မိန်းကလေးတိုင်း သိထားသင့်တဲ့ အမှန်တရားတွေများလား

ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် မင်္ဂလာဆောင်ဖို့ ပြင်ဆင်ကြတယ်။ ယောက်ျားမှာ စုထားတဲ့ငွေ သိန်း ၂၅ဝရှိတယ်၊ မိန်းမမှာက သိန်း ၂ဝဝရှိတယ်။ (ကိန်းဂဏန်းတစ်ခုအဖြစ် ရေးပါတယ်)

မင်္ဂလာမဆောင်ခင် ယောက်ျားရဲ့ပိုက်ဆံနဲ့ အိမ်ခန်းတစ်ခန်း အရစ်ကျဝယ်လိုက်တယ်၊ မိန်းမရဲ့ပိုက်ဆံကို အိမ်အပြင်အဆင် အသုံးအဆောင်တွေအတွက် သုံးလိုက်တယ်။

မင်္ဂလာဆောင်ပြီးတဲ့နောက် ယောက်ျားက သူရတဲ့လခထဲကနေ လစဉ်အိမ်ခန်းခအရစ်ကျဆပ်တယ်၊ကျန်ငွေကိုစုတယ်။ မိန်းမက သူရတဲ့လခနဲ့ နေအိမ် စားဝတ်နေရေးအတွက်သုံးတယ်၊ ကျန်တာကိုစုတယ်။

၃နှစ်လွန်တော့ မိန်းမ မှာကိုယ်ဝန်ရှိလာတယ်၊ ကလေးမွေးချိန်မှာယောက်ျားရာထူးတိုးတယ်၊ လခလည်းတိုးသွားတယ်။ကလေးကိုပြုစုဖို့ လူလိုလာတယ်။

ကလေးထိန်းခေါ်ရင် ပိုက်ဆံပေးရမယ့်အတူတူ နှစ်ယောက်လုံး သေချာတိုင်ပင်ပြီးတဲ့နောက်မှာ မိန်းမကအလုပ်ထွက်ပြီး ကလေးကိုပြုစုစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။

မိန်းမဟာ ကလေးနဲ့ယောက်ျားကိုပြုစုတဲ့ အိမ်ရှင်မလုံးလုံးဖြစ်သွားတယ်။၁ဝနှစ်အကြာမှာ ယောက်ျားက ရာထူးတိုးသထက်တိုးပြီး အောင်မြင်တဲ့သူတစ်ဦးဖြစ်လာခဲ့တယ်။

မိန်းမက နေ့တိုင်း ကလေး၊ ယောက်ျား၊ အိမ်မှုကိစ္စနဲ့ပဲ ပတ်ချာလည်နေခဲ့ပြီး အပြင်အဆင်မရှိတဲ့အပြင် ရုပ်ပါကျလာခဲ့တယ်။ဒီလိုအချိန်မှာ ယောက်ျားက မိန်းမကိုအပြင်ခေါ်ထွက်လို့မရတော့ဘူး (လူပြလို့မရတော့ဘူး)လို့ ထင်လာခဲ့တယ်။

အဲဒီလိုနဲ့ ပြင်ပလောကရဲ့ ဆွဲငင်ညှို့ယူမြူဆွယ်မှုအောက်မှာ အငယ်အနှောင်းထားတတ်လာခဲ့တယ်။ မိန်းမသိသွားတဲ့အခါ ရန်ဖြစ်ကြ၊ ငိုကြတော့တယ်။

နောက်ဆုံးမှာ နှစ်ယောက်စလုံးရဲ့နှလုံးသားတွေ နာကျင်ခဲ့ရပြီး ကွာရှင်းပြတ်စဲဖို့အထိ ဖြစ်လာခဲ့တယ်။အိမ်ထောင်ရေးဥပဒေသစ်က ဒီလိုဆိုပါတယ်။

အိမ်ခန်းကို ယောက်ျားက မင်္ဂလာမဆောင်ခင် ဝယ်ယူထားတာမို့ မိန်းမနဲ့လုံးဝမဆိုင်ဘူးလို့ ဆိုတယ်။ ဒါကို မိန်းမက မကျေနပ်ဘူး… နှစ်ယောက်အတူ ရုန်းကန်ခဲ့ပါတယ်လို့ ပြောတယ်။

ရှေ့နေက ဒီလိုဆိုရင် နှစ်ယောက်အတူ အိမ်ခန်းခအကြွေးဆပ်ခဲ့တဲ့ သက်သေရှိသလားလို့ မေးတယ်။ မရှိပါဘူး… အိမ်ခန်းခကို ယောက်ျားရဲ့လခထဲကနေပဲဖြတ်ခဲ့လို့ဖြစ်တယ်။

ဒီလိုဆိုရင် ကလေးကို ကျွန်မကပဲမွေးပြီး ကျွန်မကပဲထိန်းကျောင်းခဲ့တာမို့ ကျွန်မနဲ့ဆိုင်တယ်လို့ မိန်းမကပြောတယ်။ ရှေ့နေ့က .. ကလေးရဲ့ကြီးပြင်းရှင်သန်ဖို့ကို ဦးစားပေးပြီး ဘယ်သူနဲ့ဆိုင်တယ်ဆိုတာကို ဆုံးဖြတ်ရတယ်လို့ဆိုတယ်။

မိန်းမမှာက အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိတာကြောင့် ကလေးရဲ့ကျန်းမာရေး၊ ကြီးပြင်းရေးကို တာဝန်ယူနိုင်မှာမဟုတ်လို့ ယောက်ျားနဲ့ပဲဆိုင်ကြောင်း တရားရုံးကချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုအချိန်မှာ မိန်းမမှာ အိမ်မရှိ၊ အလုပ်အကိုင်မရှိ၊ ကလေးလည်းမရှိတော့ပါဘူး။လောကတစ်ခုလုံး မှောင်အတိကျသွားပြီလို့ သူမျှော်လင့်ချက်မဲ့သွားခဲ့ရပါတယ်။ယောက်ျားကတော့ ဘဝသစ်တစ်ခုကို စတင်နေပါပြီ။

မိန်းကလေးတို့ရေ…..သင့်တစ်သက်တာပျော်ရွှင်မှုကို တခြားလူအပေါ် ပုံချရဲပါသလား။ဒီလောကမှာ ဘယ်သူ့ကို ဘဝတစ်သက်တာ သင်မှီခိုလို့ရနိုင်မလဲ။သင့်အရိပ်ကတောင် အမှောင်လာတာနဲ့ သင့်အပါး ဖယ်ခွာသွားတာပဲမဟုတ်လား။

သင့်ကို စစချင်းမှာ သူတကယ်ချစ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ဒါပေမယ့် မိန်းကလေးအများက အရေးပါတဲ့အချက်တစ်ချက်ကို လျစ်လျူရှုမိတတ်ကြပါတယ်။ အဲဒါကတော့ “လူဆိုတာ အသက်ရှင်နေသရွေ့ပြောင်းလဲတတ်တယ်” ဆိုတာပဲဖြစ်တယ်။

မိန်းကလေးဆိုတာ ကိုယ်ပိုင်အလုပ်တစ်ခုနဲ့ လွတ်လပ်မှုရှိမှ တကယ့်ကိုယ်တိုင်ဘဝအမှန်အဖြစ် ရှင်သန်နိုင်တာဖြစ်ပါတယ်။ အလုပ်ဆိုတိုင်းလည်း ဝင်ငွေရှိတဲ့အလုပ်၊ ဝင်ငွေများတဲ့အလုပ်ကို ဆိုလိုတာမဟုတ်ပါဘူး၊

ကိုယ်ဝါသနာပါတဲ့အလုပ်ပဲဖြစ်ဖြစ်၊ ပရဟိတအလုပ်ပဲဖြစ်ဖြစ်ပေါ့။ လူတိုင်းက ကောင်းတဲ့အရာကို ကြိုက်နှစ်သက်တတ်ကြပါတယ်။ ဘယ်သူကမှ မပြင်မဆင်၊ တိုးတက်လိုစိတ်မရှိ၊ ဘဝမှုန်တေတေ၊ ယိုယွင်းကျဆင်းနေတဲ့လူနဲ့နေ့တိုင်းမျက်နှာချင်းဆိုင်ချင်ကြမှာ မဟုတ်ပါဘူး။

မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ကျသွားပြီဆိုတာနဲ့ အရာအားလုံး ပြီးဆုံးသွားတာမဟုတ်ပါဘူး။ အိမ်ထောင်ရေးအပြင် သူငယ်ချင်း မိတ်ဆွေ၊ ကိုယ်ဝါသနာပါ နှစ်သက်တဲ့အလုပ်အကိုင်၊ သင်ယူမှုတွေ…. ရှိသင့်ပါသေးတယ်။မိန်းမတစ်ယောက်မှာ အသက်သုံးမျိုးရှိသတဲ့။

တစ်ခုက မွေးစာရင်းထဲက အသက်၊ ဒီအသက်က ပြောင်းလဲလို့ မရပါဘူး။နောက်အသက်တစ်ခုက စိတ်နဲ့ဆိုင်တဲ့ အသက်ဖြစ်တယ်။ စိတ်ပျိုကိုယ်နုဆိုတဲ့ စကားလည်းရှိတာပဲမဟုတ်လား။ ဒီအသက်က ကိုယ့်စိတ်နေသဘောထားနဲ့ ဆိုင်ပါတယ်။

နောက်အသက်တစ်ခုက အသိပညာအသက်ဖြစ်တယ်။ လူတိုင်း အိုတတ်ကြတာပါပဲ။ အိုမင်းခြင်းကို လူတိုင်းမလွန်ဆန်နိုင်ပါဘူး။ ဒါပေမယ့် အသိပညာနဲ့ လှလှပပအိုမင်းသွားကြသူတွေကို တွေ့ဖူးကြလိမ့်မှာပေါ့။ မိန်းကလေးတစ်ယောက်ရဲ့ အသိပညာ၊ ဗဟုသုတဆိုတာ စာဖတ်ခြင်းကဖြစ်လာသတဲ့။

မိန်းကလေးတို့ရေ…..မိန်းကလေးတစ်ယောက်က သူ့လောကကြီးကို သူအလှဆင်ရင် အဲဒီလောကကြီးကို ယောက်ျားက နှစ်သက်လိမ့်မယ်။ မိန်းကလေးတစ်ယောက်က သူ့လောကကို သူအလှမဆင်တော့ရင် ယောက်ျားက တခြားလောကကို သွားနှစ်သက်တတ်ပါတယ်တဲ့။

ဒါကြောင့် ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ။ တိုးတက်လိုစိတ်ရှိပါ။ ကိုယ့်ကိုယ်ကို နည်းနည်းပြင်ဆင်ပါ။ ကလေးတစ်ယောက်မွေးပြီးတာနဲ့ ဝဖြိုးသွားတာမျိုး၊ အိမ်နေဝတ်၊ အိမ်ပြင်ဝတ်မခွဲတော့တာမျိုး၊ နဂို နူးညံ့သိမ်မွေ့တဲ့အပြုအမူတွေ ပျောက်ဆုံးသွားတာမျိုး မဖြစ်စေပါနဲ့လို့…။

Crd-Original Post