဘာ့သံတမန်အရေးမှာ စစ်ဘက်ကရှုံးနေပြီ ။ ပြည်တွင်းမှာ ပြောက်ကျားက ကျားမှကျား ဖြစ်လာပြီ ။ ဒီတော့ …၊ ဆရာနှစ်ပါးကလည်း စိတ်ကုန်စပြုနေပြီဆိုတော့ ၊ ပြည်တွင်းမှာ ထိန်းနိုင်နေပါပြီလို့ ပြချင်နေတယ် ။ မအူမလည်လေးတွေကို ဘုရားဖူးထွက်ခိုင်းတယ် ။

သူတော်စင်ကိုအသုံးချတယ် ။ သူတော်စင်က လာပါမခေါ်ဘူး ။ သူ့နေရာမှာ သူနေတာ ။ သူတော်စင်ကို ဖောင်းထုအောင် စွဲခေါ်နေတာ ။ ဘာသာခြားကပါ ဝေဖန်လာရင် ဆင်တဲ့ဂွင်ဝင်ပြီ ။ နည်းပြအဟောင်းနဲ့ ကစားသမားအဟောင်း ၊ တိုက်ကွက်အဟောင်းတွေပါ ။ ခေတ်ကြီးက ” မော်လဝီနဲ့ယောဂီ ” ခေတ် မဟုတ်တော့ဘူး ။

ခေတ်လူငယ်တွေရဲ့အတွေးက ကိုယ့်ထက်သာတယ် ။

ခေတ်လူငယ်တွေတင် သာတာမဟုတ်ဘူး ။ ဘာသာရေးအလွန်အကျွံ မှိုင်းမမိတဲ့ လူကြီးတွေလည်း ရှိပါ့ဗျာ ။ ပြောပြပါဦးမယ် ။မင်းကွန်းဆရာတော်ကြီး ပျံလွတ်တော်မူခါစ ရက်ပိုင်းပေါ့ဗျာ ။ ကြည်ညိူသူတွေ မင်းကွန်းဘက်ကို ကားတတန် ၊ လှေတတန်နဲ့ သွားပြီး နောက်ဆုံးဖူးမျှော်ကြတာပေါ့ ။ တက်လာခါစ နဝတကလည်း ဘယ်အလွတ်ပေးမလဲဗျာ ။

ဘာသာရေးဘက်ကို အတင်းတွန်း ဝါဒဖျန့်တော့တာ ။ မန်းလေးမြို့အနီးအနားမှာ ကောင်းကင်ကိုမော့ကြည့်ပြီး လက်အုပ်ချီသူတွေလည်း မနည်းမနောဗျ ။ တချို့ဆို ကားရှုပ်တဲ့ ၈၄ လမ်းမလယ်ခေါင်မှာ ဒူးထောက်ထိုင် ၊ လက်အုပ်ချီပြီး ကောင်းကင်ကို မော့ကြည့်နေကြတာ ။ ” ရဟန္တာတွေ မင်းကွန်းဆရာတော်ကြီးကို သွားဖူးနေကြတာ ” တဲ့ ။ မှိုင်းတွေနော် ။

မှိုင်းစစ်စစ်တွေဗျ ။ ဟိုရပ်ကွက်သွားလည်း ကောင်းကင်ကိုမော့ကြည့် ၊ ဒီဘက်ရပ်ကွက်သွားလည်း ကောင်းကင်ကိုမော့ကြည့်နဲ့ ရဟန္တာ ဆိုက်ကိုတွေ ဖုံးနေတော့တာဗျာ ။

ရပ်ကွက်တစ်ခုရောက်တော့ ဦးရွှေ ဆိုတဲ့ လူကြီးနဲ့တွေ့တယ် ။ ကွန်မြူနစ်ဟောင်းကြီးပေါ့ ။ ဗုဒ္ဓဘာသာဝင်ပါပဲ ။ ပုတီးစိပ်တယ် ။ တရားထိုင်တယ် ။ အပိုမပြောဘူး ။

” မင်းကွန်းက အခုမှ ရဟန္တာဖြစ်မလား ၊ မဖြစ်ဘူးလား မသိရသေးပဲ ၊ ရဟန္တာစစ်စစ်တွေက လာဖူးပါ့မလား …၊ သူက သွားဖူးရမှာ ” တဲ့ ။

မင်းကွန်းဆရာတော်ကြီးကတော့ သူတော်စင်ပါ ။ ရဟန္တာဖြစ်မဖြစ်တော့ မသိပါဘူး ။ သူတော်စင်ကလည်း သူ ရဟန္တာပါလို့ ထုတ်မပြောဘူး ။ ပြဿနာက အရေးအခင်းပြီးခါစမှာ ဘာသာရေးဘက် လှည့်ကြအောင် တရုတ်က စွယ်တော်ပင့်တယ် ။ တို့အရေးအော်ခဲ့သူတွေ စွယ်တော်သွားဖူးကြတယ် ။ လက်ဝတ်ရတနာတွေ ကိုယ်ပေါ်ကနေ ချွတ်လှုကြတယ် ။

ဆင်တဲ့ဂွင် တန်းဝင်တာပေါ့ဗျာ ။ အကဲဆတ်တဲ့ ဘာသာရေးကိုး ။ ဘုန်းမော်လည်းမေ့ကြ ၊ ဝင်းမော်ဦးလည်း မေ့ကြ ၊ တောခို လက်နက်ကိုင်တဲ့ ကျောင်းသားတွေလည်း မေ့ကြနဲ့ ။ အာဏာရှင်ကတော့ ပြုံးပြုံးကြီးပေါ့ဗျာ ။

ဟောအခု တဆင့်တိုးလာပြန်ပြီ ။ မဟာမြိုင်ဆရာတော်ကြီး ဆွမ်းခံကြွတာ မြေကြီးနဲ့ ခြေထောက်နဲ့ မထိဘူးတဲ့ ။ စာရေးသူ ပြောချင်တာကတော့ ” သူတော်စင်ကို အသုံးချခံ မလုပ်ကြပါနဲ့ ” လို့ပဲ ပြောချင်သဗျ ။ ခေတ်အဆက်ဆက်မှာ ဘာသာရေးကို ဒီလိုအသုံးချခဲ့လို့လည်း တိုင်းမဂ္ဂဇင်းမှာ အစွန်းရောက် ဗုဒ္ဓဘာသာဘုန်းကြီးဆိုပြီး ကမ္ဘာကို အသိပေးခံခဲ့ရတာဗျ ။

အလွန်အကျွံတွေအတွက် မဆီမဆိုင်တွေက ဓားစာခံဖြစ်ရတာကိုး ။

အဆုံးသတ်မယ်ဗျာ ။ ပညာသင်တယ်ဆိုတာ အတန်းလိုက် တဆင့်စီတက်ရတာဗျ ။ နောက်ဆုံးမှာ ဘွဲ့ရတယ်ဆိုပါတော့ ။ ဒီလိုပဲဗျာ ။ အဏာရှင်ကို အမြစ်နုတ်ဖို့က တဆင့်စီတက်နေရတဲ့အချိန်မှာ ကျိုက်ထီးရိုးသွားချင်လို့လည်း မရသေးဘူး ။ ပုဂံဘုရားတွေ ဖူးချင်လို့လည်း မရသေးဘူး ။ ဘွဲ့ရတဲ့အထိ သင်ရဦးမှာ ။ ဘွဲ့ရမှ အိမ်ထောင်ပြုပေါ့ဗျာ ။


ကုလကတော့ ဘုရားဖူးပြည်သူတွေကို သတိပေးထားတယ် ။ ပြဿနာ ၃ မျိူး နဲ့ နိုင်ငံဟာ သိပ်ကိုစိုးရိမ်စရာကောင်းနေသတဲ့ ။ အာဏာသိမ်းတာရယ် ၊ စီးပွားရေးနဲ့စားဝတ်နေရေးရယ် ၊ ကိုဗစ်ကပ်ရောဂါရယ် ဒုက္ခ ၃ မျိူး ကြုံတွေ့နေရတဲ့နိုင်ငံတဲ့ ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဂုဏ်ယူရမယ့်စိတ်ထားက စာနာစိတ်ဗျ ။ စာနာစိတ်ပါ ။ အဆင်ပြေနေလို့ ဘုရားဖူးထွက်ချင်နေရင် ဒုက္ခရောက်နေသူတွေကို စာနာကြည့်လိုက်ပါ ။ နိဗ္ဗာန်အထိ ရောက်မယ့် စိတ်ထားပေါ့ဗျာ ။ ဒါပါဘဲ ။

ဘကြီးအောင် LA
၁၀ အောက်တိုဘာ ၊ ၂၀၂၁
( အဟောင်းတွေကို အသစ်လုပ်တင်သူတွေရှိလို့ ၊ ဒီနေ့ကစပြီး ရက်စွဲထည့်ပါတယ် )