ကျပ်ငွေဈေးကြောင့် နိုင်ငံခြားမှ တင်သွင်းရသော စားကုန်များ ပျောက်ကွယ်သွားရန် နီးကပ်လာ

ကျပ်ငွေဈေးကြောင့် နိုင်ငံခြားမှ တင်သွင်းရသော စားကုန်များ ပျောက်ကွယ်သွားရန် နီးကပ်လာ

ကြာသပတေးနေ့က ဒေါ်လာ နှင့် ကျပ်ငွေလဲလှယ်နှုန်းသည် ၃၀၀၀ ကျပ် အထိ ရောက်ရှိသွားပြီ ဖြစ်သဖြင့် ငွေကြေး အကျပ်အတည်းကြီး ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်ဟု မြန်မာ
နောင်းတွင် ရေးသားလာခဲ့သည်။ ယင်းနှင့် အတူ စူပါ မားကက်ကြီးများရှိ စင်များပေါ်တွင် လူသုံးကုန်ပစ္စည်းများ၊ နိုင်ငံခြားမှ တင်သွင်းရသော စားကုန်များ မကြာမီ လုံးဝ ပျောက်ကွယ်သွားတော့မည့် အနေအထားက တဖြေးဖြေး နီးကပ်လာနေပြီ ဖြစ်သည်။

အားလုံးက မိမိတို့၏ ဓနဥစ္စာများကို လုံခြုံစွာ သိမ်း ဆည်းထားမှ ဖြစ်တော့မည်ဟု ခံယူလာကြပြီး၊ ငွေကြေး အခက်အခဲ ဖြစ်နေသူများကလည်း မိမိတို့ စုဆောင်းထားသမျှ လက်ဝတ်ရတနာများကို ထုခွဲရောင်းချလာကြသဖြင့် ရွှေဈေး အနည်းငယ် ကျဆင်းလာသည်ဟု သိရသည်။

လက်ရှိ အကျပ်အတည်း၏ အရင်းခံ အကြောင်းတရားသည် အာဏာသိမ်းရာ မှ စတင် လာခဲ့ခြင်း ဖြစ်သဖြင့် မည်သို့မျှ ပြန်၍ ထိန်းချုပ် ၍ ရမည် မဟုတ်တော့ဟု စီးပွားရေး လုပ်ငန်းရှင်တဦးမှ မှတ်ချက်ချကြောင်း မြန်မာနောင်းတွင် ဖေါ်ပြထားသည်။

အိမ်နီးချင်း နိုင်ငံများကို လေ့လာကြည့်ပါက ငွေကြေး အတက်အကျသည် ငါးရာခိုင်နှုန်း ပတ်ဝန်းကျင်တွင်သာ ရှိသည်ကို တွေ့ရသည်။

အာဏာသိမ်း ကောင်စီ မှလည်း ကျပ်ငွေတန်ဖိုး မြင့်တက်လာရန် ကြိုးပမ်းသော်လည်း အရာမထင်၊ ယခုအခါ နောင်တော်ကြီးများ၏ ပြဌာန်းစာအုပ် အတိုင်း ပြည်ပမှ ကားတင်သွင်းမှုများကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်၊ ပြည်ပရောက် မြန်မာများထံမှလည်း အခွန်ငွေများ တိုးကောက်ရန် ကြံစည်နေပြီ ဖြစ်သည်။

မင်းအောင်လှိုင်ကတော့ သူလိုချင်သည့် အရာကို ရယူ ပိုင်ဆိုင်ခဲ့ပြီ ဖြစ်၍ ကျေနပ်နေပြီး၊ ကျန်သည်များက သူအလုပ် မဟုတ်တော့ဟု ဖြေသိမ့်နေဟန် ရှိသည်။ သို့သော် ဆယ်နှစ် အတွင်း အာဆီယံ နိုင်ငံများကို မှီအောင် လုပ်မည်ဟု သွေးရူးသွေးတန်း ပြောနေဆဲပင် ဖြစ်သည်။ ဗိုလ်ချုပ်မှုးကြီးသာ အုပ်ချုပ်လိုက်လို့ကတော့ကွာ ဟု အထင်တကြီး ရှိခဲ့ကြသူများလည်း ပါးစပ်ဟောင်းလောင်းနှင့် အငတ်ဘေးဆိုက်ကြတော့မည်သာ ဖြစ်သည်။

၎င်းတို့အဖို့ လူထု၏ ဆန့်ကျင် တွန်းထိုး ရုန်းကန်နေမှု များကို အမြဲလို ရင်ဆိုင်သွားရမည် ဖြစ်သဖြင့် စစ်အသုံးစရိတ်များ အဆမတန် ထုတ်သုံးရဖို့ ရှိနေသည်၊ ပုံမှန် အစိုးရ သဖွယ် ရပ်တည်သွားနိုင်မည် ဆိုသော မျှော်လင့်ချက်များက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤသည်ကပင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်နက်အားကိုးဖြင့် ဘာမဆို လုပ်၍ရသည်ဆိုသော အကြံအစည် ကို ရိုက်ချိုးပစ်နိုင်ခဲ့၍ အရေးတော်ပုံသည် တဝက်မက အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် မိမိတို့ အသက်ရှင် ရပ်တည်ရေးကို ‌အနှေး နှင့် အမြန် ခြိမ်း ချောက်လာနေသည့် အာဏာသိမ်း အဖွဲ့အား အမြန်ဆုံး ဖယ်ရှားပြီး အပြီးသတ် အောင်ပွဲ ခံနိုင်ရေးသည် ‌လွန်စွာမှ အရေးကြီးလာနေပြီ ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗာတီကန် ရှိ စိန့် ပီတာ ရင်ပြင်ကြီးတွင် ပြုလုပ်သော ဝတ်ပြု ဆုတောင်းပွဲ၌ မြန်မာပြည်သူများ အား မိမိတို့၏ လက်များကို မျက်ရည်သုတ်ဖို့ အတွက်သာ အသုံးမချပဲ အချင်းချင်း မြဲမြံစွာ လက်တွဲပြီး ငြိမ်းချမ်းရေး အတွက် အခက်အခဲဟူသမျှ ရင်ဆိုင်ကျော်လွှားသွားကြရန် ထည့်သွင်း ပန်ကြားသွားခဲ့သည်။

Eurasia Review စာစောင်မှ အင်ဒို-ပစိဖိတ် ဒေသအတွင်း ‌တရုတ်၏ ဩဇာကြီးထွားလာမှု ကို ဟန့်တားရန် ဖွဲ့စည်းထားသော အမေရိကန်၊ အိန္ဒိယ၊ ဂျပန် နှင့် ဩစတေးလျှ တို့ပါဝင်သည့် Quad အဖွဲ့ကြီးမှ လက်ရှိ မြန်မာအကျပ်အတည်းကို ထိန်းချုပ် ကိုင်တွယ် နိုင်သည့် အနေအထား ရောက်အောင် လတ်တလော အရေးယူ ဆောင်ရွက်သင့်သည် ကိစ္စဖြစ်လာပြီဟု ရေးသားလာခဲ့သည်။

လက်ရှိတွင် တရုတ်သည် အမေရိကန်တို့ ပြောင်ပြောင်တင်းတင်း ပါဝင် ပတ်သက်လာမည့် အရေးကို ဟန့်တားသည့် အနေဖြင့် အာဏာသိမ်း အဖွဲ့အား ဗြောင်ကျကျ ထောက်ခံခြင်း မရှိသေးပေ၊ သို့သော် စစ်ကောင်စီသည် ဒေသတွင်း တည်ငြိမ်ရေး နှင့် ၎င်းတို့၏ ခါးပတ်လမ်း စီမံကိန်းများ အတွက် အကျိုးရှိရာ ရှိကြောင်း ရေရှည် အတွက် အထောက်အကူ မပြုနိုင်မှန်း သိပြီး ဖြစ်သော်လည်း လိုရမယ်ရ ဆိုကာ ခြံစည်းရိုး ခွထိုင်နေခြင်းပင် ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ ပ‌ဋိပက္ခ တွင် အာဏာသိမ်း အဖွဲ့ လုံးဝ အနိုင်ရနိုင်စရာ လမ်းမရှိပဲ ရှေ့မတိုး နောက်မဆုတ် နှင့် ကြန့်ကြာလာဖို့သာ ရှိသည်ဟု နိုင်ငံတကာမှ လေ့လာသူများက တညီတညွတ်တည်း မှတ်ချက်ချပြီး ဖြစ်သည်ဟုလည်း ရေးသားထားသည်။

စစ်တပ်သည် လူထု ထောက်ခံမှု မရပဲ အာဏာကို
ဆက်လက် ဆုပ်ကိုင်သွားနိုင်ခြေ ရှိသော်လည်း ထိုသို့ လုပ်နိုင်ရန် လွန်စွာ မှ တန်ဖိုးကြီးကြီး ပေးရဖို့ ရှိနေသည်၊ စီးပွားရေး လုံးဝ ပြိုလဲလာပြီး နောက်ဆုံးတွင် စစ်ကောင်စီ အဖို့ ငွေကုန်သံပြာ ဖြစ်ကာ ခြေကုန်လက်ပမ်းကျသွားမည်သာ ဖြစ်သည်၊ သို့သော် ထို အနေအထား မရောက်မခြင်း မြန်မာသည် စစ်မြေပြင် အဖြစ် ဆက်ရှိနေမည် ဖြစ်သည်ဟု ရေးသားထားသည်။

ထိုအတောအတွင်း ‌နယ်စပ်ဒေသများရှိ စစ်ဘေးရှောင်များအပြင် ပြည်မကြီးရှိ လူလတ်တန်းစားများပါမကျန် ဒုက္ခသည်များ အဖြစ် ထွက်ပြေးလာနိုင်ပြီး ဒေသတွင်း လုံခြုံရေးကို ခြိမ်းချောက်လာမည့် အရေး ကို Quad အဖွဲ့ကြီး အနေဖြင့် အချိန်မနှောင်းမီ တုန့်ပြန်ဆောင်ရွက်သင့်သည်ဟု ဆောင်းပါးက တိုက်တွန်းထားသည်။

တခါက တောင်အမေရိက တွင် အချမ်းသာဆုံး ဖြစ်ခဲ့သော ဗင်နီဇွဲလား နိုင်ငံသားများသည် နယ်စပ် ဖြတ်ကျော်ကာ ကိုလံဘီယာ သို့ ထွက်ပြေးနေကြရသည့် အနေအထားမျိုး ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ ကိုလံဘီယာ နှင့် ချီလီ ကဲ့သို့ နိုင်ငံများမှ မိမိတို့ မွဲတေနေစဉ်က ထွက်ပြေးလာသူများကို ဗင်နီဇွဲလားမှ ဝမ်းပန်းတသာ လက်ခံခဲ့သည့် ကျေးဇူးကို ထောက်၍ လိုလိုလားလား ပြန်လည် အကူအညီပေးလာခဲ့သည်။ မြန်မာကတော့ ထိုသို့ အခွင့်အရေးမျိုး ရဖို့ လမ်းမရှိပေ။

မိမိအမြင်အရ ပြောရလျှင် ပို၍ ဆိုးဝါးလာသော ပြည်တွင်း အနေအထား နှင့် တရုတ်၏ စစ်ကောင်စီအပေါ် ထောက်ခံရန် စိတ်မပါ လက်မပါ ဖြစ်လာနေမှု များ အတွက် လုံခြုံရေး ကောင်စီ တွင် အဆိုတင်ပြီး နောက်တကြိမ် ထပ်ကြိုးစားရန် အနောက်အုပ်စုကို ဖိအားပေးသင့်လှသည်။

တော်လှန်ရေးကြီး အောင်မြင်ရမည်!!!

Illustration credit – Myanmar Times