မိဘတွေ မကြောက်ရတဲ့ သားသမီးများဖြစ်ကြပါစေ

အိမ်ကိုလာလည်တဲ့သမီးလုပ်သူပြန်သွားတော့ဒေါ်မြတ်မွန်တစ်ယောက်သူ့ယောက်ျားကိုလှမ်းပြောလိုက်တယ်။

“အဖေကြီးရယ်အစောကကျမသမီးကိုပြောလိုက်တဲ့စကားကိုသမီးမကြိုက်ဘူးထင်တယ်မျက်နှာပျက်သွားတယ်။

ကျမလေခုအသက်ရလာတော့သားသမီးတွေကိုကြောက်လာတယ်။”ဒီစကားကိုဒေါ်မြတ်မွန်ရဲ့ခင်ပွန်းဦးထင်ကျော်ကကြားတော့

“အေးကွအမေကြီး ရသားသမီးတွေကကြီးလာတော့သူတို့ဘာသာရပ်တည်နိုင်မိဘတွေကအိုမင်းလာတော့ကိုယ့်ဟာနဲ့ကိုယ်မရပ်တည်နိုင်သူတို့ကိုမှီခိုစားသောက်နေထိုင်ရပြီ။

အဲလိုအခါမျိုးမှာမသိမလိမ်မာတဲ့သားသမီးတွေကမိဘကိုအရာမသွင်းမထီလေးစားလုပ်တော့တာ။

ဆူရင်ဆူ၊အော်ရင်အော်၊ငေါက်ရင်ငေါက်ပေါ့ကွာ။တို့မိဘတွေမှာမျက်နှာငယ်လေးနဲ့နေရကြောက်ရတာပေါ့ကွာ။

ဒါပေမဲ့နေပါအုန်း ကိုယ်တို့ကကိုယ့်အိမ်ကိုယ်နေကိုယ့်လုပ်စာကိုယ်စားနေတာအသက်ကြီးပြီဆိုပေမဲ့၆၀ကျော်သန်တုန်းမြန်တုန်းပါကွ••ဘာကြောက်ရမှာလဲ။

ကိုယ့်အိမ်ကိုယ်နေပြီးကိုယ့်လုပ်စာကိုယ်စားနေတာသူတို့ကိုမှီခိုကပ်နေ၊စားနေရတာလဲမဟုတ်ကွာ။ကိုယ်ကတော့သားသမီးလုပ်စာစားရမှာသိပ်ကြောက်တာ။

ဒါကြောင့်သားသမီးကိုအားကိုးစရာမလိုဘဲနေနိုင်စားနိုင်အောင်ကြိုးစားခဲ့တာ ဘာကြောက်စရာရှိလဲ။”

ဦးထင်ကျော်ကမိန်းမဖြစ်သူအားမငယ်အောင်မာန်ပါပါပြန်ပြောလိုက်ပါတယ်။ဒေါ်မြတ်မွန်က…

“အဖေကြီးပြောတာကတော့ဟုတ်ပါတယ်။ကျမကလေသားသမီးတွေကိုငယ်ကလိုကလေးလို့ပဲမြင်ပြီးမကြိုက်တာတွေ့ရင်ပြောချင်တယ်။

ဆိုစရာရှိရင်ဆိုချင်တယ်။မတ်တောနဲ့ပါ။ဒါပေမဲ့သူတို့မကြိုက်ဘဲဖြစ်ပြီးပြန်ပြော၊ခံပြောနှတ်လှံထိုးမှာ၊

အဲလိုမဟုတ်တောင်သူတို့စိတ်ထဲကနေငြိုငြင်ပြီးသူတို့အပြစ်ဖြစ်မှာကိုကြောက်တာပါ။သူတို့ကိုကြောက်တာမဟုတ်ပါဘူး။”

သည်တော့မှဦးထင်ကျော်က”အော်သည်လိုလား•••အဲသည်လိုကြောက်ရင်ကြောက်ပါကွာအဲဒါမျိုးကတော့ကိုယ်လည်းကြောက်ပါတယ်။

တို့သိထားဖို့ကကိုယ့်သားသမီးတွေကိုငယ်စဉ်ကကလေးလိုပဲမြင်ပြီးသဘောထားပြီးအစစအရာရာလိုက်မပူလိုက်မပြောနဲ့တော့ပေါ့ကွာ

သူတို့ကလည်းသူတို့အရွယ်ရောက်လာရှာလာနိုင်ကိုယ့်ဘာသာရပ်တည်လာနိုင်တော့ သူတို့မာနမာန်တွေရှိလာကြတယ်ကွ။

သူတို့သိတယ်တတ်တယ်နားလည်တယ်ပြောစရာမလိုဘူးလို့ဖြစ်လာတတ်တယ်။သားသမီးတိုင်းတော့မဟုတ်ပါဘူး

အသိအလိမ်မာနည်းပါးတဲ့သားသမီးတွေဖြစ်တတ်တာပေါ့ကွာ။””အဲဒါဆိုကျမတို့ကအမြင်မတော်ရင်မပြောရတော့ဘူးလားကျမတို့ကမိဘတွေလေ။”

“အေးပါကွာ မိဘဖြစ်နေပြီးသားသမီးလမ်းမှားတာကိုမပြောပြန်ရင်လည်းမိဘကောင်းမပီသရာကျတယ်။

အဲသည်တော့ကွာသူတို့မကြိုက်ဘူးထင်ရင် မြင်တိုင်းမပြောနဲ့မလွှဲမရှောင်သာမှပြောအရိပ်အခြေကြည့်ပြောပေါ့ဟုတ်ဘူးလား။”

“ကောင်းပါပြီရှင်ငယ်တုန်းကတော့သူတို့ကမိဘဆူမှာရိုက်မှာငြိုငြင်မှာကြောက်ခဲ့ရတာ။ခုကျမတို့ကတစ်ခါပြန်ကြောက်ရတာပေါ့။ဟုတ်ဘူးလား။”

ဒေါ်မြတ်မွန်ကထေ့သလိုပြန်ပြောလာတယ်။ဦးထင်ကျော်က…

“သူတို့ကြောက်တာနဲ့တို့ကြောက်တာမတူပါဘူးကွာတို့ကသူတို့ငယ်ငယ်က သူတို့လေးတွေပညာမတတ်မှာကြီးလာရင်ကိုယ့်ဘာသာမရပ်တည်နိုင်မှာကြောက်ပြီးပြောခဲ့ဆူခဲ့ကြတာ။

ခုကြီးလာတော့မိဘကိုကလန်ကဆန်လုပ်ပြီးသူတို့အပြစ်ဖြစ်မှာကြောက်ရပြန်ရော။တို့ကကြောက်နေရတဲ့မိဘတွေပေါ့ကွာ။”ဆိုတော့

“အင်းပါ့လေ သူတို့ကိုမှီခိုကပ်ရပ်နေရလို့ကြောက်နေရတာနဲ့စာရင်ခုကြောက်ရတာကတော်ပါသေးတယ်။”

ဒေါ်မြတ်မွန်တစ်ယောက်သဘောပေါက်သွားလို့ထင်ရဲ့မျက်နှာသေလေးနဲ့အခန်းထဲဝင်သွားပါတော့တယ်။

မိဘတွေမကြောက်ရတဲ့သားသမီးများဖြစ်ကြပါစေသော်…။

Crd-Original Post