ငါး နိုင်ငံ သဘောမတူလျှင် ဘာမှ လုပ်မရသော ကုလ

ငါး နိုင်ငံ သဘောမတူလျှင် ဘာမှ လုပ်မရသော ကုလ

ကမ္ဘာ လူ့အဖွဲ့အစည်း ဝင်များ စုံစည်းရာ ကုလသမဂ္ဂ ညီလာခံ ကြီး မှ မြန်မာ ပြည်သူများ၏ ကိုယ်စားလှယ် ဖြစ်သူ ဦးကျော်မိုးထွန်း အား စကားပြောခွင့် ပိတ်ပင်လိုက်ခြင်းဖြင့် မည်သည့် ပြဿနာ ကို တသက်လုံး ဖြေရှင်း နိုင်ခဲ့ခြင်း မရှိဆိုသည်ကို ထပ်မံ ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။

ကမ္ဘာတွင် ကြုံတွေ့နေရသော ပြဿနာတိုင်းကို နိုင်ငံကြီး ငါးနိုင်ငံ ထဲမှ နိုင်ငံတနိုင်ငံ က သဘောမတူလျှင် ဘာမှ လုပ်မရတော့သည့် စနစ်ကြီးဖြင့် အသက်ဆက်လာခဲ့သည်မှာ ၇၆ နှစ်ပင် တိုင်လာခဲ့ချေပြီ။

၎င်းတို့ အားလုံး သဘောတူလျှင် ကုလသမဂ္ဂ နာမည်ကောင်းထွက်သည်၊ သဘောမတူလျှင် ပြဿနာ က ကမ္ဘာ တည်သရွေ့ ရှိနေမည် ဆိုသည်ကို အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ က သက်သေ ခံနေပေသည်။ ကုလ ၏ မျက်မှောက် ရှေ့တွင်ပင် အာရပ်-အစ္စရေး စစ်ပွဲကြီး လေးကြိမ် တိုင်တိုင် ဖြစ်ပွားခဲ့သည်။ ထိုအထဲတွင် အစ္စရေး က လက်ဘနွန်ကို ဝင်ရောက် ကျူးကျော်သိမ်းပိုက်ခဲ့ခြင်း မျိုး မပါဝင်သေးပေ။

ယခု မြန်မာ ကို မည်သူကိုယ်စားပြုမည်နည်း ဆိုသည့် အရေးကိုပင် ပြေလည်အောင် ဖြေရှင်းနိုင်စွမ်း မရှိ။ ထို့အတွက် ကိုယ်စားလှယ် စီစစ်ရေး ကော်မတီသည် ၎င်းတို့အဖို့ မဲခွဲ ဆုံးဖြတ်ရမည် အရေးအား မလိုလား သဖြင့် ပြဿနာ ကို ခေတ္တခေါက်ထားဖွယ် ရှိနေ၍ ၎င်းတို့ထံမှ ဆုံးဖြတ်ချက် ထွက်မလာ မချင်း မိမိသည် နောက်နှစ် စက်တင်ဘာ ၂၂ ရက်ထိ

သံအမတ်ကြီး အဖြစ် ဆက်ရှိနေဖို့များသည်ဟု ဦးကျော်မိုးထွန်းက သူ၏ အမြင်ကို ထုတ်ဖေါ် ပြောဆိုလာခဲ့ခြင်းဖြစ်သည်။သမ္မတ ဘိုင်ဒင်၏ diplomacy first ဆိုသည့် မူဝါဒ ကြောင့် မြန်မာ အရေးသည် သောင်မတင် ရေမကျ ဖြစ်သွား ခဲ့ရသည်။ ထိုထက် ပို၍ နင်းချေ ခံခဲ့ရသည်မှာ ကနေဒါ ၏ တရားစီရင်ရေး စနစ်ပင် ဖြစ်သည်။

ဟွာဝေး ဘဏ္ဍာ ရေး တာဝန်ခံ အမျိုးသမီးကို ဖမ်းဆီး တရားစွဲဆိုသည့် အဖြစ်မှ ပြန်လွှတ်ပေးခဲ့ရပြီး သူမအား တရုတ်ပြည်တွင် သူရဲကောင်းကြီးပမာကြိုဆိုခြင်း ခံခဲ့ရသည်။ တရုတ်မှ ဖမ်းထားသော ကနေဒါ နိုင်ငံသား နှစ်ဦး ကို ပြန်လွှတ် ပေးလိုက်ခြင်းဖြင့် ဓါးစာခံ အလဲအလှယ် လုပ်ခဲ့မှုကြီးမှာ အထင်အရှား ဖြစ်လာနေသည်။

ယခုအခါ အာဏာသိမ်း အဖွဲ့သည်လည်း အမေရိကန် သတင်းစာဆရာ ဒင်နီ ဖန်စတာ အား အကြောင်းမဲ့ ဖမ်းဆီး ထားဆဲ ဖြစ်ပြီး ဘိုင်ဒင်နှင့် အပေးအယူ လုပ်နိုင်ရန် ချောင်းနေဆဲပင် ဖြစ်သည်။

ကုလသမဂ္ဂ သည် နာမည်ပျက်မတတ် အခြေအနေ ရောက်လာသည်ကို အာဏာသိမ်း အဖွဲ့က ကောင်းစွာ ရိပ်စား မိပြီး ဖြစ်၍ မိမိတို့၏ ကျွန်ဘဝမှ လွတ်မြောက်ရေး အတွက် ခုခံစစ် ဆင်နွှဲနေသော ပြည်သူ တော်လှန်ရေး တပ်ဖွဲ့ များနှင့် အရပ်သားများကို လေယာဉ်များဖြင့် ရက်ရက်စက်စက် တိုက်ခိုက် ချေမှုန်းလာခဲ့ကြသည်အထိ အတင့် ရဲလာခဲ့သည်မှာ

ငြင်း၍မရသည့် သက်သေ အထောက်အထားပင် ဖြစ်သည်။ ထို့အပြင် တော်လှန်ရေး တပ်ဖွဲ့များ ကိုထောက်ခံနေသည့် ရွာများအား ၎င်းတို့ သတ်မှတ်ပေးထားသည့် နေရာများသို့ ပြောင်းရွှေ့ခိုင်းနေသည့် သတင်းများလည်း ထွက်ပေါ်လာသည်။

ဤသည်ကား မလေးရှား ကျွန်းဆွယ်တွင် ဗြိတိသျှ တို့ ကွန်မြူနစ် သူပုန်များ အပေါ် ကျင့်သုံးခဲ့သော တန်ပြန် ပြောက်ကျားစစ်ဆင်ရေး နည်းဗျူဟာ ကို ထုတ်သုံးလာကြခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့ လိုက်မလုပ်နိုင် သည်မှာ ဗြိတိသျှ တို့ မှ လူထု ထောက်ခံမှုရရန် မဆုပ်မနစ် စည်းရုံးလှုပ်ရှားခဲ့ပုံများ ပင် ဖြစ်သည်။

အင်တာနက် နှင့် ဖုန်းလိုင်း များ ဖြတ်တောက်ပြီး ပင်လယ်ဘူး၊ ဝန်းသို နှင့် ကောလင်း ဒေသများ တွင် စစ်ကောင်စီ တပ်များ၏ ထိုးစစ်ကို ရွတ်ရွတ်ချွံချွံ ခုခံ နိုင်ခဲ့ကြပြီ ဖြစ်သည်။ အများပြည်သူတို့က မယုံကြည် လက်မခံသရွေ့ မရသရွေ့ မည်မျှပင် အင်အားကြီးပါစေ ကျဆုံးကြရစမြဲပင် ဖြစ်သည်။

အာဏာသိမ်း ခေါင်းဆောင်၏ နှုတ်ဖျားမှထွက်လာသော စကားမှန်သမျှသည် ကမောက်ကမ ကြီးသာ ဖြစ်နေပြန်၍ ပြည်သူများ၏ တစထက်တစ ရွံရှာ မုန်းတီးလာနေကြပြီ ဖြစ်သည်။အာဏာသိမ်းတပ်များသည်လည်း ရေရှည်စစ်ပွဲကြီး ဆင်နွှဲပြီး အာဏာကို ဆက်လက် ဆုပ်ကိုင်သွားနိုင်ရေး မှ အပ အခြား ရွေးချယ်စရာနည်းလမ်း ကုန်ခမ်း လာနေသည်နှင့် အမျှ ၎င်းတို့အတွက် လွန်စွာ လိုအပ်လာနေသော

လောင်စာဆီများကို ပြည်ပမှ မှာယူ သိုလှောင်နေပြီ ဖြစ်သည်။ ပြည်တွင်းဈေးကွက် အတွက်ကို ၎င်းတို့မှာ စိတ်ဝင်စားဖို့ အချိန်မရှိပေ။ ကားမစီးနိုင်လျှင် စက်ဘီးနှင့် သွား၍ ရသည်ဟု သဘောထားလာကြသည်။

အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ကိုယ် ၎င်းတို့လည်း နိုင်ငံတကာ၏ အသိအမှတ် ပြုခံရရေးကို တွန်းတွန်း တိုက်တိုက် လုပ်ရန် စိတ်မကူးတော့ ဆိုသည်ကိုလည်း ပြဆိုနေသည်။ လက်ရှိ အတိုင်း ဗိုလ်နေမြဲ ကျားနေမြဲ သွားမည်၊ နောက်ပိုင်း တွင် ကြပ်တည်းမှု ပေါင်း များစွာ နှင့် ရင်ဆိုင်လာရသည့်အခါ လူထုသည် သူတို့ထံ ဒူးထောက်လာမည် ဟု အပိုင်

တွက်ဆထားခဲ့ကြပြီး ဖြစ်သည်။ထိုသို့ မှားမှားယွင်းယွင်း ယူဆနေမှုများ ကြောင့်ပင် ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်း ပြန်စွပ်ခံရမည့် အရေးကို စဉ်းစားနိုင်စွမ်း မရှိကြတော့ပေ။

တဖက်တွင်လည်း မြန်မာပြည်သူတို့၏ မျှော်လင့်ချက်များသည် နွေဦးတော်လှန်ရေး အောင်မြင်မှ ဖြစ်မည် ဆိုသည် အပေါ် ပုံအောထားနေကြသည်။

သို့သော် ဆာလောင်မွတ်သိပ်စွာ ငိုကြွေးနေသော ကလေးငယ်များ၏ ငိုသံကို အဘယ်မည်သော တော်လှန်ရေး သမားမျိုးက တောင့်ခံ နိုင်ပေဦးမည်နည်း။

ယခုပင် နိုင်ငံကူးလက်မှတ် ရုံးရှေ့တွင် လူတန်းကြီးက မြင်မကောင်း အောင် ဖြစ်လာနေသည်။ မျှော်လင့်ချက် ကင်းမဲ့လာသူများ အဖို့ ကောက်ရိုးမျှင် တမျှင် ကို အားကိုးတကြီး ဖမ်းဆုပ်ယူနေကြခြင်းဖြစ်သည်။

ပြည်သူတို့၏ တော်လှန် အုံကြံမှု အရှိန်အဝါသည် ခိုင်ခံ့သည်ထက် ခိုင်ခံကြီးမားလာနေသော်ငြားလည်း NUG ဖက်တွင် ရေရှည်စစ်ပွဲ ဆင်နွှဲ နိုင် လောက်သည့် အခွင့်အရေး နည်းသည်ထက် နည်းလာနေသည်ကို ကြိုတင် စဉ်းစား သင့်သည်ဟု ယူဆမိသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာ၊ အာဖဂန်နစ္စတန် နှင့် အီသီယိုပီးယား နိုင်ငံသားများအတွက် ငြိမ်းချမ်း ရေး နှင့် တည်ငြိမ်မှု ရရှိရေးဆိုသည်မှာ ဝေးကွာလှသော အိမ်မက်များ ဖြစ်လာနေသည်ဟု သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

ကုလ သမဂ္ဂ အနေဖြင့် မိမိတို့၏ အကြပ်အတည်းကို ဖြေရှင်းပေးနိုင်စွမ်း မရှိ ဟု မည်သူတဦး တယောက်မှ ယုံကြည်ချင်း မခံရ ဖြစ်လာနေချိန်တွင် ပြုပြင် ပြောင်းလဲရန် အချိန်တန်လာပြီ ဖြစ်သည်။ အနည်းဆုံး လုံခြုံရေး ကောင်စီတွင် ဗီတို သုံးပြီး တင်သွင်းလာသည့် အဆိုကို ပယ်ချခံရတိုင်း

အထွေထွေ ညီလာခံ ရှိ အဖွဲ့ဝင် ၁၉၃ နိုင်ငံ၏ မဲခွဲမှု ဖြင့် အဆုံး အဖြတ် ပေးရမည်ဟူသော ပြင်ဆင်ချက်ကို အနည်းဆုံးတော့ ပြုလုပ်သင့်လှပေသည်။

တော်လှန်ရေးကြီး မုချအောင်ရမည်!!!

Hla Soe Wai